သူပုန်ကျောင်းသားတဦးရဲ့ မာရသွန်ခရီး(စာရေးသူရဲ့ အမှာစာ)

0
4232
ဓာတ်ပုံ - HAK...Book

အခုထုတ်ဝေလိုက်တဲ့ “သူပုန်ကျောင်းသားတဦးရဲ့ မာရသွန်ခရီး” စာအုပ်ဟာ ဧရာဝတီမဂ္ဂဇင်းမှာ တနှစ်ကျော် အပတ်စဉ်ဖေါ်ပြပါရှိခဲ့တဲ့ အခန်းဆက်ဆောင်းပါး ၅၂-ပိုင်းကို ပြန်လည်စုစည်းပြီး ထုတ်ဝေလိုက်တာဖြစ်ပါတယ်။

ခက်ခဲကြမ်းတမ်းလှတဲ့ တောတွင်းဘဝဖြတ်သန်းမှုအခြေနေ၊ အထူးသဖြင့် ဒီမိုကရေစီရရှိရေးတိုက်ပွဲအတွင်း ကျဆုံးသွားခဲ့တဲ့ “ရဲဘော်သူငယ်ချင်း” တွေအကြောင်းကို မှတ်တမ်းတခုအနေနဲ့ရေးထားသင့်တယ်၊ တချိန်ချိန်မှာ အသေချာရေးမယ်လို့စိတ်ကူးထားတာကြာပြီဖြစ်ပါတယ်။ ဒါပေမဲ့ တကယ်တန်း ရေးဖို့ဖြစ်လာတာကတော့ ၂၀၀၈-ခုနှစ် ဒီဇင်ဘာလမှာ အင်္ဂလိပ်ဘာသာနဲ့ထုတ်ဝေတဲ့ “Far from Home: 20 years in Exile” စာအုပ်မိတ်ဆက်ပွဲကျမှ ဖြစ်ပါတယ်။

“တောထဲကအတွေ့အကြုံတွေအကြောင်း ရေးထားတယ်ဆိုလို့ ခင်ဗျားစာအုပ်ကို ဖတ်ကြည့်တာ ဘာမှလဲ ထူးထူးခြားခြားမပါဘူး၊ ဆောင်းပါးဟောင်းတွေချည်းပါပဲလား” ဆိုပြီး စာအုပ်ထုတ်ဝေပွဲ အခမ်းအနားဆီ တက်လာတဲ့ ABSDF ခေါင်းဆောင်ဟောင်းတဦးက ကျနော့်ကို ဝေဖန်ခဲ့ပါတယ်။

အဲဒီဝေဖန်ချက်ဟာ ကျနော်ခေါင်းထဲစွဲနေပြီး နိုင်ငံရေးထင်မြင်ချက်ဆောင်းပါးတွေအပြင် တကယ့် အတွေ့အကြုံတွေကို ဒိုင်ယာရီတခုလို အသေချာရေးပြမှဖြစ်မယ်လို့ ကျနော် စိတ်ကူးရလာပါတယ်။ တချိန်တည်းမှာပဲ အတွေ့အကြုံတွေ၊ ခံစားချက်တွေ၊ မြင်ကွင်းတွေကိုရေးမယ်ဆိုရင်တော့ ကိုယ်ရဲ့လက်ရှိ အင်္ဂလိပ်စာအဆင့်အတန်းနဲ့မဖြစ်ဘူး။ မြန်မာလိုရေးမှ ပိုပီပြင်လိမ့်မယ်လို့လည်းဆုံးဖြတ်လိုက်ပါတယ်။

အဲဒီအချိန်ကစပြီး တောတွင်းဘဝကို ကျနော်စတင်ရေးဖြစ်ခဲ့ပါတယ်။ ဒါမေပဲ့ DVB အတွက် နေ့စဉ် သတင်းတွေလိုက်ရင်း၊ TV နဲ့ ရေဒီယို နှစ်ခုစလုံးအတွက် အလုပ်များရင်းနဲ့ ဆောင်းပါးက ၄-၅ ခန်းရေးအပြီးမှာ ထုံးစံအတိုင်း အဖျားရှုးသွားပြန်ပါတယ်။

