အမှောင်ထဲမှ မင်းသားများ (၁၉၇၀)

0
852

အခန်း(၈)

မုန့်လက်ဆောင်းကုန်း ထဲ ကြေးမုံ ဝင်လာပြီ။

ဆိုက်ကား တစ်စီးနှင့်။

ဆိုက်ကားဆရာ ကိုစန်းထွန်း။

အသားဖြူဖြူ၊ ပိန်ပိန်ပါးပါး ချာတိတ်တစ်ယောက်သည် ကြေးမုံ ဟု မည်သူမျှ မထင်။

“အကိုကြီး….ကိုရွှေသွားတို့ အိမ်က ဘယ်နားမှာလဲဗျ”

မုန့်လက်ဆောင်းကုန်းမရောက်ခင် ကွမ်းယာဆိုင်ကလေးကို ကြေးမုံက မေးသည်။

ကွမ်းယာဆိုင်တွင်ထိုင်နေသော လူငယ်များကမျက်မှောင်ကြုံ့သည်။

“ဘာလုပ်မလို့လဲ”

“သြော်.အရောင်းအဝယ်ကိစ္စလေးရှိလို့ပါ”

“ဟိုးထိပ်က အုန်းပင်လေးရှိတဲ့ အိမ်ပဲ”

ဆိုက်ကားက ထွက်သွားသည်။

“ဟေ့ကောင်..အဲ့ဒါ ကြေးမုံဆိုတာများလား”

“ဟာ..ကြေးမုံဆို ဒီလိုလာရဲမလားဟ”

“ကြေးမုံဆို ဆော်ဖို့ ကိုရွှေသွား မှာထားလို့လေ”

ကွမ်းယာဆိုင်တွင်ထိုင်နေသော လူငယ်က သူ့ဘေးတွင် ချထားသော နှစ်တစ်လက်မတုတ်အား ဆ ကိုင်ရင်း ပြောသည်။

“ပစ္စည်းလာသွင်းတဲ့ တစ်ရာ့ကိုးတစ်ရာ့တစ်ဆယ်ခါး နေမှာပါကွာ…ကြေးမုံ ဆို ဒီလိုလာမလား..ကျော်ဝင်းကြီးလူပဲ..အင်နဲ့အားနဲ့ လာမှာပေါ့ဟ”

“အေး..ငါလည်း ထင်လို့ပါ’

………………………………..

ရွှေသွားချထားသော စည်းအထပ်ထပ်ကို ကြေးမုံက ဆိုက်ကားတစ်စီးဖြင့် ကျော်လာခဲ့ပြီဖြစ်သည်။

ကွမ်းယာဆိုင်မှ လူများ ညွှန်ပြလိုက်သည့် အုန်းပင်ရှိသော ခြံရှေ့တွင် ဆိုက်ကားကို ရပ်လိုက်သည်။

“ဗျို့ ကိုရွှေသွား..ကိုရွှေသွား”

ရွှေသွား ထွက်လာသည်။

“ဘယ်သူလဲကွ”

“သြော်..အကို..ကျွန်တော် ကြေးမုံပါ…မနေ့က ပြောထားတဲ့ ပစ္စည်းကိစ္စလေး…လာဝယ်ဆိုလို့”

ရွှေသွား မျက်မှောင်ကြုံ့သွားသည်။

သူ့ လူ အထပ်ထပ်ကို ဘယ်လို ကျော်ဖြတ်ခဲ့သလဲ။

သူ့လူတွေ ဘာဖြစ်ကုန်ပြီလဲ။

ကြေးမုံနောက်မှာ အင်အားဘယ်လောက်ပါသလဲ။

ရွှေသွား စိတ်ထဲ အတွေးတို့ဖြင့် နောက်ကျိသွားသည်။

သူ့ရှေ့ရောက်နေသည်ကလည်း အသက် (၁၆)ဝန်းကျင် လူငယ်လေးတစ်ယောက်။

အခုချိန်မှ ဒီမှာ ကြေးမုံရောက်နေပါတယ်ဟု အော်လျှင်လည်း လူရယ်စရာဖြစ်တော့မည်။

ရွှေသွားက ကြေးမုံကို ခပ်ရင့်ရင့်ကြည့်လိုက်သည်။

“အေး..အိမ်ထဲဝင်ကွာ”

ရွှေသွားက အိမ်ဝတွင် ထောင်ထားသည့် သွေးလက်စ…ငှက်ကြီးတောင်ဓါးကို ကိုင်ကာ အိမ်ထဲ ဦးဆောင်ဝင်သွားသည်။

