မွန်တွင် စပါးဈေးကောင်းရသော်လည်း လယ်သမားများ တွက်ခြေမကိုက်

0
3524

မွန်ပြည်နယ်တွင် ယခုနှစ် မိုးစပါးပေါ်ချိန်တွင် စပါးဈေးကောင်းရနေသော်လည်း လယ်သမားများအတွက် တွက်ခြေမကိုက်ကြောင်း စပါးစိုက်တောင်သူတို့၏ ပြောပြချက်အရ သိရသည်။

မိုးစပါးပေါ်ချိန်တွင် မွန်ပြည်နယ်အတွင်း စပါးကြမ်းအုပ်စုဝင် စပါး တင်း ၁၀၀ လျှင် ကျပ် ၁၀ သိန်းကျော်၊ စပါးချောအုပ်စုဝင် စပါး တင်း ၁၀၀ လျှင် ကျပ် ၁၂ သိန်းကျော် ပေါက်ဈေးရှိနေသည်ဟု စပါးကုန်သည်နှင့် စပါးစိုက်တောင်သူတို့က ပြောသည်။

လက်ရှိ စပါးပေါက်ဈေးသည် ယမန်နှစ်ဈေးနှင့် နှိုင်းယှဉ်ကြည့်လျှင် စပါးတင်း ၁၀၀ လျှင် ကျပ် ၂ သိန်းခန့် ကွာဟမှုရှိနေသည်ဟုလည်း စပါးကုန်သည်တို့ထံမှ သိရသည်။

“ဒီနှစ် စပါးဈေးကတော့ တင်း ၁၀၀ မှာ ၁ သိန်းကျော် ၂ သိန်းလောက် ဈေးပိုရတယ်။ မနှစ်ကဈေးနဲ့ ယှဉ်ရင်ပေါ့” ဟု စပါးကုန်သည်တစ်ဦးဖြစ်သည့် ဒေါ်မီးက ပြောသည်။

ယခုနှစ်တွင် စပါးဈေးကောင်းရနေသော်လည်း လယ်ယာသုံး သွင်းအားစုများနှင့် အထွေထွေ ကုန်ကျစရိတ် ကြီးမြင့်နေတို့မှုကြောင့် တွက်ခြေမကိုက်ကြကြောင်း စပါးစိုက်တောင်သူများက ပြောဆိုသည်။

“စပါးဈေးကောင်းပေမယ့် ကုန်ထားတဲ့ကုန်ကျစရိတ်နဲ့ တွက်ကြည့်ရင် ဘာမှမကျန်တော့ဘူး။ မြေဩဇာဆိုရင် မနှစ်ကထက်ကို သုံးဆလောက် ဈေးတက်သွားတယ်လေ” ဟု မုဒုံမြို့နယ်မှ တောင်သူလယ်သမားတစ်ဦးက ပြောသည်။

စပါးစပေါ်ချိန်တွင် ဈေးကောင်းနေသော်လည်း စပါးလှိုင်လှိုင်ပေါ်လာချိန်တွင် စပါးဈေးကျသွားမည်ကိုလည်း စပါးစိုက်တောင်သူတို့က စိုးရိမ်နေကြသည်။

“အခုက စပါးစရိတ်ချိန်မို့ ဒီဈေးတွေနဲ့ ရနေတာ။ နယ်စုံက စပါးထွက်လာရင်တော့ စပါးဈေးပြန်ကျမှာ။ ဒါ နှစ်တိုင်း ကြုံတွေ့နေရတာ။ လယ်လုပ်ရတာ အခက်အခဲတွေက အများကြီးပါ” ဟု လယ်ဧက ၂၀ ကျော်ပိုင်ဆိုင်ထားသည့် လယ်သမားတစ်ဦးက ပြောသည်။

မွန်ပြည်နယ်တွင် ရော်ဘာပြီးလျှင် စပါးစိုက်ပျိုးခြင်းသည် ပြည်နယ်၏ အဓိက စီးပွားရေး လုပ်ငန်းအဖြစ် လုပ်ကိုင်စားသောက်ကြပြီး မိုးစပါးကို အဓိကထား စိုက်ပျိုးကြသည်။

မွန်ပြည်နယ်အတွင်း မိုးစပါးစိုက်ပျိုး ဧက ခုနစ် သိန်းနီးပါးရှိပြီး စပါးကြမ်းအုပ်စုဝင် စပါး စိုက်ပျိုးမှု ၄၀ ရာခိုင်နှုန်းရှိကာ စပါးချောအုပ်စုဝင် စပါးစိုက်ပျိုးမှု ၆၀ ရာခိုင်နှုန်းရှိကြောင်း မွန်ပြည်နယ်စပါးကုန်သည်များအသင်းထံမှ သိရသည်။