ဒီလိုနဲ့ ၂၀၁၀ ရွေးကောက်ပွဲအလွန်၊ ၂၀၁၁ ခုနှစ် အစောပိုင်းမှာတော့ နိုင်ငံရေးအခြေအနေ၊ ဘဏ္ဍာရေးအခြေအနေတွေပြောင်းလဲလာတဲ့အတွက် DVB ကနေ ကျနော် အလုပ်ထုတ်ခံလိုက်ရပါတယ်။ အဆိုးထဲက အကောင်းလို့ပြောရမလားပါပဲ၊ အလုပ်လက်မဲ့ဖြစ်သွားတဲ့ ကျနော်ဟာ အဲဒီအချိန်ကျမှ ဒီဆောင်းပါးတွေကို တကယ် စရေးဖြစ်ခဲ့ပါတော့တယ်။

…………..

ဒီဆောင်းပါးတွေဟာ လွန်ခဲ့တဲ့နှစ် ၂၀-ကျော်တုန်းက ကြုံတွေ့ခဲ့ရတဲ့ ထိုင်း-မြန်မာနယ်စပ် တောတွင်းခစန်းတွေ၊ ဒုက္ခသည်စခန်းတွေက ကိုယ်တွေ့အဖြစ်အပျက်တွေကို ကိုယ်ပိုင်ရေးဟန်နဲ့ရေးသားထားခြင်းဖြစ်ပါတယ်။

သတင်းစာဆရာတဦးရဲ့အမြင်နဲ့ပြန်ရေးထားတာလို့ဆိုနိုင်ပေမယ့် တကယ်ကတော့ ABSDF တပ်ဖွဲ့ဝင်တဦး၊ လက်နက်ကိုင်တော်လှန်ရေးအတွင်း ကိုယ်တိုင်ပါဝင်ခဲ့ဖူးတဲ့ ရဲဘော်တဦးအနေနဲ့ရေးထားခြင်းဖြစ်ပါတယ်။ တနည်းအားဖြင့်ပြောမယ်ဆိုရင် စဉ်းစားတတ်တဲ့ သတင်းသမားတဦးရဲ့ ဦးနှောက်သက်သက်နဲ့ရေးထားတာမဟုတ်ဘဲ တောခိုကျောင်းသားလူငယ်တဦးရဲ့ “နှလုံးသားနဲ့ ရင်းပြီးရေးထားတဲ့စာစုတွေ” လို့ ဆိုချင်ပါတယ်။

ဘာပြောပြော အခုဆိုရင် နိုင်ငံရေးအခြေအနေက အတော်ပြောင်းလဲသွားပြီဖြစ်တဲ့အတွက် လွန်ခဲ့တဲ့ နှစ် ၂၀ ကျော်က ဖြစ်ပွားခဲ့တဲ့ ၈ လေးလုံးအရေးတော်ပုံနဲ့ အဲဒီအရေးတော်ပုံရဲ့ နောက်ဆက်တွဲဖြစ်စဉ်တွေဟာ ဒီနေ့ အသက် ၂၀ တန်းလူငယ်တွေအတွက် ဒဏ္ဍာရီတစ်ခုလို ဖြစ်ကောင်းဖြစ်နေနိုင်ပါတယ်။ ရန်ကုန်နဲ့ မြို့ကြီးတွေမှာဖြစ်ပွားခဲ့တဲ့ ၈ လေးလုံးအရေးတော်ပုံနဲ့ အဲဒီရဲ့ နောက်ဆက်တွဲ ၁၉၉၀ ရွေးကောက်ပွဲရလဒ်တွေတောင် မှုံဝါးဝါးဖြစ်သွားပြီဆိုရင် လူသူမနီးတဲ့နယ်စပ်တောတောင်တွေ၊ ရိုးမတောင်တန်းတွေ၊ ကျွန်းသစ်ပင်တွေကြားက ဖြစ်စဉ်တွေဆိုရင် နှောင်းခေတ်လူငယ်တွေ မှတ်မိနေဖို့ ပိုခက်မယ်လို့ ထင်ပါတယ်။

 ABSDF (All Burma Students’ Democratic Front) သို့မဟုတ် “မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး” – မကဒတ – သို့မဟုတ် “ကျောင်းသားတပ်မတော်” ဆိုတာဟာ “ရှစ်လေးလုံးအရေးတော်ပုံ”ရဲ့ နောက်ဆက်တွဲဖြစ်စဉ်တစ်ခုပါ။