ကြေးမုံက အိမ်ခြံဝန်းအခြေအနေကို အကဲခတ်သည်။

“ကိုစန်းထွန်း..ကျွန်တော်မှာထားတဲ့အတိုင်းပဲနော်”

“အေးပါ..ညီလေး..စိတ်ချ”

ကြေးမုံက ရွှေသွားနောက်မှ လိုက်သည်။

ရွှေသွား ငှက်ကြီးတောင် ထောင်ထားသည့် နေရာမှ ဓါးသွေးကျောက်တုံးကို အသာ မကာ သူလွယ်လာသည့် ကချင်လွယ်အိတ်ထဲ ထည့်လိုက်သည်။

‌ရွှေသွားက ကျောပေးဝင်သွားသဖြင့် မမြင်။

သူ့ငှက်ကြီးတောင် က သူ့ကို ယုံကြည်ချက်များပိုစေသည်။

အိမ်အောက်ထပ် သစ်သားကုလားထိုင်တွင် ‌ရွှေသွား ဝင်ထိုင်သည်။

“လာ….ဟေ့ကောင်”

လေသံက ခပ်ရင့်ရင့်။

“ကျွန်‌တော်ထိုင်မယ်နော်..အကို”

“အေး..ထိုင်”

“မနေ့က ကျော်ချစ် အကို့ဆီကို ရောင်းသွားတဲ့ဆွဲကြိုးလေး ပြန်လိုချင်လို့”

“ဟေ..မင်းက ဘယ်လောက်ပေးနိုင်လို့လဲ”

“အကိုက တစ်ရာ့အစိတ်ပေးဝယ်တယ်ဆိုလို့..ကျွန်တော်လည်း တစ်ရာအစိတ်ပေးမလို့ပါ”

“ဟေ့ကောင်..စောက်ကလေး..စောက်ပိုတွေလာမပြောနဲ့..မင်းဆရာတွေအားကိုးနဲ့ ငါ့ကို လာမရင့်နဲ့..လီးပဲ..ဟေ့ကောင်”

ရွှေသွားက သူ့ရှေ့မှ စားပွဲခုံကို စောင့်ကန်လိုက်သည်။

လက်ထဲမှ ငှက်ကြီးတောင်ကို အရိုးမှကိုင်ကာ မြေကြီးတွင် ထောက်ထား၏။

“ကျွန်တော်က အေးအေးဆေးဆေးပြောနေတာပါ..အကိုရာ..သိပ်လည်းကြောက်မနေပါနဲ့”

“မင်း ဘာဖြစ်ချင်တာလဲ..ဟေ့ကောင်…ငါ့နာမည်ရွှေသွားကွ….လီးကို ကြောက်ရမှာလား…ပါးရိုက်လိုက်ရ”

ကြေးမုံ၏ စကားအသွားအလာကို ကြည့်ကာ ရွှေသွားက ရှေ့တိုးကာ လက်ဖြင့် ရွယ်လိုက်သည်။

ငှက်ကြီးတောင်ဓားကို ကိုင်ထားသည့်လက်က ရုတ်တရက်မို့ ချော်ထွက်ကာ ဟန်ချက်ပျက်သွား၏။

ကြေးမုံက သူ့ပေါင်ပေါ်တင်ထားသည့်လွယ်အိတ်ကို လက်တစ်ဖက်ဖြင့်ကိုင်ကာ ရွှေသွား၏ ခေါင်းကို အားကုန်ရိုက်ထည့်လိုက်သည်။

လွယ်အိတ်ထဲမှ ဓါးသွေးကျောက်နှင့် ‌ရွှေသွား၏ ခေါင်းထိသံက ခွမ်းခနဲ အသံပင်ထွက်သွား၏။

ရွှေသွားလက်မှ လွတ်ကျသွားသော ငှက်ကြီးတောင်ကို ကြေးမုံက ကန်ထုတ်လိုက်သည်။

ရွှေသွားက ကမူးရှူးတိုးဖြင့် ကြေးမုံကို ဝင်လုံးသည်။

ကြေးမုံက သွေးများထွက်နေသည့် ရွှေသွား၏ ခေါင်းနေရာသို့ လက်သီးဖြင့် ဆင့်ကာဆင့်ကာထိုးသည်။

ရွှေသွားမူးဝေပြီး လဲကျသွားသည်။

ကြေးမုံက သူ့ထုံးစံအတိုင်း လွယ်အိတ်ကို ယူကာ ရွှေသွား၏ လည်ပင်းကို ညှစ်လိုက်သည်။

“ကိုရွှေသွား ဆွဲကြိုး ဘယ်မှာတုန်းဗျ”

“အီး..အီး”

