သူပုန်ကျောင်းသားတဦးရဲ့ မာရသွန်ခရီး(ABSDF ဥက္ကဌ ရဲဘော်သံခဲ၏ အမှာစာ)

0
589
ဓာတ်ပုံ - HAK...Book

ရဲဘော်ထက်အောင်ကျော် —– သို့

ကိုထက်အောင်ကျော် (ခ) ကိုဝင်းထိန်ခင်ဗျား . . .

၁၉၈၈ စစ်တပ်အာဏာသိမ်းပြီးတော့ ခင်ဗျားတို့က မြန်မာပြည်တောင်ပိုင်း ထိုင်းနယ်စပ် မင်းသမီးစခန်းကိုရောက်တယ်။ ကျန်နော်တို့က အနောက်ပိုင်း မဏိပူယတောင်တန်းပေါ်က လိုင်ခူးစခန်းကို ရောက်တယ်။ တကယ့်တောင်နဲ့ အနောက်။ စာသင်ခန်းထဲကနေ တောထဲကိုရောက်ခဲ့ကြတဲ့ ကျန်နော်တို့တတွေဟာ တော်လှန်ရေးဆိုတဲ့ ကျောင်းတော်ကြီးမှာ ခေါင်းစဉ်တပ်လို့တောင် လိုက်မမှီတဲ့ ဘာသာဗေဒပေါင်းစုံကို သင်ကြားခဲ့ရတာတွေလည်း အတူတူပါပဲ။

ကျနော်တို့က ရခိုင်၊ ဇိုမီး၊ ကွတ်ကီး၊ ချင်း၊ နာဂ၊ ကသည်း၊ ကချင်၊ ရှမ်း တိုင်းရင်းသားတွေနဲ့ လက်တွဲနေတဲ့အချိန်မှာ ခင်ဗျားတို့က ကရင်၊ ကရင်နီ၊ မွန်၊ ရှမ်း၊ ပလောင်၊ ပအို့ဝ်၊ ဆလုံ၊ ထားဝယ်ဒေသခံတွေနဲ့ ချီတက်နေကြတာ၊ တယောက်နဲ့တယောက် တဖက်နဲ့တဖက် ဘယ်လိုမှဆက်စပ်လို့မရတဲ့ အခြေအနေ။ ဒါပေမဲ့ စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး၊ ဒီမိုကရေစီရေး၊ လူ့အခွင့်အရေး၊ ငြိမ်းချမ်းရေးနဲ့ ဖက်ဒရယ်စနစ်တည်ဆောက်ရေးဆိုတဲ့ နိုင်ငံရေးဦးတည်ချက်ကတော့ ကျနော်တို့ကိုယ်စီရင်ထဲမှာ ထုတ်ပိုးသိမ်းဆည်းရင်း မကဒတ (ကျောင်းသားတပ်မတော်)ဆိုတဲ့ ခွပ်ဒေါင်းအလံတော်ကို သယ်ပိုးခဲ့ကြတာတခုကတော့ မကွဲပြားခဲ့ကြဘူး။ ဒါဟာ ၁၉၈၈-၈၉ ကနေ ၁၉၉၇ ခုနှစ်အထိ ခင်ဗျားနဲ့ကျနော်ကြားက ဆက်ဆံရေးပုံစံ။