အဲဒီအချိန်က တနိုင်ငံလုံးရှိပြည်သူတရပ်လုံးက မဆလ-တစ်ပါတီအာဏာရှင်အစိုးရကို ဆန့်ကျင်ဆန္ဒပြကြရာကနေ ဒီနေ့ နိုင်ငံရေးအပြောင်းလဲတွေကို စတင်မွေးဖွားပေးခဲ့တဲ့ ၈-လေးလုံးအရေးတော်ပုံကြီးပေါ်ပေါက်လာခဲ့ပါတယ်။ မဆလ-အစိုးရပြုတ်ကျသွားပြီး ကျောင်းသားတွေနဲ့ ရပ်မိရပ်ဖတွေအုပ်ချုပ်တဲ့ ကာလတခုပါ်ပေါက်လာခဲ့ပါတယ်။ ဒါပေမဲ့ ၁၉၈၈ စက်တင်ဘာ ၁၈-ရက်နေ့မှာ စစ်တပ်က အာဏာထပ်သိမ်းပြီး အရေးတော်ပုံမှာ ဦးဆောင်ပါဝင်နေသူတွေ၊ သပိတ်စခန်းတွေကို ပစ်ခတ်ဖြိုခွဲပါတော့တယ်။

အဲဒီပစ်ခတ်ဖြိုခွဲမှုအတွင်းကျောင်းသား၊ ပြည်သူထောင်နဲ့ချီသေဆုံးခဲ့တယ်လို့ အများကခန့်မှန်းခဲ့ပေမယ့် အခုချိန်ထိ စုံစမ်းစစ်ဆေးတာ၊ တရားဝင်သတင်းထုတ်ပြန်တာမျိုး မလုပ်နိုင်သေးပါဘူး။ အဲဒီလိုပစ်ခတ်ဖြိုခွဲမှုကို မခံနိုင်တဲ့ကျောင်းသားတွေဟာ “သေနတ်နဲ့ပစ်နေသူကို ပါးစပ်နဲ့အော်ပြီးအာခံရင်တော့ ပစ်သတ်ခံရဖို့ဘဲ့ရှိတယ်။ လက်နက်ကိုင်ပြီး ပြန်တော်လှန်မှရမယ်” ဆိုတဲ့ ခံစားချက်တွေနဲ့ တောခိုဖို့ဖြစ်လာခဲ့တာပါ။

တက္ကသိုလ်ကျောင်းသားတွေ၊ အထက၊ အလက ကျောင်းသားတွေ၊ ကျောင်းဆရာတွေ၊ ဆရာဝန်တွေ၊ အင်ဂျင်နီယာတွေ၊ ရှေ့နေတွေ၊ လယ်သမားတွေ၊ အမျိုးသမီးတွေအပါဝင် ထောင်၊ သောင်းချီတဲ့လူငယ်တွဟာ ထိုင်း-မြန်မာနယ်စပ်၊
တရုတ်-မြန်မာနယ်စပ်၊ အိန္ဒိယ-မြန်မာနယ်စပ်က လက်နက်ကိုင်တော်လှန်ရေးအဖွဲ့တွေရဲ့ ထိန်းချုပ်နယ်မြေတွေဆီ တောခိုခဲ့ကြပါတယ်။

အဲဒီလို တောခိုခဲ့ကြတဲ့ လူပေါင်းတစ်သောင်းဝန်းကျင်ထဲမှာ ကျနော်လဲ တစ်ယောက်အပါဝင်ဖြစ်ပြီး တစ်သောင်းထဲက တစ်ယောက်ရဲ့ အတွေ့အကြုံကို အများသိနိုင်အောင်၊ သမိုင်းမှတ်တမ်း တခုအနေနဲ့ ကျန်ခဲ့အောင် အခုလိုပြန်ပြောပြဖို့ကြိုးစားနေခြင်းဖြစ်ပါတယ်။

