အမှောင်ထဲမှ မင်းသားများ (၁၉၇၀)

0
702

အခန်း(၇)

ကြေးမုံ။

(၁၅)နှစ်သား။ မြေနီကုန်းနယ်မြေအပိုင်စားတဲ့။

ထိုအချိန်က ရန်ကုန်လူမိုက်လောကတွင်း ပြောစမှတ်ဖြစ်ခဲ့သည့်အဖြစ်။

ကြေးမုံသည် အသက်(၁၅)နှစ်တွင်‌ မြေနီကုန်းစမ်းချောင်းတခွင်အခြေချကာ ရန်ကုန်မြို့၏ ခါးလောကကို အုပ်စိုးရသည့် ဘုရင်ကလေးဖြစ်လာခဲ့သည်။

သူ့နောက်တွင် ပန်းဆိုးတန်းမှ ကျော်ဝင်းကြီးနှင့် မိုးကျော်တို့ ရှိနေသည်။

အစပိုင်းကာလများတွင် မြေနီကုန်းဂွင်တွင် မိုးကျော် နှင့် ကြေးမုံ တွဲလျက်နေရာယူထားသဖြင့် အသံသိပ်မထွက်။

ရန်ကုန်တစ်မြို့လုံးရှိ ခါးလိုင်းမှ ခါးပိုက်နှိုက်များသည် ယခင်က ပန်းဆိုးတန်းကျော်ဝင်းထံတွင် ပစ္စည်းသွင်းကြရသည်။

နောက်ပိုင်းတွင် မြေနီကုန်း၊ တပင်‌ရွှေထီးရုပ်ရှင်ရုံဘေး လက်ဖက်ရည်ဆိုင်တွင် ထိုင်လေ့ရှိသော ကြေးမုံထံ သွားရတော့သည်။

ခါးလောက၏ နယ်မြေခွဲခြမ်းရေးကိစ္စများကိုပါ ကြေးမုံက ဆုံးဖြတ်ပေးရသည်။

တစ်နှစ်ကျော်ကာလအတွင်း မိုးကျော် တဖြည်းဖြည်းအလာကြဲသွားသည့်အခါ ကြေးမုံတစ်ယောက်သာကျန်ရစ်သည်။

ကြေးမုံ ကား လူအုပ်စုဖြင့် နေတတ်သူမဟုတ်။

စိုးရ၊ မွှေးနီ စသော ခါးလိုင်းမှ သူ့သူငယ်ချင်းတစု နှင့် ရံဖန်ရံခါမှသာ တွဲတတ်သည်။

များသောအားဖြင့် ကြေးမုံသည် တကိုယ်တော်။ ထို့ကြောင့် ငချွတ်ကလေး ကြေးမုံ ကို သူတို့လောကသားများမှလွဲပြီး ကျန်သူများက မသိကြ။

တစ်ခါတစ်ရံ ကျော်ဝင်းကြီးနှင့်အတူ အလုပ်လုပ်နေရသည့် ဧရာ ရောက်လာတတ်သည်။

ဧရာကား ကျော်ဝင်းကြီး၏ အလုပ်သစ်ဖြစ်သော ကြံတောသင်္ချိုင်းအတွင်းမှ ဆေးခြောက်အရောင်းအဝယ်နှင့် အရက်ပုန်းလိုင်းများကို ယက္ခကြီး၊ အနူနှာနီတို့နှင့်အတူ ကိုင်တွယ်နေပြီဖြစ်သည်။

မြေနီကုန်းတွင် ယခင်ကတည်းက နာမည်ထွက်ပြီးသား လူမိုက်အဖြစ် မုန့်လက်ဆောင်းကုန်းမှ ရွှေသွားခင်မောင် ရှိနေသည်။

ရွှေသွားကား သူတို့လောကတွင် ဂျမ်း လိုင်းဟုခေါ်သည့် အနုကြမ်းစီးသည့်လိုင်းကဖြစ်သည်။

ကြေးမုံ၏ ဆရာ ကြယ်နီနှင့် ခေတ်ပြိုင်များဖြစ်သဖြင့် ကြေးမုံတို့အား ကြယ်နီကျောင်းသားလေးများအဖြစ်သာ သိခဲ့သည်။