လူချင်းစတွေ့ကြတာကတော့ ပေါင်းစည်းရေးညီလာခံအပြီး မယ်ရယ် အရေးပေါ် ဗဟိုကော်မတီအစည်းအဝေးမှာလို့ မှတ်မိနေတယ်။ အဲဒီချိန်က ကျနော်ဟာ ကချင်ဘက်ကနေ ရှမ်းပြည်ကတဆင့် ထိုင်းနယ်စပ်ကိုရောက်နေတဲ့အချိန်။ ဗဟိုကော်မတီထဲမှာ ဆုံဖူးမြင်ဖူးတဲ့လူဆိုလို့ ဒေါက်တာနိုင်အောင် (ကျောင်းတုန်းက တွေ့ခဲ့မြင်ခဲ့ဆုံးဖူးခဲ့)၊ ကိုမိုးသီးဇွန် (လူ့ဘောင်သစ်စည်းရုံးရေး ကျောက်ဆည်ခရီးတုန်းက အိမ်မှာရောက်ခဲ့ဖူး)၊ ကိုမျိုးဝင်း (၁၉၉၃ ပါဂျောင်တွင် ဆုံခဲ့ဖူး)နဲ့ ကိုလှဌေး (၁၉၉၃ ပါဂျောင်တွင် ဆုံခဲ့ဖူး)တဲ့ လေးဦးပဲရှိတယ်။ ခင်ဗျားအပါအဝင် ကျန်တဲ့ဗဟိုကော်မတီတွေ၊ တပ်မှူးတွေအားလုံးဟာ ကျနော့်အတွက်တော့ အားလုံးမိတ်ဆွေသစ်တွေပါပဲ။ ဒါပေမဲ့ ကျနော်တို့ကြားမှာ သူစိမ်းမဆန်ခဲ့ကြပါဘူး။ အားလုံးဟာ ကျောင်းသားသမဂ္ဂသီးချင်းနဲ့ အရေးကြီးပြီသီချင်းကို သံပြိုင်ဟစ်နိုင်တဲ့သူချည်း မဟုတ်လားဗျာ။

အဲဒီ မယ်ရယ် အရေးပေါ်ဗဟိုကော်မတီအစည်းအဝေးမှာ ခင်ဗျားက ဗဟိုကော်မတီတယောက်အနေနဲ့ တောင်ပိုင်းက အဖွဲ့နဲ့အတူတက်လာခဲ့တယ်။ ကျနော်ကတော့ ဗဟိုကော်မတီစည်းဝိုင်းနှုတ်ခမ်းပေါ်မှာ လေ့လာသူအဖြစ် ကိုနိုင်အောင်နဲ့ ကိုမိုးသီးတို့က တက်သင့်တယ်တိုက်တွန်းလို့ လေ့လာသူအဖြစ် တက်ခွင့်ရခဲ့တာပါ။ မှတ်မိနေတာကတော့ တောင်ကုန်းအောက်က အဘဦးထွန်းကျော်တဲမှာ လေ့လာသူအဖြစ် တက်ခွင့်ရဖို့ ဗဟိုကော်မတီအစည်းဝေးရဲ့ ဆုံးဖြတ်တာကို ထိုင်စောင့်ခဲ့ရတဲ့အဖြစ်ကိုပဲ။

အဲဒီ မကဒတ (ဗဟိုကော်မတီ) အစည်းအဝေးဟာ လေ့လာသူတယောက်ဖြစ်တဲ့ ကျနော့အတွက်ကတော့ အထူးအခွင့်အရေးပဲလို့ ဆိုရမယ်။ ကျနော်တို့ရဲဘော်ရဲမေတွေရဲ့ ဆွေးနွေးပြောဆိုမှုတွေကိုကြည့်ပြီး သူတို့ရဲ့စကားအသုံးအနှုံးတွေ၊ လေယူလေသိမ်းတွေဟာ ဒေသတခုနဲ့တခု မတူတာနဲ့အမျှ တင်ပြသူရဲ့အယူအဆ၊ အတွေးအခေါ်တွေနဲ့ ခံယူချက်တွေကိုမှန်းဆပြီး အဲဒီသူရဲ့ ပုံရိပ်ကြမ်းကို ဖော်ယူရတာ။ လူသစ်တယောက်ဖြစ်တဲ့ ကျနော်တော့ အတော်စိတ်ဝင်စားခဲ့ရတာအမှန်ပဲ။ တကယ့် ပန်းရောင်စုံတွေ အပြိုင်ပွင့်နေသလိုပါပဲ။ လူပုံစံတွေကလဲ “ဝ”ယူနီဖောင်း၊ ကမ္ဘောဒီးယားယူနီဖောင်း၊ အမေရိကန်ယူနီဖောင်း၊ အပေါ်အောက် စပ်ကြားရော၊ အစုံလိုက်ရော၊ ဖားတပိုင်းငါးတပိုင်းနဲ့ရော၊ အရပ်ဝတ်နဲ့ရော၊ စတစ်ကော်လံ အပျံစား၊ ဘောင်းဘီတို/ရှည်နဲ့ရော၊ ပုဆိုးနဲ့ရော၊ တကယ့်ပီတိ တောတွင်းတွေ့ဆုံပွဲပါပဲ။