“ဟေ့လူ..မေးနေတယ်လေ..ဆွဲကြိုး..ဘယ်မှာလဲ”

“ဘီဒိုထဲမှာ..ဘီဒိုထဲမှာ”

ကြေးမုံက ရွှေသွား၏ လည်ပင်းကို လွယ်အိတ်ကြိုးဖြင့် ညှစ်ထားရင်းက

“ဟေ့..ကိုစန်းထွန်း…လာတော့ဗျ”

အရှေ့တွင် ဆိုက်ကားဖြင့် ရပ်စောင့်နေသော ကိုစန်းထွန်းက ဝင်လာသည်။

“ကောင်လေး..ခုတ်ပေးရမလား”

ကိုစန်းထွန်းက ခါးကြားတွင် ထိုးထားသော ဓါးမကို ထုတ်သည်။

“ဟာ..မဟုတ်ဘူး..ဒီဘီဒိုထဲမှာ ဆွဲကြိုးတဲ့..ယူပေး”

ကိုစန်းထွန်းက ဓါးမကို ခါးကြားပြန်ထိုးသည်။

“ဘယ်နားမှာတုန်းကွ”

“ကိုရွှေသွား ဘယ်နားတုန်းဗျ..ပြောလိုက်လေ”

“ အ အပေါ် ဆင့်က ကချင် ပုဆိုးခေါက်ကြားမှာ..”

ကိုစန်းထွန်းက ဘီဒိုတံခါးကို ဆွဲဖွင့်သည်။

“တွေ့ပြီ..ကြေးမုံ…ဒါလား”

“ဟုတ်တယ်..ကိုစန်းထွန်း”

ကြေးမုံက ဘေးဘီသို့ ကြည့်သည်။

သူ့လွယ်အိတ်ထဲမှ ဓါးသွေးကျောက်တုံးက ထွက်ကျနေသည်။

ဓါးသွေးကျောက်ကို လက်တစ်ဖက်ဖြင့် ကောက်ကိုင်ကာ ‌ရွှေသွား၏ နားထင်သို့ လေးငါးချက် ဆင့်ထုလိုက်တော့သည်။

ရွှေသွားကား သွေးအိုင်ထဲတွင် မှောက်ကျသွားသည်။

“ကောင်လေး..ရော့..မင်းဟာ”

ကြေမုံက ကိုစန်းထွန်းကမ်းပေးသည့် ဆွဲကြိုးကို လွယ်အိတ်ထဲထည့်လိုက်သည်။

ထို့နောက် အပြင်သို့ ထွက်လာကြ၏။

ကြေးမုံက အိမ်ရှေ့ စဥ့်အိုးတွင် သွေးများပေနေသော သူ့လက်ကို ဝင်ဆေးသည်။

ထို့နောက် ဆိုက်ကားပေါ် တက်ကာ ကိုစန်းထွန်းက နင်းထွက်သွား၏။

ရွှေသွားအစောင့်ချထားသည့် လူအုပ်ကြီးမှာ အဖြစ်အပျက်ကို သိပင်မသိလိုက်။

ဆိုက်ကားနှင့် ပြန်ထွက်လာသော ကြေးမုံ က လက်ပြနှုတ်ဆက်သည်ကိုပင် ပြန်နှုတ်ဆက်လိုက်သေးသည်။

နောက်ထပ် ဆယ့်ငါးမိနစ်အကြာတွင်‌တော့ စျေးထဲမှ ပြန်လာသော ရွှေသွား၏ မိန်းမ မခင်ဆင့် အသံကို တစ်လမ်းလုံး ကြားလိုက်ကြရသည်။

ရွှေသွားကား ရန်ကုန်ဆေးရုံကြီး အရေးပေါ်သို့ သုံးဘီးကားဖြင့် ပို့လိုက်ရချေပြီ။

………………………………..

ရွှေသွားကို ထုသည့်အမှု နှင့် ကြေးမုံမှာ အမှုရင်ဆိုင်ခဲ့ရသော်လည်း ရမန်ကြီး (၂)ပတ်သာ အချုပ်ခံခဲ့ရပြီး ပြန်လည်လွတ်မြောက်လာခဲ့သည်။

‌ကျော်ချစ်နှင့် ရွှေသွားမှာ ခါးပိုက်နှိုက်မှု၊ ခိုးရာပါပစ္စည်းလက်ခံမှုဖြင့် ထောင်ထဲဝင်သွားရ၏။