ထို့ကြောင့် မနေ့တနေ့ကမှ ကျော်ဝင်းကြီးအရှိန်ဖြင့် ရောက်လာသည့် ကြေးမုံကို အထင်မကြီး။

ရွှေသွားတွင် စမ်းချောင်းတဝိုက်မှ တပည့်လက်သား (၃၀)ခန့်လည်းရှိနေသည်။

ထို့ကြောင့် မိုးကျော် မရှိတော့သည်နှင့် မြေနီကုန်းနှင့် စမ်းချောင်း အတွင်းရှိ အချို့ကိစ္စများတွင် ကြေးမုံကို ကျော်ြပီး နေရာဝင်ယူရန် ကြိုးစားနေသည်။

၁၉၆၅ ခုနှစ်။ အောက်တိုဘာ ၂၅ ရက်။ ည (၁၂)နာရီ။

မြေနီကုန်း ရတနာပုံရုပ်ရှင်ရုံတွင် ဒါရိုက်တာ ပိသုကာခင်မောင်ရင် ၏ “နှမလက်လျှော့နေလေတော့” ဇာတ်ကား ပရက်ရှိုးပွဲအား ပြသနေသည်။

ထိုစဥ်က တွံတေးသိန်းတန်း၏ “နှမလက်လျှော့နေလေတော့”သီချင်းမှာ မြန်မာပြည်တွင် လွန်စွာပေါက်နေချိန်။

ထိုဇာတ်ကားတွင် ပါဝင်သည့် မင်းသားနာမည်မှာလည်း သိန်းတန် ဟု ဆိုပေရာ တွံတေးသိန်းတန် လာကြည့်မည် အထင်နှင့် လူအများက ဝိုင်းအုံနေကြသည်။

တကယ်တမ်း ထိုဇာတ်ကားတွင် ပါသည့် မင်းသားသိန်းတန်မှာ တွံတေးသိန်းတန်မဟုတ်။ စာရေးဆရာမကြီး ဂျာနယ်ကျော်မမလေး၏ သား မောင်သိန်းတန် သာဖြစ်သည်။

ထို ဇာတ်ကားစစချင်းတွင် ပဲပြုတ်သည်မလေးတစ်ယောက် တက္ကသိုလ်ရိပ်သာလမ်းမှ လှည်းတန်းအထိ လမ်းလျှောက်သွားသည့်အခန်းနှင့် မြစ်ဝကျွန်းပေါ်တွင် ရေကျချိန်သောင်စပ်တွင် လှည်းတန်းကြီးလာနေသည့်အခန်းကို အချိန်အတော်ကြီးကြာအောင် အနှေးရိုက်ပြထားသဖြင့် ရုပ်ရှင်ကြည့်သူများ အကြား သဘောထားများစွာ ကွဲလွဲခဲ့သော ရုပ်ရှင်လည်းဖြစ်သည်။

သို့သော်ငြားရုပ်ရှင်လောကမှ တခြားမင်းသား၊မင်းသမီးအချို့လည်း လာရောက်သဖြင့် လူအုပ်ကြီးမှာ ရှဲမသွား။

ထိုပွဲသို့ လာသော ရုပ်ရှင်မင်းသမီးဘေဘီနွဲ့ ၏ ရွှေဆွဲကြိုးမှာ လူအုပ်ကြားမှ ခါးပိုက်နှိုက်တစ်ဦး၏ ဆွဲဖြတ်ခြင်းကို ခံလိုက်ရသည်။

ဘေဘီနွဲ့ သည် နာမည်ကျော် အဆိုတော်ရုပ်ရှင်မင်းသမီးကြီးဖြစ်ပြီး သူ၏ဖခင်မှာ အင်္ဂလိပ်ခေတ် ရာဇဝတ်ဝန်ထောက် မစ္စတာအယ်ဒီဘွိုက်ဖြစ်သည်။

နိုင်ငံတော်ပွဲများတွင် ပါဝင်ဖျော်ဖြေရပြီး ၁၉၅၅ ခုနှစ်တွင် ယူဂိုဆလပ်သမ္မတကြီး မာရှယ်တီတိုး၏ ရွှေတံဆိပ်ချီးမြှင့်ခြင်းခံခဲ့ရဘူးသည်။

