အမှောင်ထဲမှ မင်းသားများ (၁၉၇၀)

0
813

အခန်း(၆)

“အေး…လသာက အဘိုးကြီးနှစ်ယောက်က သူတို့ရန်ကြွေးနဲ့ သူတို့ အလိန်ကြီးကိုသတ်ချင်နေတာ…စိန်ကီးကိုသတ်ရမှာက ပီတာတို့အုပ်စုတာဝန် .အခုက သူတို့သတ်ရမယ့်လူတွေကို ငါတို့က သတ်ပေးသလိုဖြစ်သွားပြီး..ငါတို့တကယ်သတ်ရမယ့် အားကျိုင်းက လွတ်သွားတယ်”

“အဲ့ဒါ ဘယ်လိုလုပ်ကြမလဲ”

“အားကျိုင်းကို အဘိုးကြီးနှစ်ယောက်လူတွေတာဝန်ယူလိုက်ပြီ..သူတို့က….ငါ့လူတွေလက်ဆကိုလည်း ပြောမဆုံးဖြစ်နေတယ်…သေနတ်ပါတာကို လည်ပင်းဝင်လှီးပြီးသေအောင်သတ်နိုင်တယ်ဆိုတော့ လက်ရဲဇက်ရဲထဲက ဘယ်သူလဲတဲ့ မေးနေကြတယ်..မိုးကျော်..မင်းချာတိတ်တွေက ပွဲဦးထွက်မှာ တကယ့်ဂေါင်ကို ဖြိုတာပဲဟေ့”

ကျော်ဝင်းကြီးမျက်နှာက ပြုံးရွှင်နေသဖြင့် နောက်ခန်းမှ ထိုင်လိုက်လာသော ကြေးမုံနှင့် ဧရာတို့ သက်ပြင်းချနိုင်လိုက်ကြသည်။

“ကျွန်တော်ဘယ်မောင်းရမလဲ အကိုကြီး”

“ငါ့အိမ်ကိုပဲ မောင်း”

“ဘယ်အိမ်လဲ အကိုကြီး”

“ပန်းဆိုးတန်းက တိုက်ခန်းကိုပြောတာ”

သူတို့လေးဦး ပန်းဆိုးတန်းတိုက်ခန်းပေါ်သို့ တက်ခဲ့ကြသည်။

ကျော်ဝင်းကြီး၏ တတိယမြောက်မဟေသီလေး မခင်ဝင်းကြည်က အိပ်မှုန်စုံမွှားဖြင့် တံခါးထဖွင့်ပေး၏။

“ခင်ဝင်းကြည်..ဘာစားစရာရှိဦးမလဲ.”

ခင်ဝင်းကြည်က ဆံပင်ကို ဘီးစပတ်ဖြင့် တပတ်လျှိုထုံးလိုက်သည်။

“အကိုကြီး ပြန်လာရင် စားဖို့ ဆိတ်သားခပတ် နဲ့ ပလာတာတော့ ဝယ်ထားတာရှိတယ်”

“အေး..အဲ့ဒါဆို ဒီကောင်လေးတွေကို ကျွေးလိုက်..ငါအပြင်ပြန်သွားရမယ်”

“ဟုတ်ကဲ့”

ခင်ဝင်းကြည်က အိမ်နောက်ဖေးသို့ ဝင်သွားသည်။

ကျော်ဝင်းကြီးက ကုလားထိုင်တွင် ဝင်ထိုင်လိုက်၏။

“ကဲ..ထိုင်ကြ”

မိုးကျော်၊ ကြေးမုံနှင့် ဧရာ တို့ ဝင်ထိုင်လိုက်ကြသည်။

ခဏအကြာတွင် ဆိတ်သားခါးပတ်ဟင်းနှင့် ပလာတာ ပန်းကန်က စားပွဲပေါ်ရောက်လာသည်။

“ကဲ..ချာတိတ်တွေ..မင်းတို့ ဗိုက်ဆာနေပြီမဟုတ်လား…စားကြ…ခင်ဝင်းကြည် ငါပြောစရာရှိလို့..”