ရွှေသွားနှင့် ကိစ္စအပြီး မြေနီကုန်းတဝိုက်တွင် ကြေးမုံနာမည်က ဟိန်းထွက်သွားသည်။ ကြေးမုံသည် ကျော်ဝင်းကြီးနောက်ခံဖြင့် မိုက်နေသူသက်သက်မဟုတ်ပဲ..ပင်ကိုယ်လက်ရဲဇက်ရဲရှိသူအဖြစ် အသိအမှတ်ပြုလာကြ၏။

ခါးလိုင်းတင်မက အခြားဒုစရိုက်လုပ်ငန်းများကပါ ကြေးမုံ ဆိုသည်နှင့် အလေးထားစရာဖြစ်လာ၏။

၁၉၆၅၊ ၁၉၆၆ ခုနှစ်များတွင် ကြေးမုံသည် စမ်းချောင်းရှမ်းလမ်းထိပ်မှ တိုက်ခန်းကို အပိုင်ဝယ်နိုင်ခဲ့ပြီး BSAမော်တော်ဆိုင်ကယ်တစ်စီးပင် ဝယ်ထားနိုင်ခဲ့သည်။

အရွယ်ငယ်ငယ်ဖြင့် နေရာရလာသော ကြေးမုံသည် လက်ဖျားငွေသီးလာသကဲ့သို့ မိခင်ဖြစ်သူ မမြင့်ဝင်းကို သံတံတားမပုထံမှ သူ့အိမ်သို့ အပြီးအပိုင်ခေါ်ထားလိုက်၏။

………………………………..

၁၉၆၇ ခုနှစ်သည် မြန်မာ့စီးပွားရေး၏ အကြပ်အတည်းအများဆုံး ကာလဖြစ်လာခဲ့သည်။

စစ်အာဏာရှင်ဗိုလ်ချုပ်ကြီးနေဝင်းသည် နိုင်ငံခြားတွင် မြင်းလောင်းရာမှ ဒေါ်လာနှစ်သန်းအရှုံးပေါ်ခဲ့သည်ဟု သတင်းများထွက်ပေါ်လာသည်။

တဆက်တည်းတွင်ပင် နိုင်ငံခြားသို့ ဆန်များတင်ပို့နိုင်ရေးအတွက် ကုန်သွယ်လယ်ယာဌာနက လယ်သမားများထံမှ ဆန်များကို ဒိုင်များဖွင့်ကာ သတ်မှတ်စျေးများဖြင့် မသွင်းမနေရ ပေးသွင်းစေသည်။

အဆမတန်နိမ့်ပါးသောစျေးဖြင့် သတ်မှတ်ပေးသည့် ဆန်တန်ချိန်ပေးသွင့်ရသဖြင့် လယ်သမားများကိုယ်တိုင် မျိုးစပါးပင်မချန်နိုင်ပဲ ဆန်ကို ပြန်ဝယ်စားရသည့်အဆင့်ဖြစ်လာသည်။

တိုင်းပြည်တွင်းဆန်စျေးမှာ ဆယ်ဆခန့် ခုန်တက်သွားခဲ့သည်။

ရွှေတစ်ကျပ်သားလျှင် (၃၀၀)ကျပ်သာ ကျသင့်သည့်ကာလတွင် ဆန်တစ်အိတ်စျေးမှာ (၂၀၀)ကျပ်အထိ ဖြစ်လာသည်။

ဆန်စျေးကြီးမြင့်လာမှုနှင့် အခြေခံစားကုန်များရှားပါးလာမှုကြောင့် ပြည်သူများမှာ ပေါက်ကွဲရန် တာစူနေကြတော့သည်။

ထိုအချိန်တွင် ဗိုလ်ချုပ်ကြီးနေဝင်း၏ အစိုးရမှာ တရုတ်ပြည်မကြီးနှင့်လည်း နိုင်ငံရေးအရ အဆင်မပြေဖြစ်နေခဲ့သည်။

စစ်အစိုးရသည် တရုတ်မှပေးမည်ဆိုသော နည်းပညာအကူအညီများကို ငြင်းပယ်ခဲ့ပြီး တရုတ်နှင့် ပြိုင်ဘက် ဆိုဗီယက်ရုရှားမှ နည်းပညာအကူအညီကို လက်ခံခဲ့သဖြင့် တရုတ်အစိုးရနှင့် ဆက်ဆံရေးတင်းမာလာခဲ့သည်။

၁၉၆၆ တွင် ဗိုလ်ချုပ်ကြီးနေဝင်း၏ အမေရိကန်သို့ သွားရောက်လည်ပတ်မှုက တရုတ်အစိုးရနှင့် အဆိုးဆုံးဆက်ဆံရေးအခြေအနေဖြစ်လာသည်။