အစိုးရထိပ်ပိုင်းအရာရှိများ၊ စစ်တပ်ခေါင်းဆောင်ပိုင်းများ နှင့် ပုဂ္ဂိုလ်ရေးအရ ရင်းနှီးမှုများရှိသဖြင့် ထိုအမှုမှာ ရန်ကုန်ရဲတပ်ဖွဲ့အတွက် ဖိအားတစ်ခုဖြစ်လာလေသည်။

ဘေဘီနွဲ့ကလည်း ထိုဆွဲကြိုးမှာ မိခင်ဖြစ်သူ ဒေါ်ခင်မမ၏ အမွေပစ္စည်းဖြစ်သဖြင့် ရသည့်နည်းဖြင့် ပြန်လိုချင်နေသည်။

ထိုပြဿနာကား ခါးလိုင်းကို ကိုင်ထားသော ပန်းဆိုးတန်းကျော်ဝင်းကြီးဆီသို့ ဆိုက်ရောက်လာတော့သည်။

ကြေးမုံ ခေတ္တငှားနေသော ရှမ်းလမ်းထိပ်မှ တိုက်ခန်းရှေ့သို့ အနက်ရောင် ဘောက်စ်ဝယ်ဂွန်လိပ်ခုံကားတစ်စီး လာရပ်သည်။

ကားပေါ်မှာ ကျော်ဝင်းကြီး၊ အီဆတ် နှင့် ဧရာ တို့ဆင်းလာကြသည်။

တံခါးခေါက်လိုက်သည့်အခါ ကြေးမုံက တံခါး ထဖွင့်လိုက်သည်။

“ဟာ.အကိုကြီးတို့..လာပါ..လာပါ”

ကျော်ဝင်းကြီးက အိမ်ထဲသို့ ဝင်လိုက်သည်။

အိမ်ထဲတွင် မည်သည့်ပရိဘောဂမှ မရှိ။

ပြတင်းပေါက်အနီးတွင် ကြေးမုံ၏ အိပ်ရာကို တွေ့ရသည်။

“မင်းနေရာက ထိုင်ခုံတောင် မရှိပါလားကွ..ငကြေး”

“ဟုတ်တယ်..အကိုကြီး..မဝယ်ရသေးတာပါ”

“မင်းဒီမှာနေတာ ဘယ်လောက်ကြာပြီလဲ”

“တစ်နှစ်ရှိပြီ..အကိုကြီး”

“မင်းတစ်ယောက်တည်းလား”

“ဟုတ်ပါတယ်”

“အေး..ရော့”

ကျော်ဝင်းကြီးက ကြေးမုံကို ဓာတ်ပုံတစ်ပုံကမ်းပေးသည်။

ပုံက မင်းသမီးဘေဘီနွဲ့ပုံမို့ ကြေးမုံကြောင်သွား၏။

“ဘေဘီနွဲ့ ဘာဖြစ်လို့လဲ..အကိုကြီး”

“ညက ရတနာပုံရုပ်ရှင်ရုံမှာ အဲ့ဒီဓာတ်ပုံထဲ သူဆွဲထားတဲ့ ‌ရွှေဆွဲကြိုးဖြတ်ခံလိုက်ရတယ်။ အဲ့ဒါကို ငါပြန်လိုချင်တယ်”

ကြေးမုံက ဘေဘီနွဲ့ ပုံမှ ဆွဲကြိုးကို သေချာပြူးကြည့်သည်။

“ကျွန်တော့်ဆီတော့ ဒီဆွဲကြိုး ရောက်မလာဘူး..အကိုကြီး”

ကျ်ောဝင်းကြီးက ကြေးမုံ နားကပ်လာသည်။

“မင်းကို ဒီလိုင်းအပိုင်ပေးထားတာလေ..ဒီဆွဲကြိုးက မင်းဆီမရောက်ပဲ ဘယ်ခွေးသူခိုးဆီ ရောက်နေတာလဲ”

“ကျွန်တော်မသိဘူး”

