ထားဝယ်တွင် ထိုးမုန့်မှာယူသူ ယခင်နှစ်ထက်ပိုများလာ

0
4019

ထားဝယ်တွင် အလှူ၊မင်္ဂလာပွဲမျာ ပိုများလာသည့် အတွက်  ထိုးမုန့်မှာယူသူများ ယခင်နှစ်ထက် ယခုနှစ်ပို၍ များလာသည်ဟု ယင်းလုပ်ငန်း လုပ်ကိုင်သူများထံမှသိရသည်။

ယခင်နှစ်က အလှူပွဲ မင်္ဂလာပွဲများနည်းပါးမှုကြောင့် သီတင်းကျွတ်လဆန်းပိုင်းမှစပြီး တစ်ပတ်ကို ငါးဗန်းသာလုပ်ကိုင်ပေးရပြီး ယခုနှစ်တွင်မူ ယခင်နှစ်ကာလတူထက် မှာယူသူပိုများလာပြီး တစ်နေ့ ဗန်းနှစ်ဆယ်ခန့် လုပ်ပေးရသည်ဟု ထားဝယ်မြို့ရှိ ဒေါ်အေး (ထမနဲနှင့် ထိုးမုန့်မျိုးစုံလုပ်ငန်း)မှ တာဝန်ရှိသူတစ်ဦးကပြောသည်။

“ဒီနေဆိုရင် ကျွန်မတို့မှာသလောက် မလုပ်ပေးနိုင်ဘူး။ ဘလော့(ပိတ်)လိုက်ရတာတွေရှိတယ်။ ဘာလို့ဆို တစ်နေ့တာထုတ်ပေးနိုင်တာထက် မှာတာပိုများလို့ပါ”ဟု ၎င်းကပြောသည်။

ပြီးခဲ့သည့်နှစ်က ကိုဗစ်နှင့် နိုင်ငံရေးပဋိပက္ခကြောင့် ဒေသတွင်း အလှူမင်္ဂလာပွဲများနည်းပါးကာ ထိုးမုန့်မှာယူသူများ မရှိသလောက်နည်းပါးခဲ့ပြီး ယခုနှစ် ပိုများလာသည်ဟု ဆိုရမည်ဖြစ်သော်လည်း လွန်ခဲ့သည် လေးငါးနှစ်က စံချိန်ကို မမီသေးကြောင်း ယင်းလုပ်ငန်းလုပ်ကိုင်သူများထံမှသိရသည်။

“ဘာလို့ဆို အရင်က တစ်နေ့ကို ဗန်းတစ်ရာလောက်အထိ ထုတ်ပေးရတယ်။ အခုနှစ်က ပွဲတွေလည်းများလာတဲ့ အခါကျတော့ မနှစ်ကထက် ပိုများတဲ့သဘောပါ”ဟု မုန့်လုပ်ငန်းလုပ်သူ အမျိုးသမီးတစ်ဦးကပြောသည်။

ထားဝယ်ဒေသရှိ အလှူမင်္ဂလာပွဲများတွင် လွန်ခဲ့သည့်ဆယ်စုနှစ်ခန့်က ကျေးရွာနှင့်ရပ်ကွက်အလိုက် အပျို လူပျိုများက ဦးဆောင်၍ အလှူမင်္ဂလာပွဲမကျင်းပမီ အကြိုနေ့ တစ်ရက်မှစပြီး ထိုးမုန့်အမျိုးမျိုးကို ကိုယ်တိုင်ပြုလုပ်ခဲ့ကြသော်လည်း နောက်ပိုင်းတွင် မပြုလုပ်ကြတော့ဘဲ အဆင်သင့်အော်ဒါမှာယူမှု များလာသည်ဟု လောင်းလုံးမြို့နယ်မှ အပျိုလူပျိုအသင်းခေါင်းဆောင် အမျိုးသမီးတစ်ဦးကပြောသည်။

“အရင်ကတော့ စည်းစည်းလုံးလုံးနဲ့ ကိုယ်တိုင်လုပ်ကြတာပေါ့ နောက်ပိုင်းကျတော့ လူမရှိတာရော အချိန်ကုန်ပင်ပန်းတာတွေရောကြောင့် ကိုယ်တိုင်မလုပ်ကြတော့ဘူး။ အော်ဒါမုန့်ကတော့ မျက်နှာပန်းလှပြီး လူကြိုက်များတယ် အဲဒါတွေကြောင့်ပေါ့”ဟု ယင်းအမျိုးသမီးကပြောသည်။

အလှူပွဲ မင်္ဂလာပွဲများတွင် ဧည့်ခံကျွေးမွေးသည့် မုန့်မှာ ထားဝယ်ရိုးရာ မုန့်ကုလားမဲအပါအဝင် ထမနဲ၊ အိအိတုံ၊ ဆနွင်းမကင်း၊ စနိုးပူတင်း၊ ကောက်ညှင်းစေ့၊ မန္တလေးထိုးမုန့်၊ ရွှေရင်အေး၊‌ ရွှေကြည်စသဖြင့် ကိုးမျိုးထက်မနည်းရှိပြီး မုန့်တစ်ဗန်းကို အနည်းဆုံးငွေကျပ် တစ်သောင်းခုနှစ်ထောင့်ငါးရာမှ နှစ်သောင်းခွဲကျပ်အထိ ပေးရသည်ဟု ယင်းလုပ်ငန်းလုပ်ကိုင်သူများ၏ ပြောကြားချက်အရသိရသည်။