နောက်ပြီး အဲဒီမှာ အားကစားသမားပုံပေါက်နေတဲ့ ကြံ့ခိုင်တဲ့ခန္ဓာကိုယ်၊ ကင်မရာအကောင်းစားတလုံးနဲ့ ထားဝယ်သံဝဲဝဲနဲ့ တခါတလေ ထပြီးဆွေးနွေးတတ်တဲ့ တောင်ပိုင်းဗဟိုကော်မတီထဲက ရဲဘော်ထက်အောင်ကျော်ဆိုတဲ့ ခင်ဗျားကို သတိထားမိခဲ့တယ်။ ကျနော်ကတော့ လေ့လာသူတယောက်အနေနဲ့ပြောချင်၊ ဆွေးနွေးချင်၊ သဘောထားပေးချင်ရင်တောင် အတိုင်းအရှည်ကြည့်ပြီး ပြောနေရသေးတာပါ။ နောက်ပြိး တရားဝင်မဲခွဲ၊ သဘောထားကောက်ခံမှုတွေထဲမှာ ကျနော်ပါဝင်ခွင့်မရှိပါဘူး။ အဲဒီချိန်မှာ ခင်ဗျားတို့ဟာ စီနီယာဗဟိုကော်မတီဖြစ်နေကြပါပြီ။ အဲဒါက ၁၉၉၇ ထိုင်းမြန်မာနယ်စပ် မယ်ရယ်စခန်းမှာ။

၁၉၉၉ ခုနှစ် ပဉ္စမအကြိမ်ညီလာခံမှာတော့ ခင်ဗျားဟာ ဗဟိုကော်မတီဝင်တဦးအနေနဲ့သာ တက်ခဲ့ပြီး ကျနော်ကတော့ မကဒတ(အနောက်ပိုင်း)ရဲ့ ကိုယ်စားလှယ်တဦးအဖြစ်တက်ခဲ့ရတယ်။ အဲဒီချိန်မှာ ခင်ဗျားဟာ (DVB) ဒီမိုကရက်တစ်မြန်မာ့အသံသတင်းထောက်တပိုင်း၊ Bangkok Post ဘန်ကောက်ပို့စ်နဲ့ အခြားသတင်းဌာနတွေမှာ ကြိုကြားရံခါရေးနေတဲ့ ဖရီးလန်စ်လို့ခေါ်တဲ့ အလွတ်ကော်လံစား ဆောင်းပါးတွေရေးနေပါပြီ။ အဲဒီညီလာခံဟာ ကျနော့်ကို မကဒတ(ကျောင်းသားတပ်မတော်)ရဲ့ ဗဟိုကော်မတီတဦးအဖြစ် စတင်ရွေးချယ်ခဲ့တဲ့ ညီလာခံပါ။ ဒါပေမဲ့ ခင်ဗျားကတော့ အဲဒီချိန်ကစလို့ ဗဟိုကော်မတီအဖြစ် ရွေးချယ်မခံခဲ့တော့ပါ။ မကဒတ(ကျောင်းသားတပ်မတော်)တပ်ဖွဲ့ဝင်ရဲဘော်တဦးအနေနဲ့ပဲ အခုထိလိုက်ပါခဲ့တာကလဲ ခင်ဗျားအပေါ်မှာသတိပြုမိတဲ့အချက်တခုလို့ဆိုရမှာပဲ။ ဒါပေမဲ့ DVB ရေဒီယိုကနေ ထားဝယ်သံဝဲဝဲနဲ့ ကြေညာတဲ့ခင်ဗျားရဲ့သတင်းဖတ်သံကြားရင် ခင်ဗျားပုံကိုပါတွဲမြင်နေခဲ့တာ။

