မြိတ်ဒေသထွက် ကင်းမွန်ဈေး ယခင်နှစ်ထက် ဈေးကောင်းရ

0
3561

မြိတ်မြို့ရှိ ရေထွက်ကုန်တစ်မျိုးဖြစ်သည့် ကင်းမွန်ဈေးသည် ယခင်နှစ်ထက် ဈေးကောင်းရရှိနေကြောင်း ကင်းမွန်ရောင်းဝယ်ရေး လုပ်ကိုင်နေသူများထံမှသိရသည်။

ကင်းမွန်ငါးဖမ်းလုပ်ငန်းရာသီမှာ နှစ်စဉ် ( သီတင်းကျွတ်ကာလပြီးနောက်) နိုဝင်ဘာလမှစပြီး ဧပြီလကုန်အထိ လုပ်ကိုင်လေ့ရှိကြသည်။

ပြီးခဲ့သည့်နှစ် ကင်းမွန်ရာသီစဖွင့်ချိန်တွင် နံပါတ် ၁၊ ၂၊ ၃ ဆိုဒ်ရှိ ကီလိုနှစ်ဆယ်ပါ ကင်းမွန်တစ်ဗန်းလျှင် တစ်သိန်းနှစ်သောင်းကျပ်၊ နံပါတ် ၄ ဆိုဒ် တစ်ဗန်းလျှင် ရှစ်သောင်းကျပ်၊ နံပါတ် ၅ ဆိုဒ် ခြောက်သောင်းကျပ်၊ နံပါတ် ၆ ဆိုဒ် လေးသောင်းကျပ်နှုန်း ရှိခဲ့ကြောင်း ကင်းမွန်ရောင်းဝယ်ရေး လုပ်ကိုင်နေသူတချို့က ပြောပြသည်။

ယခုနှစ်တွင် ကီလိုနှစ်ဆယ်ပါ နံပါတ် ၁၊ ၂၊ ၃ ဆိုဒ် ကင်းမွန်တစ်ဗန်းလျှင် နှစ်သိန်းတစ်သောင်းကျပ်၊ နံပါတ် ၄ ဆိုဒ် တစ်ဗန်းလျှင် တစ်သိန်းငါးသောင်းကျပ်၊ နံပါတ် ၅ ဆိုဒ် တစ်သိန်းကျပ်၊ နံပါတ် ၆ ဆိုဒ် ငါးသောင်းကျပ် ရှိနေကြောင်း ကင်းမွန်ရောင်းဝယ်ရေး လုပ်ကိုင်နေသူတစ်ဦးက ပြောပြသည်။

” ဘတ်ဈေးတက်လို့ ဈေးကောင်းရတာပါ၊ ကင်းမွန်ဈေးက ဘတ်ဈေးအတက်အကျနဲ့ဆိုင်တယ် ဘတ်ဈေးတက်ရင် တက်သလိုပေးဝယ်ရနေတာပါ” ဟု အထက်ပါ ကင်းမွန်ရောင်းဝယ်ရေးလုပ်ကိုင်နေသူက ပြောသည်။

ယခုနှစ် ကင်းမွန်ငါးဖမ်းရာသီအစတွင် စက်သုံးဆီစရိတ် ကြီးမြင့်နေသဖြင့် တွက်ခြေမကိုက်မည်ကို စိုးရိမ်ခဲ့ရကြောင်း ကင်းမွန်ငါးဖမ်းလုပ်ငန်း လုပ်ကိုင်သူတချို့က ပြောပြသည်။

“ဒီဈေးနှုန်းနဲ့ဆို လုပ်ငန်းဆက်လုပ်နိုင်ပါတယ်၊ ကင်းမွန် အရများရင် ပိုအဆင်ပြေတာပေါ့” ဟု ရွှေပြည်တန်ရပ်နေ ကင်းမွန်ငါးဖမ်းလုပ်ငန်း လုပ်ကိုင်သူတစ်ဦးက ပြောသည်။

ကင်းမွန်ငါးဖမ်းလုပ်ငန်း စတင်သည့်အချိန်တွင် စက်သုံးဆီစရိတ်ကြီးမြင့်ခြင်းနှင့် ကင်းမွန်ဈေးနှုန်းအား မသိရှိရသေးသဖြင့် ငါးဖမ်းလှေထက်ဝက်ခန့်သာ လုပ်ငန်းခွင်အတွင်း ဝင်ရောက်လုပ်နေကြရကြောင်း ကင်းမွန်ငါးဖမ်းလှေ လုပ်ကိုင်သူတချို့က ပြောပြသည်။

“ဒီဇယ်ဈေးက ‌ခြောက်သိန်းခွဲကျော်တယ်။ အခုကင်းမွန်ဈေးနဲ့ဆိုရင် ဗန်းငါးဆယ်လောက်ရရင် သိန်းတစ်ရာကျော်နေပြီဆိုတော့ ခုမှပင်လယ်ပြင်ထွက်ပြီး စဖမ်းနေပြီ” ဟု နိုဝင်ဘာလ ၁ ရက်နေ့မှစပြီး ကင်းမွန်ငါးဖမ်းလုပ်ငန်းခွင်သို့ စတင်ဝင်ရောက်လုပ်ကိုင်နေသူတစ်ဦးက ပြောသည်။

လတ်တလောတွင် ဒီဇယ်ဆီတစ်ပီပါ ( ၅၀ ဂါလံ ) လျှင် ကျပ်ခြောက်သိန်းခုနှစ်သောင်းဝန်းကျင်ခန့် ရှိနေကြောင်း ယင်းဈေးကွက်မှ သိရသည်။

မြိတ်ဒေသထွက် ကင်းမွန်တို့အား မောတောင်နယ်စပ်နှင့် ကော့သောင်းနယ်စပ်တို့မှတစ်ဆင့် ထိုင်းသို့ တင်ပို့ရောင်းချလေ့ရှိကြသည်။

မြိတ်ခရိုင်အတွင်း ကင်းမွန်မီးထွန်းငါးဖမ်းလှေ အစီးရေနှစ်ထောင်ကျော်ရှိပြီး ရေလုပ်သားဦးရေနှစ်သောင်းခန့်မှာ ယင်းလုပ်ငန်းအား မှီခိုလုပ်ကိုင်နေကြရကြောင်း သိရသည်။