မြိတ် တုံးဗျောရွာတွင် တိုက်ပွဲဖြစ်၊ အုပ်ချုပ်ရေးမှူးအပါအဝင် သေဆုံးထိခိုက်သူအချို့ရှိဟုဆို

0
4473

မြိတ်မြို့နယ်၊ တုံးဗျောကျေးရွာတွင် ယနေ့ နိုဝင်ဘာလ ၂ ရက် နံနက်က တိုက်ပွဲဖြစ်ပွားပြီး ကျေးရွာအုပ်ချုပ်ရေးမှူး အပါအဝင် စစ်ကောင်စီတပ်ဘက်က ထိခိုက်သေဆုံးမှုရှိသည်ဟု သိရကြောင်း ဒေသခံများထံမှ သိရသည်။

တုံးဗျောကျေးရွာရှိ စစ်ကောင်စီကင်းစခန်းနှင့် အုပ်ချုပ်ရေးမှူး တည်းခိုနေသည့် နေအိမ်တို့အား ယနေ့ နံနက် ၅ နာရီခွဲခန့်က ပြည်သူ့ကာကွယ်ရေးတပ်များက လာရောက်ပစ်ခတ်တိုက်ခိုက်ကြောင်း ဒေသခံများက ဆိုသည်။

“အုပ်ချုပ်ရေးမှူး ဦးစိန်သန်းက အိမ်ကနေ ကားထဲအဝင်မှာ ပစ်ခံရပြီးသေတယ်။ အခုတုံးဗျောငယ်ရွာက သူ့အိမ်မှာပဲ အလောင်းကို ထားထားတယ်” ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

အုပ်ချုပ်ရေးမှူး ဦးစိန်သန်းမှာ ရွာတွင်မနေဘဲ ရှောင်တိမ်းနေရာမှ ယခုရက်ပိုင်းအတွင်း ပြန်လည်ရောက်ရှိလာပြီး စစ်ကောင်စီတပ်များနှင့် သွားအတူလာအတူ နေထိုင်နေသည်ဟု ဒေသခံများက ပြောဆိုသည်။

ယင်းနောက် စစ်ကောင်စီကင်းစခန်းကိုလည်း ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့သည့်အတွက် ဒုအရာခံဗိုလ်တစ်ဦး သေဆုံးပြီး စစ်ကောင်စီဘက်က ငါးဦးထက်မနည်း ဒဏ်ရာရရှိခဲ့သည်ဟု သတင်းထွက်နေကြောင်း ဒေသခံအချို့ ပြောသည်။

စစ်ကောင်စီတပ်က သေဆုံး၊ ဒဏ်ရာရှိမှုနှင့် ပတ်သက်ပြီး Dawei Watch အနေဖြင့် သီးခြားအတည်ပြုချက် မရရှိသေးပေ။

ပြည်သူ့ကာကွယ်ရေးတပ်များ ရွာမှ နံနက် ၆နာရီကျော်တွင် ပြန်လည်ထွက်ခွာသွားချိန်တွင် စစ်ကောင်စီတပ်က လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် နံနက် ၇ နာရီခွဲအထိ အဆက်မပြတ်ပစ်ခတ်ခဲ့ကြောင်း ဒေသခံများက ပြောသည်။

“ပစ်ခတ်သံ စဲတဲ့အချိန် နာရေးကားတွေက ဒီမနက် ၈ နာရီမှ ရောက်လာကြတယ်” ဟု ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။

တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်အကူများ ရောက်ရှိလာပြီး ရွာအဝင် ပြည်ထောင်စုလမ်းမကြီးအား ပိတ်ဆို့ ကာ စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း ဒေသခံများက ဆိုသည်။

“ရွာသားတွေကတော့ ဒီမနက်ပဲ ကားကြီး၊ ကားငယ်တွေနဲ့ နီးစပ်ရာရွာတွေဖက် အကုန်ပြောင်းပြေးကုန်ကြပြီ” ဟု ဒေသခံအမျိုးသမီးက ပြောဆိုသည်။

ပြည်သူ့ကာကွယ်ရေးတပ်များဘက်က ထိခိုက်သေဆုံးမှုရှိမရှိကို မသိရသေးကြောင်း ဒေသခံများက ဆိုသည်။

အောက်တိုဘာလ ၁၃ ရက်ကလည်း တုံးဗျောကျေးရွာသို့ ပြည်သူ့ကာကွယ်ရေးတပ်များ ရောက်ရှိလာပြီး အုပ်ချုပ်ရေးမှူး ဦးစိန်သန်း၏နေအိမ်ရှိ အိမ်ထောင်ပရိဘောဂနှင့် ပစ္စည်းအချို့ကို မီးရှို့သတိပေးခဲ့သည်။

အဆိုပါကျေးရွာတွင် ဇူလိုင်လ ၁၇ ရက်ကလည်း ပျူစောထီးဒုခေါင်းဆောင် သေနတ်ပစ်သတ်ခံရပြီး အဖွဲ့ဝင် တစ်ဦးလည်း ဒဏ်ရာရရှိခဲ့သည်။

တုံးဗျောကျေးရွာသည် မြိတ်-တနင်္သာရီ-ကော့သောင်း ပြည်ထောင်စုလမ်းမပေါ်တွင် တည်ရှိသည့် ရွာကြီးတစ်ရွာဖြစ်ပြီး ပျူစောထီး အားကောင်းသည့် ကျေးရွာဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။