အခန်းထဲပြန်ဝင်ရန်ပြင်နေသော ခင်ဝင်းကြည်က “ဟုတ်” ဟုဆိုတာ မတ်တပ်ရပ်နေလိုက်သည်။

“ငါတို့ ကိစ္စတွေမပြီးမချင်း ဒီချာတိတ်နှစ်ကောင်ကို ဒီအခန်းမှာ ဝှက်ထားမယ်..အပြင်လုံးဝမထွက်စေနဲ့”

ကျော်ဝင်းကြီးစကားကြောင့် ကြေးမုံနှင့် ဧရာ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်လိုက်ကြသည်။

“အီဆာတပည့်နှစ်ယောက်လည်း မကြာခင် ရောက်လာလိမ့်မယ်…မင်းတို့လေးယောက်က ဒီဘုရားခန်းမှာ အိပ်ကြပေါ့..သူတို့စားရေးသောက်ရေးကို ခင်ဝင်းကြည်က စီစဉ်ပေးလိုက်….ငါက အဘိုးကြီးတွေနဲ့အတူ ပဲခူး တောင်ငူ ဘက်တွေ လှည့်ပြီး လုပ်စရာရှိတာတွေလုပ်ရမယ်…မိုးကျော် မင်းက ငါတို့မရှိတုန်း နယ်မြေတွေကို ထိန်းထား..ပြန်လာရင် ဘာဘာညာညာမကြားချင်ဘူး..ဟုတ်ပြီလား”

“ဟို… ကျွန်တော်တို့မှာ လဲစရာ အဝတ်အစားမပါဘူးဗျ”

ဧရာက ဝင်ပြောသည်။

“ခင်ဝင်းကြည်..မနက်ဖန်ကျ နင် ဗိုလ်ချုပ်စျေးသွား..ဒီနှစ်ကောင်ကိုယ်တိုင်းကို ကြည့်ပြီး အဝတ်အစားတွေ ဝယ်ပေးလိုက်”

“ဟုတ်ကဲ့..အကိုကြီး”

“ကဲ..မိုးကျော်..မင်းနဲ့ငါ အခု အဘိုးကြီးတွေဆီသွားမယ်..အီဆာတို့လည်း စောင့်နေကြပြီ”

ကျော်ဝင်းကြီးနှင့် မိုးကျော် တို့ ထလိုက်ကြသည်။

“ချာတိတ်တွေ.ငါ့အိမ်မှာ.ကောင်းကောင်းနေနော်..မဟုတ်ရင်တော့..နှစ်ကောင်လုံး သေဖို့သာပြင်”

အခန်းတံခါးဝအရောက်တွင် ကျော်ဝင်းကြီးက ကြေးမုံနှင့် ဧရာဘက်သို့ လှည့်လိုက်ပြီး အံကြိတ်ကာ သတိပေးသွား၏။

ကြေးမုံနှင့်ဧရာက ပါးစပ်ထဲတွင် ပလာတာများပလုတ်ပလောင်းဖြင့် ခေါင်းညိတ်ပြကြသည်။

………………………………..

ရန်ကုန်မြို့ တရုတ်တန်းရှိ ဂိုဏ်းများမှ အဓိကလူများကို “အမှောင်ထဲက မင်းသားများ”က ရှေ့ဆင့်နောက်ဆင့် လုပ်ကြံသတ်ဖြတ်ခဲ့ကြသည်။

နဂိုကပင် တရုတ်တန်းရှိ တရုတ်ဂိုဏ်းများအကြား မျိုးနွယ်စုမတူသူအုပ်စုအချင်းချင်း နယ်မြေလုခြင်း၊ ပြန်ပေးဆွဲခြင်း၊ ခြိမ်းခြောက်ငွေညှစ်ကြခြင်းများရှိသည့်အတွက် ယခု လုပ်ကြံမှုများကိုလည်း တရုတ်ဂိုဏ်းအချင်းချင်းသတ်ဖြတ်မှုဟုပင် တရုတ်အသိုင်းအဝိုင်းက ယူဆခဲ့ကြသည်။