မြန်မာနိုင်ငံအား ပထဝီနိုင်ငံရေးအရ စိုးမိုးလိုသည့် တရုတ်နိုင်ငံသည် စစ်အစိုးရအား တော်လှန်နေသည့် ဗမာပြည်ကွန်မြူနစ်ပါတီအား ထောက်ပံ့ပေးခြင်းဖြင့် မြန်မာစစ်အစိုးရကို စတင်လက်တုံ့ပြန်လိုက်သည်။

ထို့နောက် ဒုတိယခြေလှမ်းအနေဖြင့် တရုတ်ပြည်တွင် ပြုလုပ်သည့် ယဥ်ကျေးမှုတော်လှန်ရေးကို မြန်မာပြည်တွင်းရှိ တရုတ်လူမျိုးများအနေဖြင့် ထောက်ခံရန် တရုတ်သံရုံးက အတိအလင်းတိုက်တွန်းလိုက်သည်။

တရုတ်ကျောင်း ၂၅၉ ကျောင်းရှိတဲ့ အနက် ၇ဝ ရာခိုင်နှုန်းဖြစ်သော ၁၈၃ ကျောင်းက တရုတ်ပြည်သူ့ သမ္မတ နိုင်ငံနှင့် ယဥ်ကျေးမှုတော်လှန်ရေးအား ထောက်ခံကြောင်းကြေငြာခဲ့သည်။

မြန်မာနိုင်ငံရှိ တရုတ်ကျောင်းများတွင် မော်စီတုန်းပုံများ ချိတ်ဆွဲခြင်းမပြုရန် အစိုးရက တားမြစ်ခဲ့သည်။

နိုင်ငံရေးအကြပ်အတည်းဖြစ်နေသော ဗိုလ်ချုပ်ကြီးနေဝင်းနှင့် သူ၏ စစ်ဗိုလ်ချုပ်ကြီးများက ပေါက်ကွဲလုနီးပါးဖြစ်နေသော ပြည်သူလူထုအားထွက်ပေါက်ပေးရန်အတွက် လူမျိုးရေးအဓိကရုဏ်းတစ်ခုကို ပုံဖော်ရန် ဆုံးဖြတ်ခဲ့ကြသည်။

၁၉၆၇ ဇွန်လ ၂၂ ရက်တွင် တရုတ်မိန်းကလေးအလယ်တန်းကျောင်းဟု ခေါ်သော အမှတ်(၃)အခြေခံပညာအလယ်တန်း‌ကျောင်းတွင် မော်စီတုန်းပုံရင်ထိုးတပ်လာသော ကျောင်းသူများနှင့် မြန်မာဆရာမများအကြား ပြဿနာဖြစ်ပွားရာမှ မီးပွားက စလာတော့သည်။

အခြားတရုတ်ကျောင်းများဖြစ်သော ဇုန်ကျန်း၊ နန့်ယန်း၊ ဟွာကျုံးတို့မှ တရုတ်ကျောင်းသားများကလည်း မော်စီတုန်းရင်ထိုးများ တပ်ဆင်ကာ ကျောင်းတက်ကြတော့သည်။

ထိုရင်ထိုးများကို စင်ဝှာသတင်းဌာနနှင့် တရုတ်သံရုံးတို့မှ ဦးစီးကာ ဖြန့်ဝေခဲ့ကြသည်။

မကြာမီ တရုတ်ကျောင်းသားများ၏ ဆန္ဒပြပွဲများဖြစ်ပေါ်ခဲ့ပြီး လုံထိန်းတပ်ဖွဲ့များနှင့် ထိပ်တိုက်တွေ့သည့်အထိ အခြေအနေများဖြစ်လာသည်။

ထိုအချိန်အထိ တရုတ်ကျောင်းသားများနှင့် အစိုးရကိစ္စဖြစ်သည့်အတွက် ဗမာလူမျိုးများမှာ ယင်းကိစ္စကို အာရုံရှိမနေခဲ့ပေ။

ဇွန်လ ၂၄ ရက်နေ့ ညနေပိုင်းတွင် ကြေးမုံ၏ နေအိမ်ရှိရာသို့ ကျော်ဝင်းကြီးနှင့် မိုးကျော်တို့ မော်တော်ကားနှင့် ရောက်လာကြသည်။

“အကိုကြီးတို့ ဘာကိစ္စများရှိလို့လဲဗျ”

“အရေးကြီးတယ်..ကြေးမုံ…မင်းလူတွေထဲက လက်ရဲဇက်ရဲလူတွေ စုထားလိုက်တော့”

“ဘာလုပ်မလို့လဲ..အကိုကြီး”

