ထားဝယ်အထူးစီးပွားရေးဇုန်ဒေသသို့ စစ်ကြောင်းဝင်လာခြင်းကြောင့် ဒေသခံများ နေရပ်စွန့်ခွာထွက်ပြေး

0
4602

ရေဖြူမြို့နယ် နဘုလယ်ဒေသ(ထားဝယ်အထူးစီးပွားရေးဇုန်ဒေသ)သို့ နိုဝင်ဘာလ ၂ ရက်နေ့ကစပြီး စစ်ကောင်စီတပ်က အင်အားအများအပြားဖြင့် ဝင်ရောက်နေခြင်းကြောင့် ကျေးရွာ ခုနစ်ရွာမှဒေသခံများ နေရပ်စွန့်ခွာထွက်ပြေးနေကြရသည်ဟု ဒေသခံများ၏ပြောကြားချက်အရသိရသည်။

ယမန်နေ့ ညနေ ငါးနာရီခန့်မှစကာ စစ်ကောင်စီတပ်ဖွဲ့ဝင်များမှ ကားခုနှစ်စီးခန့်ဖြင့် ပုဂေါဇွန်းရွာထိပ် ရှမ်းလမ်းခေါ် ရေနက်ဆိပ်ကမ်းလမ်းမှတစ်ဆင့် လက်နက်ကြီးလက်နက်ငယ်များဖြင့်ပစ်ခတ်၍ဝင်ရောက်လာသောကြောင့် ဒေသခံအများမှာ နေအိမ်စွန့်ခွာ ထွက်ပြေးနေကြရကြောင်း  ဒေသခံတစ်ဦးကပြောသည်။

“ပစ်တာကညနေ ငါးနာရီကတည်းကပေါ့နော် လေးနာရီလောက်ဆက်တိုက်ပစ်တာ တိုက်ပွဲဖြစ်နေတာပဲထင်တယ် ရွာသားတွေဆို ညထဲကရှောင်နေကြရတာ သက်ကြီးရွယ်အိုရှိတဲ့ အိမ်ကလွဲလို့ ကျန်တဲ့သူတွေအားလုံးနီးပါးပါပဲ” ဟု ထိုဒေသခံကပြောသည်။

မည်သည့်အကြောင်းကြောင့် ယခုကဲ့သို့ စစ်ကြောင်းထိုးဝင်ရောက်လာခဲ့သည်ကို  Dawei Watch အနေဖြင့် သီးခြားအတည်မပြုနိုင်သေးပေ။

ယင်းကဲ့သို့ဝင်ရောက်လာမှုကြောင့် လဲရှောင်၊ ထိန်ကြီး၊ ပရဒပ်၊ ဧကနိ၊ ရငဲ ၊ ခမောင်းချောင်း၊ ဝက်ချောင်း စတဲ့ ကျေးရွာခုနစ်ရွာမှ ဒေသခံအများစုမှာ နေအိမ်စွန့်ခွာနေကြရသည်။

“လူတွေကသတင်းကြားတာနဲ့ ပြင်နေကြပြီ အရင်ကလည်း ဖြစ်ခဲ့ဖူးပြီးသားဆိုတော့လေ”ဟု အခြားဒေသခံတစ်ဦးက ပြောသည်။

ပြီးခဲ့သည့် ဇူလိုင် ၃၀ရက်နေ့ကလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များက ယင်းဒေသသို့ သုံးရက်ကြာ စစ်ကြောင်းထိုး ဝင်ရောက်မှုကြောင့် ဒေသခံပြည်များ နေအိမ်စွန့်ခွာထွက်ပြေးကြရပြီး  ပြည်သူအချို့၏ မော်တော်ဆိုင်ကယ်များအပါအဝင် လက်ဝတ်ရတနာအချို့လည်း ပျောက်ဆုံးခဲ့ရကာ ပုဂေါဇွန်းရွာသား လေးဦးထက်မနည်းကိုလည်း ပစ်သတ်သွားခဲ့သည့်အတွက်ကြောင့် စိုးရိမ်ထိတ်လန့်ကာ ထွက်ပြေးနေကြသည်ဟု ဒေသခံများက ပြောဆိုကြသည်။

စစ်ကောင်စီကမှု ထားဝယ်အထူးစီးပွားရေးဇုန်ကို ပြန်လည်အကောင်ထည်ဖော်ရန်စီစဉ်နေပြီး ပြီးခဲ့သည်နှစ်က အီတလျံ ထိုင်းကုမ္ပဏီနှင့် စာချုပ်ဖျက်သိမ်းပြီး ယခုနှစ်တွင် ရင်းနှီးမြှုပ်နှံမှုအသစ်များပြန်လည်ဖိတ်ခေါ်နေသည်။

ယနေ့ နိုဝင်ဘာ ၃ ရက်နေ့ မနက်ပိုင်းတွင် ယင်းအထူးစီးပွားရေးဒေသအနီး စစ်ကောင်စီတပ်ဖွဲ့ဝင်များအင်အားအပြည့်ဖြင့် လုံခြုံရေးယူထားပြီး ရေကြောင်းဖြစ်လည်း စစ်အင်အားအချို့ ရောက်လာနေကြသည်ဟု ဒေသခံများပြောဆိုချက်အရသိရသည်။