ဒေါ်လာငွေလဲနှုန်း မြင့်တက်နေသော်လည်း ရော်ဘာဈေးကျ

0
3600

ဒေါ်လာငွေလဲနှုန်း မြင့်တက်နေသည့်ကာလဖြစ်သော်လည်း ရော်ဘာ ဈေးကျနေကြောင်း အစေးရည် ဝယ်သည့် စက်ရုံနှင့် နေလှန်းပြားရောင်းဝယ်သည့်ပွဲရုံအချို့ထံက သိရသည်။

ရော်ဘာအစေးရည်ဈေးမှာ တစ်ပေါင်လျှင် ရာသီဖွင့်စကထက် ကျပ်တစ်ရာခန့် ဈေးပြန်ကျနေပြီး နေလှန်ပြားမှာလည်း ၃၆၀ ကျပ်ဝန်းကျင် ဈေးပြန်ကျနေကြောင်း ၎င်းတို့ထံမှ သိရသည်။

လက်ရှိတွင် အမေရိကန်တစ်ဒေါ်လာကို မြန်မာငွေကျပ် ၃၀၀၀ ဝန်းကျင်ခန့်ရှိပြီး ထိုင်း တစ်ဘတ်လျှင် မြန်မာငွေ ၇၇ ကျပ် ရှိသည်။

ယင်းသို့ နိုင်ငံခြားငွေလဲနှုန်း ဈေးမြင့်နေချိန် ရော်ဘာဈေးပြန်ကျလာခြင်းမှာ လက်ရှိကာလအထိ ပြည်တွင်း၊ ပြည်ပ ဝယ်လက်နည်းနေခြင်း၊ ပြည်ပသို့ ရော်ဘာတင်ပို့နေသည့် လုပ်ငန်းရှင်များ၏ နိုင်ငံခြားငွေ သုံးစွဲမှုအပေါ် ကန့်သတ်မှု များ ရှိနေခြင်းတို့ကြောင့်ဖြစ်ကြောင်း လုပ်ငန်းရှင်အချို့ထံမှ သိရသည်။

ယင်းအပြင် ရော်ဘာမှာလည်း အရည်အသွေးပြည့်မီသည့် နေလှန်းပြားများ မရသေးခြင်း၊ အစေးရည်ရရှိမှု နည်းနေခြင်း၊ ဈေးကွက်မတည်ငြိမ်သေးခြင်းတို့ကြောင့် ဈေးပြန်ကျလာခြင်းဖြစ်ကြောင်း ၎င်းတို့က ပြောဆိုသည်။

နိုင်ငံတကာ ငွေကြေးခဝါချမှုဆိုင်ရာစောင့်ကြည့်အရေးယူရေးအဖွဲ့ FATF (Financial Action Task Force) က မြန်မာနိုင်ငံကို အမည်ပျက်စာရင်းကြေညာပြီးနောက် ပြည်တွင်းစီးပွားရေးလုပ်ငန်းရှင်များကြား စိုးရိမ်မှု ရှိနေခြင်းနှင့်လည်း သက်ဆိုင်သည်ဟု လုပ်ငန်းရှင်အချို့က ဆိုသည်။

“(ရော်ဘာတင်ပို့သူ ကုန်သည်ကြီးတွေ) သူတို့ပြောတာတော့ Black List လုပ်ခံရပြီးတဲ့ နောက်ပိုင်းမှာ ငွေကြေး စီးဆင်းမှု မရှိတော့ဘူးလို့ ပြောသံကြားတယ်။ နောက်တစ်ချက်က ကမ္ဘာ့ဈေးလည်းပါတယ်။ နောက်တစ်ချက်က ဝယ်လက်အရမ်းနည်းနေတယ်” ဟု ထားဝယ်မြို့ ဝဲကျွန်းမြို့သစ် (၄) လမ်းရှိ ရော်ဘာပွဲရုံပိုင်ရှင် အမျိုးသားတစ်ဦးက ပြောသည်။