သို့သော် မကြာမီ တရုတ်တန်းများမှ ဂိုဏ်းခေါင်းဆောင်များ၊ ငွေထိန်းများ နေအိမ်သို့ ရဲတပ်ဖွဲ့နှင့် စစ်တပ်က ညအချိန်ဝင်ရောက်စီးနင်းပြီး ဖမ်းဆီးလိုက်ကြသဖြင့် တရုတ်ဂိုဏ်းဝင်များအကြား အုပ်အော်သောင်းနင်းဖြစ်သွားကြသည်။

စစ်ထောက်လှမ်းရေးမှ ရေကြည်အိုင်စစ်ကြောရေးစခန်းတွင် ထိုခေါင်းဆောင်များအား သီးခြားစီခွဲထားပြီး အထူးစစ်ကြောရေးများ ပြုလုပ်ကြသည်။

စစ်ကြောရေးများမှတဆင့် ဂိုဏ်းဝင်အတော်များများသည် ယခင်အစိုးရအဆက်ဆက်မှ အလိုရှိနေသည့် ရဲတပ်ဖွဲ့မှတ်တမ်းဝင်လူဆိုးများဖြစ်နေကြောင်း သိလာရသည်။

မကြာမီ မြန်မာပြည်အနှံတရုတ်တန်းအသီးသီးမှ တရုတ်ဂိုဏ်းများ၊ ဂိုဏ်းဝင်စာရင်းများ၊ ထိုင်ဝမ်၊ ဟောင်ကောင်၊ ဘန်ကောက်၊ စင်္ကာပူ၊ ယူနန်၊ ကန်တုံ၊ မကာအို အစရှိသည့် နိုင်ငံခြားဒုစရိုက်ကွန်ယက်များ၊ မျိုးနွယ်အုပ်စုအချိတ်အဆက်များ၊ လုပ်နည်းလုပ်ဟန်များကို ဖော်ထုတ်နိုင်လိုက်ကြသည်။

၁၉၆၄ ဖေဖော်ဝါရီလအတွင်း မြန်မာပြည်အနှံမှ တရုတ်ရာဇဝတ်ဂိုဏ်းသားပေါင်း (၁၅၀၀)ကျော်ကို ဖမ်းဆီးထားခဲ့ပြီဖြစ်သည်။

ဗြိတိသျှအစိုးရလက်ထက်ကတည်းက ရှုပ်ထွေးစွာတည်ရှိနေသည့် တရုတ်လျှို့ဝှက်ဂိုဏ်းတို့မှာ စစ်အစိုးရ၏ လှည့်ကွက်အောက်တွင် အငိုက်မိကုန်ကြသည်။

ဖမ်းဆီးထားသော ရာဇဝတ်ဂိုဏ်းသားများတွင် မကာအို၊ ထိုင်ဝမ်၊ ဟောင်ကောင် နိုင်ငံသားများလည်းပါဝင်နေသဖြင့် အစိုးရအနေဖြင့် ဖမ်းဆီးတရားစွဲထောင်ချရန် အခက်ဖြစ်နေသည်။

ထို့ပြင် အကျဉ်းထောင်များအတွင်း တရုတ်ဂိုဏ်းကွန်ရက်များ ပိုမိုပျံ့နှံ့သွားမည်ကိုလည်း စိုးရိမ်သည်။

ထို့ကြောင့် တော်လှန်ရေးကောင်စီက ထိုအခြေအနေကို ဖြေရှင်းရန် တရုတ်ဂိုဏ်းသားများအား နည်းလမ်းနှစ်သွယ်ရွေးချယ်ခွင့်ပေးလိုက်သည်။

ပထမနည်းလမ်းမှာ မြန်မာနိုင်ငံ၏ တည်ဆဲဥပဒေများနှင့်အညီ အမှုရင်ဆိုင်သွားရန် နှင့် ဒုတိယနည်းလမ်းမှာ မိမိတို့စရိတ်ဖြင့် မိမိ မြန်မာနိုင်ငံမှ ထွက်ခွာသွားကြရန်ဖြစ်သည်။

တရုတ်ဂိုဏ်းသား(၉၅)ရာခိုင်နှုန်းက မိမိတို့ ကိုယ်ပိုင်အစီအစဥ်ဖြင့် တိုင်းပြည်မှ ထွက်ခွာသွားရန် သဘောတူခဲ့သည်။