ထားဝယ်ကနေ တောခိုတဲ့ကျနော်ကတော့ တခြားကျောင်းသား ၃၀၀-နီးပါးနဲ့အတူ KNU နယ်မြေ မင်းသမီးခစန်းဆီရောက်သွားခဲ့ပါတယ်။ ထားဝယ်ဖက်မှာ မြစ်ဖျားခံပြီးဆင်းလာတဲ့ တနင်္သာရီမြစ်နဲ့ ထိုင်း နယ်စပ်အနီးရှိ ထီးခီးမှာမြစ်ဖျားခံပြီး
စီးဆင်းလာတဲ့ မင်းသမီးချောင်းဆုံတဲ့အရပ်မှာရှိတဲ့ မင်းသမီးခစန်း၊ အမှတ် ၂၀၁-တပ်ရင်း ဆိုတာဟာ ABSDF မှာ အင်အားအများဆုံးစခန်းတွေထဲက (သေဘောဘိုးနဲ့ သံလွင် ပြီးရင်) တခုဖြစ်ပြီး ပထဝီ အနေထားအရ၊ ပင်လယ်ပြင် စစ်ကြောင်းတွေအရ ထင်ရှားတဲ့နေရာတခုဖြစ်ပါတယ်။

၁၉၈၈ ခုနှစ်ကနေ ၁၉၉၇ ခုနှစ်အထိ ၁၀ နှစ်တာကလအတွင်း ဒီစခန်းမှာ ကျဆုံးသွားတဲ့ကျောင်းသားဦးရေ ၈၀ ကျော်ရှိပြီး အဲဒီထဲက တစ်ဒါဇင်လောက်ဟာ တော်လှန်ရေး အစောပိုင်းကာလမှာ လုပ်ကြံသတ်ဖြတ်ခံရသလိုနဲ့ ပျောက်ဆုံးသွားသူတွေဖြစ်ပါတယ်။ ဒါဟာ ABSDF ဗဟိုက ထုတ်ပြန်ထားတဲ့ ABSDF တစ်ခုလုံးရဲ့ အကျအဆုံး-သေဆုံးစာရင်း ၆၂၅ ဦးနဲ့ နှိုင်းယှဉ်ရင် တပ်ရင်းတခုတည်းအတွက် အတော်များနေတာကို တွေ့ရမှာဖြစ်ပါတယ်။

၂၀၁၁ ခုနှစ်မှာ ထုတ်ပြန်တဲ့ ABSDF ရဲ့ တရားဝင်စာရင်းဇယားတွေအရ ကျဆုံးသူဦးရေ ၃၅၃-ဦး၊ သေဆုံးသူဦးရေ ၂၇၂-ဦး၊ ထိခိုက်ဒဏ်ရာရသူ ၃၉၉-ဦးရှိပါတယ်။ တနည်းအားဖြင့်ပြောမယ်ဆိုရင်တော့ အသက်ပေးသွားသူ ၆၂၅-ဦးနဲ့ ခြေပြတ်လက်ပြတ်အပါဝင် ဒုက္ခိတဖြစ်သွားကြတဲ့ ရဲဘော် ၃၉၉-ဦး ရှိပါတယ်။

အခုချိန်ထိ ဆက်လက်တိုင်ပွဲဝင်နေဆဲဖြစ်တဲ့ ကချင်နယ်မြေနဲ့ ထိုင်း-မြန်မာနယ်စပ်တကျောက ရဲဘော် ရဲဘက်တွေ၊ လွန်ခဲ့တဲ့ ၂၄-နှစ်တာ ဒီမိုကရေစီရရှိရေး ခရီးရှည်တော်လှန်ရေးအတွင်း၊ လက်နက်ကိုင်တော်လှန်ရေးခရီးကြမ်းအတွင်း အသက်ပေးသွားကြတဲ့ကျောင်းသားရဲဘော်တွေကို အမှတ်ရစေဖို့၊ နှစ် ၂၀ ကျော်ကြာခဲ့ပြီဖြစ်ပေမယ့် အခုချိန်ထိ မပြီးဆုံးသေးတဲ့ လက်နက်ကိုင်တော်လှန်ရေးအကြောင်း ဖြစ်စဉ်မှတ်တမ်းတချို့ကို သမိုင်းပြုစုသူတွေ၊ နိုင်ငံရေးစိတ်ဝင်စားသူတွေ၊ အထူးသဖြင့် စာဖတ်သူလူငယ်တွေ သိရှိလေ့လာနိုင်ဖို့အတွက် အခုလိုရေးသားလိုက်ရခြင်းဖြစ်ပါတယ်။