“ငါတို့ကို အထက်က ခိုင်းလိုက်တာ လုပ်စရာရှိတယ်..မင်းဆီက အမာခံ လူနှစ်ဆယ်လောက်ရနိုင်မလား”

“နှစ်ဆယ်လောက်တော့ ရနိုင်ပါတယ်..အကိုကြီး”

“ဟုတ်ပြီ.မနက်ဖန်..မင်းအိမ်နားတဝိုက်ပဲ ဒီကောင်တွေကို စုထား… တစ်ယောက်ကို ငွေအစိတ်ပေးမယ်လို့ပြောထား… မိုးကျော် လာခေါ်မယ်”

“ဘာကိစ္စလဲ..ပြောပြပါဦး”

“တရုတ်ကျောင်းတွေကို ငါတို့လူတွေဝင်ဖျက်ဆီးဖို့ စစ်တပ်က ခိုင်းနေပြီ..ဒီထက်ပိုပြီး ဘာမှ မသိချင်နဲ့”

ကြေးမုံက မျက်မှောင်ကြုံ့လိုက်သည်။

“ဘာဖြစ်လို့ ကျွန်တော်တို့က တရုတ်ကျောင်းတွေကို…”

“မင်း လျှာမရှည်နဲ့ ကြေးမုံ…ခိုင်းတာကိုသာ လုပ်”

ကျော်ဝင်းကြီးက အောက်သို့ ဆင်းချသွားသည်။

မိုးကျော်က သက်ပြင်းချရင်း ကြေးမုံ ပုခုံးကို ဆုပ်ကိုင်လိုက်သည်။

“သတင်းတွေ နားစွင့်ထား..ငကြေးရေ…ဒီည သတင်းတစ်ခုပြန့်လာလိမ့်မယ်…တရုတ်ကျောင်းသားတွေက ဗမာဆရာမကို မုဒိန်းကျင့်လိုက်တယ်ဆိုတဲ့ သတင်း..အဲ့ဒီသတင်းပြန့်ပြီဆိုတာနဲ့..ငါတို့အလုပ် စရတော့မှာ”

ကြေးမုံက မိုးကျော်၏ ကျောပြင်ကို ငေးကျန်ရစ်သည်။

အုံ့မှိုင်းနေသော ရန်ကုန်မိုးက ဝုန်းခနဲ သဲချလိုက်၏။

မိုး‌သဲသဲကြားတွင် ကျော်ဝင်းနှင့် မိုး‌ကျော်၏ ကားက အရှိန်ပြင်းပြင်းမောင်းထွက်သွားသည်။

………………………………..

“တရုတ်ကျောင်းသားနှစ်ယောက်က ဗမာကျောင်းဆရာမကို သတ်တာတဲ့..သတ်တာတောင်ရိုးရိုးမဟုတ်ဘူးနော်…မုဒိန်းကျင့်ပြီးမှသတ်တာ”

ကြေးမုံက သောက်လက်စ လက်ဖက်ရည်ခွက်ကို အလောတကြီး ပြန်ချလိုက်သည်။

လက်ဖက်ရည်ဆိုင်ပိုင်ရှင်၏ ဇနီးက ထိုအကြောင်းကို အာပေါင်အာရင်းသန်သန်ပြောနေကြ၏။

အချို့က တောက်ခေါက်ကြသည်။ အချို့က မျက်မှောင်ကြုံ့ကြသည်။

“အမကြီး အဲ့ဒီသတင်း ဘယ်ကကြားတာလဲ”

“အခုပဲ စျေးထဲကကြားခဲ့တာ အကိုလေးကြေးမုံ”

“ဘယ်တုန်းကဖြစ်တာတဲ့လဲ”

“ညက ဖြစ်တာလို့တော့..ပြောနေကြတာပဲ”

ကြေးမုံက ဒူးယားတလိပ်ကို မီးညှိ့ရင်း စိုးရ ကို မျက်ခုံးတွန့်ပြလိုက်သည်။

“ကိုစိုးရ…ကိုမိုးကျော်ပြောတဲ့အတိုင်းတော့ ဖြစ်လာပြီ…တို့လူတွေ အသင့်ပဲလား”

“အေး..ငကြေး..တပင်ရွှေထီးအောက်မှာ လူခွဲနေခိုင်းထားတယ်”

“ရော့…နေ့လည်စာ စားဖို့ တစ်ယောက်နှစ်ကျပ်သွားဝေပေးလိုက်ကွာ..ကိုမိုးကျော်က ညနေမှ လာခေါ်မှာ”