ထို့ကြောင့် ၁၉၆၄ ဖေဖော်ဝါရီ ၂၄ ရက်နေ့ ညမှစတင်ကာ ထိုင်ဝမ်၊ဟောင်ကောင်၊ စင်္ကာပူ၊ ဘန်ကောက်၊ ကူမင်း နှင့် ကန်တုံတို့မှ စင်းလုံးငှားလေယာဥ်များကို အစိုးရမှ ညနေပိုင်းနှင့် ညပိုင်းများတွင် လျှို့ဝှက်ဆင်းသက်ခွင့်ပေးခဲ့သည်။

ရန်ကုန်မြို့တစ်မြို့လုံး အိပ်မောကျနေချိန်တွင် ထိန်းသိမ်းထားသော တရုတ်ဂိုဏ်းသားများမှာ ထိုလေယာဥ်များပေါ်သို့တက်ကာ မိမိတို့ အခြေချလိုသည့် နိုင်ငံများသို့ အသီးသီးထွက်ခွာသွားကြသည်။

တော်လှန်ရေးကောင်စီသည် နိုင်ငံပြင်ပသို့ ငွေကြေးစီးဆင်းမှုများ၏ ပင်မဖြစ်သော တရုတ်ဂိုဏ်းများပြဿနာကို အပြီးတိုင်နီးပါး ချေမှုန်းပြီးသော်လည်း စီးပွားရေးမှာ အခြေအနေကောင်းမလာခဲ့ပေ။

၁၉၆၄ ခုနှစ်အတွင်း မြန်မာငွေတန်ဖိုးများ ကျဆင်းလာမှုကြောင့် တော်လှန်ရေးကောင်စီအစိုးရသည် တစ်ရာတန်နှင့် ငါးဆယ်တန်များကိုဖျက်သိမ်းခြင်းဖြင့် စီးပွားရေးကို ကျားကန်ခဲ့ရသည်။

ပြည်ပသွင်းကုန်များ ရှားပါးလာပြီး ပြည်တွင်းတွင်လည်း ကုန်ပစ္စည်းကန့်သတ်မှုများကြောင့် မြန်မာ့စီးပွားရေးလောကတွင် မှောင်ခိုဟူသော ဝေါဟာရ စတင်ခေတ်စားလာတော့သည်။

………………………………..

ညကပွဲရုံများမရှိတော့။ မြင်းလောင်းကစားပွဲများမရှိတော့။ နိုင်ငံခြားဖြစ်အရက်အမျိုးအစားမျိုးမျိုးနှင့် ဟိုတယ်အတော်များများမရှိတော့။

ပုဂ္ဂလိကဘဏ်များမရှိတော့။ ပုဂ္ဂလိကပိုင်စီးပွားရေးလုပ်ငန်းများမရှိတော့။

မရှိတော့ခြင်းများနေရာတွင် ပြည်သူ့ဆိုင်ခေါင်းစဥ်တပ် အစိုးရနှင့် စစ်တပ်ပိုင်လုပ်ငန်းများသာ နေရာယူထားတော့သည်။

ရန်ကုန်သည် မှောင်သည်ထက် ပိုမှောင်လာခဲ့ပြီ။

ထိုအမှောင်ထဲတွင်မှ မှိန်ပျပျလင်းကျန်ရစ်နေသေးသော ကိုလိုနီခေတ်လက်ကျန် စထရင်းဟိုတယ်၏ ပထမထပ်တွင် လူတစ်စုထိုင်နေကြသည်။

သူတို့ရှေ့တွင် ဂျော်နီဝါကားအနီရောင်ပုလင်းသုံးပုလင်းကို ရှားရှားပါးပါးမြင်ရသည်။

ထိုခေတ်က ဝန်ကြီးများပင် လျှောက်လွှာတင်ကာ ဝယ်ယူရသည့် ဂျော်နီဝါကားအရက်။

ပြည်တွင်းဖြစ် ဘီအီးဒီစီအရက် မှ လွဲလျင် မန္တလေးရမ်၊ တင်လဲဖြူ စသည့် ပြည်တွင်းဖြစ်အရက်များကိုပင် အကောင်းဆုံးအဖြစ်ထားသောက်နေရသောအချိန်။