အဲဒီ ၁၉၉၉ ခုနှစ် ပဉ္စမအကြိမ်ညီလာခံသက်တမ်း ဗဟိုကော်မတီဟာ သက်တမ်းမပြည့်ခင်မှာဘဲ ဥက္ကဌ၊ ဒု-ဥက္ကဌ၊ အထွေထွေအတွင်းရေးမှူးအပါအဝင် ဗဟိုဦးဆောင်ကော်မတီ၊ ဗဟိုကော်မတီတွေ(အများစု)ဟာ နိုင်ငံရေးဆိုင်ရာအယူအဆမတူညီမှုအောက်မှာ ပွင့်ပွင့်လင်းလင်းဆွေးနွေးအဖြေရှာရင်း အဖွဲ့အစည်းကနေ နှုတ်ထွက်ခဲ့ကြပါတော့တယ်။ အဲဒီအချိန်မှာ မကဒတ(ကျောင်းသားတပ်မတော်)ကို ကျန်တဲ့ကျနော်တို့ရဲဘော်တွေနဲ့အတူ ရပ်ခံအလုပ်လုပ်ဖို့ တွန်းတွန်းတိုက်တိုက်လုပ်တဲ့အထဲမှာ ခင်ဗျားဟာ ကျနော်တို့နဲ့အတူ ရှိနေခဲ့တယ်။

နောက်တော့ ခင်ဗျားဟာ အသံနဲ့တင်မဟုတ်၊ အရေးနဲ့ပါ ကျနော်တို့ကို အလုပ်ပေးလာပါတော့တယ်။ မကဒတ (ကျောင်းသားတပ်မတော်)မှာ ခင်ဗျားရဲ့ဖြတ်သန်းမှု၊ အတွေ့အကြုံတွေ၊ မှတ်စုတွေကို အခန်းဆက်ရေးတာကို ဖတ်လာရပြန်ပါပြီ။

ကျောင်းသားဘဝ၊ ရှစ်လေးလုံး ဒီမိုကရေစီတိုက်ပွဲ၊ ထားဝယ်၊ မော်လမြိုင်၊ မင်းသမီး၊ ဘုရားသုံးဆူ၊ မာနယ်ပလော၊ ဒေါင်းဂွင်၊ ထပ်စကဲ၊ ကေအန်ယူ၊ မွန်ပြည်သစ်၊ ဒီအေဘီ၊ မကဒတ ညီလာခံတွေ၊ ၂ ဖွဲ့ကွဲပြီး ညီညွတ်ရေးတည်ဆောက်မှု၊ ရဲဘော်တွေရဲ့ဘဝ၊ အခက်အခဲ၊ ဖြတ်သန်းမှု၊ စွန့်လွှတ်အနစ်နာခံမှုတွေကို ခင်ဗျားမြင်သလို ရိုးရိုးရှင်းရှင်း မှတ်တမ်းသဘောရေးခဲ့တာကိုတော့ ကျနော်တန်ဖိုးထားတာ အမှန်ပဲ။

ဒီနေရာမှာ မကဒတ ၂ ဖွဲ့ကွဲကြတဲ့အချိန်မှာ ဘယ်ဘက်မှ မလိုက်ဘဲ “ဘက်မလိုက်” ဆိုပြီး ရပ်ခဲ့တာ၊ ဘက်မလိုက်အဖွဲ့ရဲ့ ဥက္ကဌအနေနဲ့ ခင်ဗျားတာဝန်ပေးခံခဲ့ရ၊ တာဝန်ယူခဲ့တဲ့ ရဲဘော်ထက်အောင်ကျော်ကိုလဲ ကျနော်သတိထားမိခဲ့သေးတယ်။ ဒါဟာ ခင်ဗျားရဲ့ မကဒတ ညီညွတ်ရေးအပေါ်မှာ ခံယူထားတဲ့ စိတ်ဓါတ်နဲ့ ဆန္ဒကို ပြနေတာလို့ဆိုချင်တယ်။