ကြေးမုံက စိုးရကို ဆယ်တန်လေးရွက် ပေးလိုက်သည်။

ညနေ (၂)နာရီခန့်တွင် မိုးကျော်ရောက်လာသည်။

ကြေးမုံက မြေနီကုန်းအနောက်ဖက်တွင် ဘိလိယက်ထိုးနေချိန်ဖြစ်သည်။

“ငကြေး…အဆင်သင့်ဖြစ်ပြီလား”

“အသင့်ပဲ..ကိုမိုးကျော်”

“အေး ငကြေး မင်းက ငါနဲ့ အခုလိုက်ခဲ့. မင်းလူတွေကိုတော့.မြေနီကုန်းထိပ်မှာ ဟီးနိုးအပြာရောင်ရပ်ထားတယ်..အဲ့ဒီပေါ်ကို အကုန်တက်ခိုင်းကွာ”

“ကိုစိုးရ ဟိုကောင်တွေကို လာခိုင်းလိုက်တော့”

ကြေးမုံက စိုးရကို ဆိုက်ကယ်သော့ ပေးလိုက်သည်။

စိုးရက ဆိုင်ကယ်ပေါ်တက်ခွကာ မောင်းထွက်သွား၏။

ကြေးမုံက မိုးကျော်၏ ဆိုင်ကယ်နောက်သို့ တက်ခွလိုက်သည်။

“ဘာတွေလုပ်ရဦးမှာလဲ..ကိုမိုးကျော်”

“သတ်ရဖြတ်ရဦးမှာပေါ့ကွာ”

“ကျွန်တော်တို့နဲ့ ဘာမှ မပတ်သတ်တဲ့ တရုတ်ကျောင်းသားတွေကိုပေါ့..ဟုတ်လား”

မိုးကျော်က ကြေးမုံကို ဘာစကားမှ မပြန်ပဲ ဆိုင်ကယ်ကို လီဗာတင်းတင်းဆွဲလိုက်သည်။

………………………………..

၁၉၆၇ ခုနှစ် ဇွန်လ ၂၆ ရက်နေ့။

ရန်ကုန်မြို့ရှိ တရုတ်စာသင်ကျောင်းများ ၊ တရုတ်ဆရာများအသင်း၊ Irrawaddy River Glee ကလပ်၊ တရုတ်စာရေးများအသင်းနှင့် တခြား တရုတ်လူမျိုးများနှင့် ပတ်သက်သည့် အသင်းအဖွဲ့များကို ဒေါသထွက်နေသည့် လူအုပ်ကြီးတစ်ခုက ဝင်ရောက်တိုက်ခိုက်ခဲ့ကြသည်။

သတင်းအတည်ပြုနိုင်ခြင်းမရှိသော မုဒိန်းမှုကောလဟလ ကို အကြောင်းပြုကာ ဗမာလူအုပ်ကြီးက လက်စားဝင်ချေခြင်းဖြစ်ကြောင်း သတင်းများထွက်ပေါ်လာခဲ့သည်။

အစိုးရလုံခြုံရေးအဖွဲ့များက ထိုအဖြစ်အပျက်များကို သူတို့နှင့် မဆိုင်သလို လက်ပိုက်ကြည့်နေခဲ့ကြသည်။

တရုတ်ကျောင်းသားများစွာ သေဆုံးခဲ့ကြရသည်။

ထိုနေ့ညတွင် ကြေးမုံ၏ နေအိမ်တွင် မိုးကျော် ညအိပ်၏။

ကြံတောထဲသို့ အလုပ်ကိစ္စတစ်ခုဖြင့် ရောက်နေသော ဧရာက အရက်တစ်လုံးနှင့် အမြည်းများဆွဲလာသည်။

ကြေးမုံက သွေးပေနေသော အဝတ်အစားများကို ရေပုံးတွင် စိမ်ထားလိုက်ပြီး စီးကရက်ကို ဖွာနေသည်။

“ကိုမိုးကျော်….ကျွန်တော်တော့ စိတ်မချမ်းသာဘူးဗျ..ခင်ဗျားရော”

ဧရာဝယ်လာသော အရက်ပုလင်းကို မိုးကျော်က ဖန်ခွက်ထဲ ငှဲ့ထည့်လိုက်သည်။

ထို့နောက် ယောင်နေသော သူ့လက်ဖျံကို ပွတ်သပ်လိုက်ရင်း သက်ပြင်းချသည်။

“အေးကွာ…ဒီနေ့အစပိုင်းပါပဲ..မနက်ဖြန်တော့ ငါတို့ ပါစရာမလိုတော့ပါဘူး..ငကြေးရာ..ငါတို့က ဘေးကဝိုင်းပေးရုံပါပဲ”