ရော်ဘာစတင်ထွက်ရှိသည့် (သီတင်းကျွတ်ကာလ) တွင် နေလှန်းပြားတစ်ပေါင်ကို ၁၅၆၀ ကျပ်ခန့်ဖြင့် ဈေးဖွင့် ခဲ့သော်လည်း ယခု (နိုဝင်ဘာ ၁ ရက်မေးမြန်းချက်အရ) တွင် နေလှန်းပြားတစ်ပေါင်ကို ၁၂၀၀ ကျပ်ခန့်သာ ရှိတော့သည်ဟု အထက်ပါအမျိုးသားက ပြောဆိုသည်။

“ဒေသတွင်းမှာထွက်နေတဲ့ ပစ္စည်းတွေက နေလှန်းပြားမဟုတ်ဘဲ အစိမ်းပြားတွေ ဖြစ်နေတယ်။ ရောင်းတန်းမဝင်ဘဲနဲ့ လူတွေက လိုက်ရောင်းနေတော့ ဒိုင်တွေအကုန်လုံးမှာ Block နေကြတာပေါ့” ဟုလည်း ၎င်းက ဆက်လက်ပြောဆို သည်။

အမည်ပျက်စာရင်းအသွင်းခံရမှုကြောင့် ပြည်ပဝယ်လက် မရှိတော့မည်ကို စိုးရိမ်နေကြောင်း ထားဝယ်ရွှေပြည် အဆင့်မြင့် မှိုင်းခံစက်ရုံမှ မန်နေဂျာ ဦးထွန်းထွန်းလတ်က ပြောသည်။

“Black list ကြောင့် တခြားနိုင်ငံတွေ လာဝယ်ပါဦးမလားဆိုတဲ့ စိုးရိမ်မှုလည်းပါတယ်။ ဒီတစ်မျိုးတည်းတော့ မဟုတ်ဘူး။ အကြောင်းကြောင်းတွေနဲ့ ဖြစ်လာတော့ဈေးတွေက ကမောက်ကမဖြစ်လာတာပေါ့။ မပေးရဲကြဘူး။ အဲဒီလိုပုံစံလေးတွေလည်း ရှိတယ်” ဟု ၎င်းက ဆိုသည်။

လက်ရှိ ကုန်ဈေးနှုန်း၊ ထုတ်လုပ်မှုစရိတ်၊ အလုပ်သမား စရိတ်များနှင့် သွင်းအားစုစရိတ်များနှင့် နှိုင်းယှဉ်လျှင် တစ်ပေါင် ၁၂၀၀ ခန့်မှာ ခြံရှင်များအတွက် တွက်ခြေမကိုက်ကြောင်း ရော်ဘာခြံပိုင်ရှင်အချို့က ပြောသည်။

“ခြံလုပ်နေတာလောက်ပဲ ရှိတယ်။ အရှုံးအမြတ်လည်း တွက်မရဘူးဖြစ်လာတယ်။ ကြိုက်ရောင်း ကြိုက်ဝယ်ပေါ့လေ။ ကိုယ့်မှာ အခက်အခဲဖြစ်နေရင်လည်း ဒီဈေးနဲ့ ရောင်းမှပဲ” ဟု ထားဝယ်မြို့နယ်မှ ရော်ဘာခြံပိုင်ရှင် အမျိုးသားတစ်ဦးက ပြောသည်။

ရော်ဘာအစေးရည် စတင်ဝယ်ယူသည့် အောက်တိုဘာလ ၁၉ ရက်ခန့်က အစေးရည် တစ်ပေါင်ကို ၁၄၀၀ ကျပ်ခန့် ဈေးရှိသော်လည်း အောက်တိုဘာလ ၃၁ ရက်တွင် အစေးရည်တစ်ပေါင်ကို ၁၂၅၀ ကျပ်ခန့်သာ ရှိတော့သည်ဟု ဦးထွန်းထွန်းလတ်က ပြောဆိုသည်။

ထားဝယ်နဂါးရော်ဘာစက်ရုံမှ တာဝန်ရှိသူတစ်ဦးကမူ ယခုနှစ် အစေးရည်စတင်ဝယ်ယူသည့် အောက်တိုဘာလ တတိယအပတ်ခန့်တွင် တစ်ပေါင်ကို ၁၃၅၀ ဈေးရှိပြီး လက်ရှိ ၁၃၀၀ ဖြင့် ဝယ်ယူနေကြောင်း ပြောသည်။