“အမှောင်ထဲမှ မင်းသားများ”အား တပ်မတော်ထောက်လှမ်းရေးမှ အထူးလက်ဆောင်ပေးလိုက်သော ဂျော်နီဝါကားဝီစကီသုံးလုံး။

ကျော်ဝင်းကြီးသည် သူ့ပုံစံအတိုင်း လယ်သာဂျာကင်အနက်ရောက်နှင့် ဆိတ်ခွံပုဆိုးကို ဝတ်ထားသည်။

မိုးကျော်က မေးလ်တံဆိပ်စပို့ရှပ်အစင်းနှင့် ခေါင်းလောင်းဘောင်းဘီနှင့်။

သူတို့ရှေ့မျက်နှာချင်းဆိုင်တွင် ဂျင်းဝတ်စကုပ်၊ တက်ထရွန်ဘောင်းဘီ ဖြင့် ဆံပင်ရှည် လိမ်ကောက်ကောက်ကို ပိုနီတေးပုံစံစည်းထားသော ပီတာ။

ပီတာစတိုင်လ်က ဗိုလ်ချုပ်စျေးနှင့် လဟာပြင်စျေးကို အပိုင်စားရသော လူမိုက်ဟု မပြောရ။ ခေတ်ရှေ့ပြေးပြီး အမိစားဖြစ်နေသည်။

ပီတာ၏ အားအကိုးရဆုံးလက်ထောက်ဖြစ်သည့် အဘူးက ရိုးရိုးရှပ်အင်္ကျီကို လက်ခေါက်ထားပြီး ပလေကပ်ပုဆိုးကိုယ်စီနှင့်။

ကျော်ဝင်းကြီးနှင့် ပီတာတို့က အသစ်ဖွံ့ဖြိုးလာသည့် လဟာပြင်မှောင်ခိုစျေးအကြောင်း ရယ်မောကာပြောဆိုနေကြသည်။

အရက်ပုလင်းများနှင့် ဖန်ခွက်များက ဒီအတိုင်းသာရှိသေး၏။

ခဏအကြာတွင် အသားဖြူဖြူ၊ ခပ်ပိန်ပိန်ဖြင့် ဆံပင်ကိုသပ်သပ်ရပ်ရပ်ဖီးထားပြီး ပါတိတ်ရှပ်အင်္ကျီကိုဝတ်ထားသည့် လူတစ်ယောက်ဝင်လာသည်။

သူကား ရေကျော်၊ ပုဇွန်တောင်၏ အပိုင်စားလူမိုက် သံတုတ်မောင်မောင်။

သံတုတ်မောင်မောင်က မိုးကျော်ဘေးတွင် ဝင်ထိုင်သည်။

သံတုတ်မောင်မောင်သည် သာမန်ပုံစံဆိုလျှင် ပိုးဟပ်ဖြူကလေးလို ခပ်နွဲ့နွဲ့။ လူမိုက်ဟု ထင်စရာမရှိ။

သို့သော်ငြား..ရန်ကုန် လူမိုက်လောကတွင်တော့ သူ့ကို တစ်နေရာပေးထားရသည်။

“အဘိုးကြီးတွေ အောက်မှာ ရောက်နေပြီ”

တံခါးဝမှအသံကြောင့် အားလုံး သတိအနေအထားဖြစ်ကုန်သည်။

အသံရှင်မှာ အသာမဲမဲ၊ ကျောက်ပေါက်မာအပြည့်မျက်နှာကြီးနှင့် လူကောင်ထွားထွား၊ ယက္ခကြီး။

သူက တာမွေသင်္ချိုင်း မှ မူးယစ်ဆေးစျေးကွက်၊ ခိုးရာပါပစ္စည်းစျေးကွက်ကို ချုပ်ကိုင်ထားသူ။