“ဟ…မင်း.မသိလို့ရမလားကွ..မင်းကို ဂွင်တစ်ခုလုံးအပိုင်စားပေးထားတာ….မင်း မသိဘူးဆိုတော့…မင်း စောက်လုပ်ကို ဘယ်လိုလုပ်နေလဲ”

“နေဦး..ကျွန်တော့်ကောင်တွေကို ကျွန်တော်မေးကြည့်ဦးမယ်”

“အေး..ဒီဆွဲကြိုးက မြွေနော်…မီးခိုးကြွက်လျှောက် အကုန်မော်စကို ရောက်ကုန်မယ့်ဆွဲကြိုး…ဆွဲကြိုးက မင်းဆီကို မလာပဲ ဂွင်ကျော်ခံရတယ်ဆို ဂွင်ကျော်တဲ့ကောင်ကို ရှင်းဖို့ကမင်းကိစ္စပဲ..ငကြေး..မင်းကို ငါယုံကြည်လို့ ဒီလိုင်းကို အပိုင်စားပေးထားတာ.. ငါ့ မနက်ဖြန် ညနေ နောက်ဆုံး ဒီဆွဲကြိုးကို ပြန်လိုချင်တယ်…”

ကျော်ဝင်းကြီးက ပြောပြီးသည်နှင့် ပြန်ဆင်းသွားသည်။

ကြေးမုံက ဘေဘီနွဲ့ဓာတ်ပုံကို ကိုင်လျက်ကျန်ခဲ့၏။

ဧရာက လိုက်မသွားသေးပဲ ကြေးမုံနား ကပ်လာသည်။

“ကြေးမုံ..စိုးရတို့ကို စုလိုက်..တစ်ခုခုဆို ငါ့ကို လှမ်းခေါ်ဖို့မမေ့နဲ့..ကိုကျော်ဝင်းအိမ်ဖုန်း မင်းမှာရှိတယ်မဟုတ်လား”

“ရတယ်…ဧရာ..ငါ့ကိစ္စ ငါရှင်းမယ်”

“အေး ဒါဆိုလည်း ပြီးတာပဲ….ဒီနေ့လည် ငါလာခဲ့ဦးမယ်”

………………………………..

မြေနီကုန်းတပင်ရွှေထီးရုပ်ရှင်ရုံအနီး လက်ဖက်ရည်ဆိုင်တွင် ကြေးမုံ ထိုင်နေသည်။

ကြေးမုံရှေ့တွင် ရန်ကုန်ခါးလောက၏ နယ်မြေအပိုင်များဖြစ်သော အကြီးကောင်၊ မှည့်ကြီး၊ မွန်လေး၊မရမ်းသီး၊ မော်စီတုံး တို့ ထိုင်နေကြသည်။

ဘေးဝိုင်းတွင်တော့ ကြေးမုံ၏ လက်ရင်းစွဲသူငယ်ချင်းများဖြစ်သော စိုးရ၊ မွှေးနီ နှင့် ခါးပိုက်နှိုက်‌ဟောင်း မဂျစ်ကြီး ပါ ရှိနေသည်။

ခါးအပိုင်များက ကြေးမုံပေးသော ဓာတ်ပုံကို တစ်ယောက်တစ်လှည့်ယူကြည့်ကြသည်။

“စော်ကြီးက တော်တော်မှည့်တာပဲ”

အကြီးကောင်က ပြောသည်။

“ကိုအကြီးကောင်..ခင်ဗျား…ကို စော်ပုံပြနေတောမဟုတ်ဘူး…အဲ့ဒီဆွဲကြိုး ဘယ်သူ့ဂွင်က ကောင်လုပ်တာလဲမေးနေတာ..ကျွန်တော့်ကောင်တွေတော့ တစ်ကောင်မှမဟုတ်ဘူး..ခင်ဗျားတို့ လူတွေထဲက ဘယ်ကောင် လုပ်တာလဲ…ပြော”

ဆံပင်တိုတိုပါးပါး၊ အသားဖြူဖြူ ၊ ခပ်ဝဝ မွန်လေးက ရေနွေးကြမ်းကို မှုတ်လိုက်သည်။ မွန်လေး၏ ပုံစံက ရပ်ကွက်ကောင်စီဥက္ကဌလိုလို၊ ပါတီကောင်စီလိုလို ဂိုက်ဆိုက်ဖြစ်သည်။