ခုတော့ ခင်ဗျားရေးထားတဲ့ မှတ်တမ်းဆောင်းပါးတွေကို ထုတ်တော့မယ်။ ဒီစာအုပ်ဟာ မကဒတ (ကျောင်းသားတပ်မတော်) တခုလုံးရဲ့ သမိုင်းတော့ မဟုတ်သေးဘူး။ ဒါပေမဲ့ ဒီစာအုပ်ဟာ မကဒတ (ကျောင်းသားတပ်မတော်)ရဲ့ သမိုင်းတစိပ်တပိုင်းကိုတော့ မြင်နိုင်သိနိုင်ပြီး တစုံလုံးအနေအထားကို ဒီနေရာကနေစပြီး ပုံဖော်ကြည့်နိုင်လိမ့်မယ်လို့ ယူဆတယ်။

အရှေ့၊ အနောက်၊ တောင်၊ မြောက် အရပ်လေးမျက်နှာ ဖြန်ကျက်ခဲ့ကြရတဲ့ ကျနော်တို့ စခန်းအသီးသီးက ရဲဘော်ရဲမေတွေရဲ့ အုပ်စုဖွဲ့ ပျံသန်းမှုကို ပုံဖော်ဖို့ ဂျစ်စော ပန်းချီကားတချပ်လို ကျနော်တို့တတွေပြန်ဆက်ကြရဦးမှာပဲ။ ဒီတော့ အခု ခင်ဗျားအားထုတ်ကြိုးစားခဲ့တဲ့ အခုမှတ်တမ်းဆောင်းပါးစာအုပ်ဟာ အဲဒီ ဂျစ်စော ပန်းချီကားထဲက အရေးကြီးတဲ့ အစတခုအဖြစ် ကျနော် အသိမှတ်ပြုတယ်။ ဒီစာအုပ်ဟာ မကဒတ (ကျောင်းသားတပ်မတော်) ရဲဘော်တယောက်ရဲ့ဖြတ်သန်းမှု (၁၉၈၈ ခုနှစ် မှ ၂၀၀၀ ခုနှစ်အထိ)၊ ပါဝင်ပတ်သက်ခဲ့ရမှုတွေ၊ အဖွဲ့အစည်းအပေါ် အမြင်သဘောထားတွေကို ပထမဆုံး ကြိုးစားပုံဖော်ထားတယ်လို့ နားလည်းတယ်။

ဒါကြောင့် မကဒတ (ကျောင်းသားတပ်မတော်)ဆိုတဲ့ ပန်းချီကားတချပ်လုံး ပြည့်စုံပြီးမြောက်ဖို့အတွက် အခြားသောမှတ်တမ်းပြုစုကြမဲ့ ရဲဘော်တွေရဲ့ လုံ့လအားစိုက်ထုတ်ဖို့အတွက် ရဲဘော်ထက်အောင်ကျော်ရဲ့ အခုစာအုပ်ဟာ တွန်းအားတခုဖြစ်သွားမယ်ဆိုတာကို အခိုင်အမာ ယုံကြည်ထားတယ်။

ဒါကြောင့် ခင်ဗျားရဲ့ ဒီစာအုပ် (သူပုန်ကျောင်းသားတဦးရဲ့ မာရသွန်ခရီး) အပေါ် ကျနော်အမြင်ကတော့ ရဲဘော်ထက်အောင်ကျော် (ခ) ရဲဘော်ဝင်းထိန်ဟာ မကဒတ (ကျောင်းသားတပ်မတော်)အတွက် တာဝန်တခု ထမ်းဆောင်လိုက်တာပဲလို့ မှတ်တမ်းတင်လိုက်တယ်။


တည်ကြည်စွာဖြင့်…
သင့်ရဲ့


ရဲဘော်သံခဲ
ဥက္ကဌ
မြန်မာနိုင်ငံလုံးဆိုင်ရာကျာင်းသားများ ဒီမိုကရက်တစ်တပ်ဦး – မကဒတ-
(ကျောင်းသားတပ်မတော်)

ရက်စွဲ ။ ။ ၂၀၁၃ ခုနှစ်၊ ဇန်နဝါရီ (၂၄)ရက်

စာရေးသူရဲ့ အမှာစာ >>>>>
ကျေးဇူးတင်ရှိခြင်း >>>>>