ကျနော်ရေးတာဟာ ကျနော့်ကိုယ်တွေ့ တစ်ခုတည်းသာဖြစ်တဲ့အတွက် ABSDF တစ်ခုလုံးရဲ့ သမိုင်ကြောင်းကိုပြည့်စုံစွာဖေါ်ပြနိုင်ဖို့ ဘယ်လိုမှ မဖြစ်နိုင်ပါ။ ABSDF မှာ တပ်ဖွဲ့ဝင် ပေါင်း ၅၀၀၀ ကျော်၊ စခန်းနဲ့ တပ်ရင်းပေါင်း ၂၀ နီးပါးရှိတဲ့အတွက်
တခြားစခန်း၊ တခြားတပ်ရင်းက ရဲဘော်တွေလည်း ကိုယ်ကြုံတွေ့ခဲ့တာတွေကို ပြန်ရေးကြစေချင်ပါတယ်။

ဒီလိုရေးသားမှုတွေအားလုံးကို ပြန်စုစည်းပြီးဖြစ်စေ၊ ဒါမှမဟုတ် ABSDF ဗဟိုကပဲ ဖြစ်ဖြစ်၊ ပြည်တွင်း သုတေသနအဖွဲ့တွေ၊ ပြည်ပသုတေသနအဖွဲ့တွေကပဲဖြစ်ဖြစ် အသေအချာပြုစုထားတဲ့ မှတ်တမ်းတွေအားလုံးကို ပြန်လည်စီစစ်ပြီး ထုတ်ပြန်နိုင်မှသာ ABSDF တစ်ခုလုံးရဲ့ သမိုင်းကို ရနိုင်မယ်လို့ ကျနော်ထင်ပါတယ်။

ဘယ်လိုပဲ ဖြစ်ဖြစ် တစ်ဦးတည်းလုပ်နိုင်သလောက်နဲ့ လုပ်နိုင်သမျှကိုစုစည်းပြီး သမိုင်းပေးတာဝန်တစ်ခုအဖြစ် ကျနော်ရေးလိုက်တဲ့ ဒီမှတ်တမ်းငယ်ဟာ ABSDF တစ်ခုလုံးရဲ့သမိုင်းမဟုတ်ရင်တောင် အဲဒီလို သမိုင်းပြုစုချင်သူတွေအတွက် အုတ်တချပ်သဲတပွင့်အဖြစ် အထောက်အကူဖြစ်လိမ့်မယ်လို့ မျော်လင့်မိပါတယ်။ ။

လေးစားစွာဖြင့်
ထက်အောင်ကျော်
၂၀၁၃ ခုနှစ်၊ မေလ ၃ ရက်။

စာရေးသူအကြောင်း

ဓာတ်ပုံ – HAK…Book

စာရေးသူ ထက်အောင်ကျော် (အမည်ရင်း ဝင်းထိန်) ကို ၁၉၆၄-ခုနှစ်က တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ် မင်းရပ်ရွာမှာမွေးဖွားခဲ့ပါတယ်။ မင်းရပ်ရွာမူလတန်းကျောင်း၊ ပန်းဒလဲနဲ့ ကမြောကင်း အလယ်တန်းကျောင်း၊ ထားဝယ်မြို့အမှတ် ၂ အထက်တန်းကျောင်းတွေမှာ ပညာသင်ကြားခဲ့ပြီး ၁၉၈၃ မှာ ဆယ်တန်းအောင်ခဲ့ပါတယ်။

ထားဝယ်ကောလိပ်နဲ့ မော်လမြိုင်တက္ကသိုလ်တွေမှာ မြန်မာစာအဓိကနဲ့ ဆက်လက်ပညာသင်ကြားခဲ့ပါတယ်။ တတိယနှစ် တက်နေစဉ် ငွေစက္ကူအရေးအခင်း၊ စတုတ္ထနှစ်တက်နေစဉ် ဖုန်းမော်အရေးအခင်း၊ ဇွန်လအရေးခင်းတွေအတွင်း
ပါဝင်ခဲ့တဲ့အတွက် ပါမောက္ခချုပ် တက္ကသိုလ်ဘုန်းနိုင်ရဲ့ ခေါ်ယူသတိပေးခြင်း ခံခဲ့ရပါတယ်။ ကျောင်းတွေပိတ်ပြီး ထားဝယ်ပြန်ရောက်စဉ်မှာတော့ တခြားကျောင်းသားတွေနည်းတူ အရေးတော်ပုံအတွင်းပါဝင်ခဲ့ပြီး လောင်းလုံးမြို့နယ်ကျာင်းသားသမဂ္ဂ အတွင်းရေးမှုးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။