“ရတနာပုံရုပ်ရှင်ရုံဆိုရင်တော့….တခါတခါ ဟိုကောင် ကျော်ချစ်ဝင်လှုပ်ရှားတတ်တယ်”

“ကျော်ချစ်ဆိုတာ”

“ငါတို့ အုပ်တဲ့လိုင်းတွေထဲကတော့ မဟုတ်ဘူး..ကြေးမုံ….ရွှေသွားတို့အုပ်စုထဲကပဲ..တခါတလေလည်းခါးလိုင်းဝင်လုပ်တဲ့ကောင်”

“သေချာလားဗျ”

“ခဏစောင့်ပေးကွာ”

မွန်လေးက လက်ဖက်ရည်ဆိုင်အပြင်ဘက်သို့ ထွက်သွားပြီး ဆိုက်ကားတစ်စီးငှားကာ ထွက်သွားသည်။

ဆယ့်ငါးမိနစ်ခန့်အကြာ ထိုဆိုက်ကားနှင့်ပင် မွန်လေးပြန်ရောက်လာသည်။

“သေချာတယ်..ကြေးမုံ..ရုပ်ရှင်ရုံက ငါ့ဂယက်တွေကို မေးပြီးပြီ…ကျော်ချစ် လုပ်သွားတာပဲ”

“အဲ့ဒီကောင်ကို ကျွန်တော်တွေ့ချင်တယ်..ကိုမွန်လေး”

“ရွှေသွားတို့နဲ့ ငြိမှာနော်..ကြေးမုံ”

“ငြိငြိဗျာ..ဒီကောင်တွေ သက်သက်ဂွင်ကျော်တာပဲ..အလုပ်လုပ်ပြီးရင်တောင် ပစ္စည်းက ကျွန်တော့်ဆီ လာသွင်းရမှာလေ..ဒီကောင့်ကို ဘယ်မှာ တွေ့လို့ရမလဲ”

“ညောင်တုန်းလမ်းထိပ် ဆိုက်ကားဂိတ်က ကျားဝိုင်းမှာ ရှိတတ်တယ်”

“ဟုတ်ပြီလေ”

ထိုအချိန်တွင် ဆိုင်ရှေ့သို့ ဆိုင်ကယ်တစ်စီး ရပ်လာသည်။

ဆိုင်ကယ်ပေါ်တွင် မိုးကျော်နှင့် ဧရာ။

မိုးကျော်ကို မြင်သဖြင့် ခါးအပိုင် အုပ်စုက မတ်တပ်ထရပ်က ထိုင်ခုံဖယ်ပေးကြသည်။

“ဘယ်လိုလဲ..ငကြေး…ကိုကျော်ဝင်းကြီးကတော့ ဟိုကိစ္စအတော်လောင်နေပြီ”

မိုးကျော်က အိပ်ကပ်ထဲမှ ဒူးယားစီးကရက်ဘူးကို ထုတ်ကာ ပါးစပ်တွင် တေ့လိုက်ရင်း ပြောသည်။

ထို့နောက် လက်ဖက်ရည်ဆိုင် ထုတ်တန်းတွင် တွဲလောင်းချထားသည့် ဂုန်နီကြိုးမီးစဖြင့် မီးညှိလိုက်ပြီး ကြေးမုံဘေးတွင် ဝင်ထိုင်သည်။

ဧရာလေးက ကြေးမုံ ပခုံးကို ဖက်ရင်း ခုံကို ဆွဲယူထိုင်လိုက်၏။

“ဖြတ်သွားတဲ့ကောင် ကျွန်တော်သိရပြီ..ကိုမိုးကျော်.အခုပဲ သွားတော့မလို့”

“ငါလိုက်ပေးရဦးမလား”

“ရပါတယ်..ကျွန်တော့်ကိစ္စကျွန်တော်ရှင်းမှာပေါ့..ဆိုင်ကယ်တော့ ခဏငှားလိုက်”

ကြေးမုံက ပုဆိုးကို သေသေချာချာပြင်ဝတ်လိုက်သည်။

ထို့နောက် လွယ်နေကျ လွယ်အိတ်ထဲ လက်နှိုက်ကြည့်ပြီး မိုး‌ကျော်ထံမှ ဆိုင်ကယ်သော့ကိုယူကာ ဆိုင်ပြင်သို့ထွက်သွားသည်။

“ကြေးမုံ ခဏ..ငါလည်းလိုက်မယ်ကွ”

ဧရာလေးက နောက်က လိုက်လာသည်။

ကြေးမုံ နှင့် ဧရာလေးတို့ ဆိုင်ကယ်ဖြင့် ညောင်တုန်းလမ်းထိပ်သို့ ထွက်သွားကြသည်။

………………………………..