“မနက်ဖြန်ကရော ဘာလုပ်ကြမှာလဲဗျ..အခုကရော..ဒီတရုတ်တွေကို အလကားနေအလကားဝင်သတ်ပြီး ဘာလုပ်ကြတာလဲ”

ဧရာက မိုးကျော်ကို ဝင်မေးသည်။

“နိုင်ငံရေးကိစ္စတွေပဲကွ..ငါတို့လည်းသေချာမသိဘူး…စစ်ထောက်လှမ်းရေးက လသာအဘိုးကြီးနှစ်ယောက်ကို အမိန့်ပေးတယ်..အဲ့ဒီနှစ်ယောက်ကနေ..ကိုကြီးကျော်ဝင်းကို ခိုင်းတယ်..ငါတို့က လိုက်လုပ်ရတယ်..ဒါပဲ”

ကြေးမုံက အရက်တစ်ခွက်ကို ယူသောက်သည်။

“စိတ်ထဲမကောင်းဘူးဗျာ…. ကျောင်းသားလေးတွေဗျ…ကိုယ်လုပ်သမျှ သူတို့မှာခံရရှာတာ..မနက်ဖြန် ဘာတွေလုပ်ဦးမှာလဲ..ကိုမိုးကျော်”

“မနက်ဖြန်ငါတို့ မပါတော့ပါဘူးဆိုနေကွာ..မနက်ဖြန် သမိုင်းဘက်က ဂုန်နီစက်နဲ့ ချည်စက်အလုပ်သမားတွေကို ပိတ်ရက်ပေးလိုက်ပြီ..ညနေပိုင်း မြို့ပတ်ရထားနဲ့ သူတို့အားလုံး လမ်းမတော်ဘူတာကို ပါလာလိမ့်မယ်…ငါတို့က သူတို့ဘေးကနေ အသာလေးဝန်းရံပေးပြီး အစပျိုးပေးရုံပဲ..မကြာခင် တရုတ်တန်းက သွေးချောင်းစီးလိမ့်မယ်”

စကားဝိုင်းက တိတ်ဆိတ်သွားသည်။

ကြေးမုံ၏ အမေ မမြင့်ဝင်းက သူတို့အတွက် ဝက်ဆီဖက်ကြော်တစ်ပန်းကန် မြည်းရန် လာချပေးသွား၏။

“ကိုမိုးကျော်”

ကြေးမုံ၏ အသံက ခြောက်ကပ်နေသည်။

မိုးကျော်က မေးဆတ်ပြသည်။

“အဲ့ဒီအလုပ် ကျွန်တော်မလုပ်ချင်ဘူး”

မိုးကျော်က ခေါင်းခါသည်။

“မင်းမှာ အဲ့ဒီလို ငြင်းခွင့်မရှိဘူး….ငကြေး”

“မဟုတ်သေးဘူးဗျ..ဒီနေ့ကျွန်တော်တို့ လုပ်ရတာကိုပဲ ခင်ဗျားကြည့်ဦး..ကိုယ့်ကို ဘာမှ ပြန်မလုပ်နိုင်တဲ့ တရုတ်ကျောင်းသားလေးတွေကို ရိုက်နှက်ခုတ်သတ်နေရတာ ခင်‌ဗျား မရှက်ဘူးလား…အဲ့ဒါ လူမိုက်တဲ့လား…ခိုင်းလို့လုပ်ရတယ်မပြောနဲ့… မိုးကျော်တဲ့..လက်ပြတ်မိုးကျော်တဲ့..သူများခိုင်းတာဘာမှန်းမသိလုပ်ရပြီး လူမိုက်ဘွဲ့ခံမနေနဲ့…ရှက်စရာကောင်းတယ်ဗျ..ထွီ”

“ဟာ..ငါလိုးမကလေးကတော့ သေတော့မယ်”

မိုးကျော်က ကြေးမုံ၏ အင်္ကျီကော်လံကို စောင့်ဆွဲကာ ခါးကြားမှ စကေဘာဖြင့် လည်ပင်းကို ထောက်ထားလိုက်၏။

ဧရာလေးက မိုးကျော်၏ လက်ဖျံကို ချုပ်ကိုင်ကာ နောက်သို့ ဆွဲလှဲလိုက်သည်။

“ဟေ့ကောင် ကြေးမုံတော်တော့….ကိုမိုးကျော်လည်း လက်မပါနဲ့လေဗျာ..ခင်ဗျားတို့ အေးအေးဆေးဆေးသောက်စရာရှိတာ သောက်ပါဗျာ..အချင်းချင်းတွေ..ဖြစ်စရာလား..တော်တော့..တော်တော့”

ခက်ဇော်