၁၉၈၈ ခုနှစ် စစ်တပ်ကအာဏာသိမ်းပြီးနောက်တရက်၊ စက်တင်ဘာ ၁၉ ရက်နေ့မှာ ထားဝယ်ကျောင်းသားတွေနဲ့အတူ စတင်တောခိုပြီး ထိုင်း-မြန်မာနယ်စပ်က မင်းသမီးစခန်းဆီရောက်လာခဲ့ပါတယ်။ ABSDF မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး၊ “ကျောင်းသားတပ်မတော်” ရဲ့ အမှတ် ၂၀၁ တပ်ရင်း၊ မင်းသမီးစခန်းမှာ တပ်ထောက်အရာရှိနဲ့ စခန်းကော်မီတီတာဝန်တွေကိုထမ်းဆောင်ခဲ့ပါတယ်။  ဒါအပြင် KNU နယ်မြေကော်မီတီ၊ ABSDF ဗဟိုကော်မီတီတွေမှာလည်း တာဝန်ထမ်းဆောင်ခဲ့ပြီး ၁၁-နှစ်တာ နယ်စပ်မှာအခြေစိုက်လှုပ်ရှားခဲ့ပါတယ်။

၁၉၉၅-ခုနှစ်မှာတော့ DVB ဒီမိုကရက်တစ်မြန်မာ့အသံရဲ့ တောတွင်းသတင်းထောက်အဖြစ် စတင်တာဝန်ထမ်းခဲ့ပါတယ်။ ၁၉၉၇ ကနေစပြီး Bangkok Post, The Nation, The Irrawaddy တို့မှာ အင်္ဂလိပ်ဘာသာနဲ့ သတင်းဆောင်းပါးတချို့ရေးသားခဲ့ပါတယ်။

၂၀၀၁ ခုနှစ်မှာတော့ DVB ရုံးချုပ်တည်ရှိရာ နော်ဝေးနိုင်ငံ အော်စလိုမြို့ဆီ ပြောင်းရွှေ့တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ ၁၉၉၈ မှာ IMMF (The Indochina Media Memorial Foundation) မှပို့ချတဲ့ Radio Journalism သင်တန်းကို ထိုင်းနိုင်ငံမှာ တက်ရောက်ခဲ့ပြီး ၂၀၀၂ မှာ ဗြိတိန်နိုင်ငံ ဝေလပြည်နယ် Cardiff တက္ကသိုလ်ကနေ အသံလွင့်သတင်းပညာ ဒီပလိုမာ ရရှိခဲ့ပါတယ်။

DVB မှာတာဝန်ထမ်းဆောင်နေစဉ်အတွင်း “တနင်္ဂနွေ သတင်းအစီစဉ်” ခေါ် မျက်မှောက်နိုင်ငံရေး ဝေဖန်ဆွေးနွေးချက်ကို အဓိကတာဝန်ယူ ထုတ်လွင့်ခဲ့ပါတယ်။ ရုပ်-သံဘက်မှာလဲ ပူးတွဲတာဝန်ထမ်းဆောင်ခဲ့ပြီး နေ့စဉ်သတင်းထုတ်လွှင့်ရေးအတွက်အဓိကတာဝန်ခံရသူ၊ “နေ့စဉ်သတင်း အယ်ဒီတာ” အဖြစ် တာဝန်ထမ်းခဲ့ပါတယ်။

၂၀၀၈-ခုနှစ် ဒီဇင်ဘာလမှာ “Far from Home: 20 Years in Exile” ဆိုတဲ့ စာအုပ်ကို အင်္ဂလိပ်ဘာသာနဲ့ ထိုင်းနိုင်ငံမှာ ထုတ်ဝေခဲ့ပါတယ်။ အခု ဒီစာအုပ် “သူပုန်ကျောင်းသားတဦးရဲ့မာရသွန်ခရီး” ဟာ စာရေးသူရဲ့ ဒုတိယမြောက်စာအုပ် ဖြစ်ပါတယ်။

ABSDF ဥက္ကဌ ရဲဘော်သံခဲ၏ အမှာစာ >>>>>
ကျေးဇူးတင်ရှိခြင်း >>>>>