ညောင်တုန်းလမ်းထိပ်ရှိ ဆိုက်ကားဂိတ်တွင် ကျားဝိုင်းက စည်ကားနေသည်။

ကြေးမုံက ဆိုင်ကယ်ရပ်ပြီး ဆင်းလိုက်၏။

“ကိုကျော်ချစ် ဆိုတာ ရှိလားခင်ဗျ”

ကျားဝိုင်းဘေးတွင် ထိုင်နေသူတစ်ယောက်က ထလာသည်။

“ငါ ကျော်ချစ်ပဲ…ဘာကိစ္စလဲ..ညီလေး”

ကျော်ချစ်က မေးရင် ပုဆိုးပြင်ဝတ်နေစဥ် ကြေးမုံက မျက်နှာကို ဖြတ်ရိုက်ချလိုက်သည်။

ကြေးမုံလက်ကြားမှ ဘလိတ်ဓါးသွားက ကျော်ချစ်မျက်နှာကို ကန့်လန့်ဖြတ် ဆွဲမိသွား၏။

“ဖြောင်း”

“အား”

‌ကြေးမုံက သွေးများရွှဲနေသော ကျော်ချစ်ကို လက်သီးဖြင့် ထပ်လိုက်ထိုးသည်။

ကျားဝိုင်းမှ လူများ ဝုန်းခနဲထလာကြသည်။

ဧရာက သူ့လွယ်အိတ်အတွင်းထည့်ထားသော ဟန်းကလပ်(သံလက်သီး)ကို နှိုက်ထားရင်း

“ဒီကောင် ခါးပိုက်နှိုက်သွားတဲ့ကိစ္စ မေးစရာရှိလို့ကွ…မင်းတို့ပါ အမှုထဲ ပါသွားချင်လား..မဆိုင်ရင် ဝေးဝေးနေ”

ကျော်ချစ်ကို ခါးပိုက်နှိုက်မှန်းသိထားသည့် လူများက အနောက်ဆုတ်သွားကြသည်။ ကြေးမုံနှင့် ဧရာကိုလည်း ရဲဘက်ကဟု ထင်သွားကြ၏။ ဧရာ လွယ်အိတ်ထဲလက်နှိုက်ထားသဖြင့် သေနတ်ကို နှိုက်ထားသည်ဟု ထင်လိုက်ကြသည်။

ကျော်ချစ်က ကြေးမုံကို လိုက်ထိုးသည်။ သို့သော် မျက်နှာတွင် သွေးများရွှဲနစ်နေသဖြင့် မမြင်မစမ်း။

ကျော်ချစ် လဲကျသွားချိန်တွင် ကြေးမုံက တက်ခွပြီး လွယ်ထားသော ကချင်လွယ်အိတ်ကို ဖြုတ်လိုက်သည်။

ထို့နောက် ကျော်ချစ်၏ လည်ပင်းကို လွယ်အိတ်ကြိုးဖြင့် ညှစ်လိုက်သည်။

“‌ဟေ့ကောင်..ဟိုနေ့က ရုပ်ရှင်ရုံမှာ မင်းဖြတ်သွားတဲ့ ရွှေဆွဲကြိုး ဘယ်မှာလဲ..ပြောစမ်း”

“အ..မသိဘူး..ဘာလဲ..ငါမသိဘူး”

“မင်း စောက်ခွက် ထပ်စုတ်ချင်တာလား…ဟေ့ကောင်”

ကြေးမုံက လက်ထဲမှ လွယ်အိတ်ကြိုးကို ထပ်တင်းလိုက်သည်။

“အ….ကိုရွှေသွား ဆီ မှာ..ငါ သူ့ကို ရောင်းလိုက်ပြီ”

“ဘယ်လောက်နဲ့လဲ..ပြောစမ်းဟေ့ကောင်”

“တစ်ရာ့အစိတ်နဲ့…”

“မင်း မလိမ်နဲ့နော်”

“မလိမ်ဘူး..ကိုရွှေသွားဆီမှာ”

“အေး..အဲ့ဒီ ရွှေသွားဆိုတဲ့ကောင်ကို သွားပြော…ညနေ ကြေးမုံက မြေနီကုန်းက “ရွှေတီး” မှာ စောင့်နေမယ်…အဲ့ဒီပစ္စည်းကို ငါပြန်ဝယ်မယ်..ငါ့ကို လာရောင်းလို့ပြောလိုက်..ကြားလား”

ကြေးမုံက ကျော်ချစ်ကို လွှတ်ပေးလိုက်ပြီး မျက်နှာကို တစ်ချက်ပိတ်ကန်လိုက်သည်။

လူအုပ်ကြီးက သူတို့ကို ဝိုင်းကြည့်နေသည်။

“ဆောရီးဗျာ..အကိုကြီးတို့ ကျား ဆက်ရွှေ့ကြပါ…ဆောရီး”

ကြေးမုံက ဆိုင်ကယ်ပေါ်သို့ တက်ခွလိုက်သည်နှင့်..ဧရာက စက်နှိုးကာမောင်းထွက်သွားတော့သည်။

‌ကျော်ချစ်ကား မြေပြင်တွင် သွေးများ၊ ဖုန်မှုန့်များလူးလျက် လဲကျကျန်ရစ်။

………………………………..

“ရွှေသွားက မင်းကို ပြောခိုင်းလိုက်တယ်..ဆွဲကြိုးလိုချင်ရင်..မုန့်လက်ဆောင်းကုန်းထဲက သူ့အိမ်ကို မနက်ဖြန်မနက် ကိုးနာရီ လာခဲ့ပါတဲ့..သူကတော့ လာမပေးနိုင်ဘူးတဲ့..အဲ့ဒီတော့မှ စာရင်းရှင်းကြတာပေါ့တဲ့..ကြိုက်တဲ့လူ ကြိုက်သလောက်ခေါ်လာခဲ့တဲ့”

အမှာစကားပါးလာသူ စိုးရ စကားကြောင့် ကြေးမုံ ပြုံးလိုက်သည်။

“အင်းလေ..သူမလာချင်လည်း ကျွန်တော်ပဲ သွားရတာပေါ့ ကိုစိုးရ”

စိုးရ မျက်လုံးပြူးသွားသည်။

“ဟေ့ကောင် ကိုမိုး‌ကျော်တို့ ကို ဒီကိစ္စသွားပြောပြထားမှကောင်းမယ်ထင်တယ်”

“ဘာလို့တုန်း”

“ရွှေသွားအကြောင်း မင်းသိသားနဲ့..မုန့်လက်ဆောင်းကုန်းထဲ သူ့လူတွေချည်းပဲ…လက်ရဲဇက်ရဲတွေ..မင်းကို ဝိုင်းထုလိမ့်မယ်”

“ရပါတယ်..ကျွန်တော်ကိုစန်းထွန်းပဲ ခေါ်သွားလိုက်မယ်”

“ဟမ်”

ကိုစန်းထွန်း ဆိုသည်မှာ မြေနီကုန်း ရွှေမန်းရုပ်ရှင်ရုံထိပ်မှ ကြေးမုံနှင့် ရင်းနှီးသည့် ဆိုက်ကားဆရာဖြစ်သည်။

“ကိုစန်းထွန်းက ဘာလုပ်ဖို့လဲ”

“ဘာလုပ်ရမှာလဲ..မုန့်လက်ဆောင်းကုန်းထိဆိုတော့ ဆိုက်ကားနဲ့သွားမှပေါ့”

“ဟာ..မင်းကတော့. ဒုက္ခပါပဲ.ကြေးမုံရာ”

စိုးရ ခေါင်းကုတ်လိုက်သည်။

ခက်ဇော်