ယက္ခကြီးက အဘူးဘေးတွင် ဝင်ထိုင်လိုက်သည်။

မကြာမီ အခန်းတွင်းသို့ အသက်(၅၀)ကျော်အရွယ်ရှိ လူကြီးနှစ်ဦးဝင်လာသည်။

တစ်ဦးက ကတုံးဆံတောက်ဆံပင်နှင့် ချည်သားအင်္ကျီအဖြူ၊ကချင်ပုဆိုးအကွက်ကြဲနှင့်။

နောက်မှတစ်ဦးက ဖြူစပြုနေသောဆံပင်တို့ကို နောက်လှန်ဖီးထားပြီး စတိုင်ဘောင်းဘီ နှင့် အင်္ကျီလက်ရှည်အဖြူကို ဝတ်ထားသည်။

သူတို့နှစ်ဦးဝင်လာသည်နှင့် အားလုံး မတ်တပ်ရပ်လိုက်ကြသည်။

“အကိုကြီးကိုစံဘ….အကိုကြီး ကိုထွန်းရင်…မင်္ဂလာပါခင်ဗျ”

ကျော်ဝင်းကြီးက စားပွဲထိပ်ဆုံးမှ ကုလားထိုင်နှစ်လုံးဆီသို့ ဦးညွှတ်ပြရင်း ဆိုသည်။

“အေး..ကျော်ဝင်း…လူစုံပြီလား”

ကတုံးဆံတောက်ဆံပင်နှင့် စံဘက မေးလိုက်သည်။

“စုံပါပြီအကိုကြီး…အကိုကြီးတို့ကို စောင့်နေတာပါ”

စံဘ။

အင်္ဂလိပ်ခေတ်၊ ဂျပန်ခေတ်နှင့် ပါလီမန်ခေတ်တို့ကို ဖြတ်သန်းခဲ့သည့် ရန်ကုန်၏ လူမိုက်လက်ဟောင်းကြီး။

နာမည်ကျော်လမ်းမတော်ဖိုးတုတ်၏ တူ။ လမ်းမတော်ဖိုးတုတ်၊ ဂန္ဓမာသောင်းရီ၊ အုံးဖေ၊ ငညွန့် တို့နှင့်အတူ ခေတ်အဆက်ဆက် ရန်ကုန်လူမိုက်လောကကို ဖြတ်သန်းခဲ့သူ။

ထွန်းရင်။

စံဘ ၏ ယောက်ဖတော်စပ်ခဲ့သူ။ ရန်ကုန်တဖက်ကမ်းမှ နာမည်ကျော်ဓါးပြဗိုလ် ဦးမြတ်လှ၏ သား။ ငယ်စဥ်ကတည်းက ဓါးပြတိုက်လာခဲ့သူ။

ရန်ကုန်လူမိုက်ဘုရင်ကြီး လမ်းမတော်ဖိုးတုတ်၏ ငယ်မွေးခြံပေါက်။

“အောင်မယ်…ဂျော်နီတွေပါလားဟေ့…. အခုကျမှပဲ ဂျော်နီဝေါကားကို ပြန်တွေ့ဖူးတော့တယ်”

ဆံပင်ဖြူဖြူနှင့် ထွန်းရင်က စားပွဲပေါ်မှ ဂျော်နီဝါကားပုလင်းကို ကောက်ကိုင်လိုက်ပြီး ကုလားထိုင်တွင် ခြေပစ်လက်ပစ်ဝင်ထိုင်လိုက်သည်။

“ထွန်းရင်…”

စံဘက ထွန်းရင်ကို လေသံတင်းတင်းဖြင့် ပြောလိုက်သည်။

“သိပါတယ်ဟ…မသောက်ရတာကြာလို့..ဝမ်းသာသွားလို့ပါ..ယောက်ဖရ”

“အကိုကြီး ကိုထွန်းရင်…သောက်တော့မလား”

ပီတာက ဖန်ခွက်ကို လက်သုတ်ပဝါနှင့်သုတ်ပြီး ကမ်းပေးရင် ပြောသည်။

“သောက်ရင်း ပြောကြတာပေါ့….မဟုတ်လား..စံဘ”

စံဘက ခေါင်းငြိမ့်ပြလိုက်သည်။

သံတုတ်မောင်မောင်က ဘဲလ်ကို တီးလိုက်သည့်အခါ အပြင်ဘက်မှ စားပွဲထိုးဝင်လာသည်။

“မောင်မောင်..ငါတို့ချင်း လွတ်လွတ်လပ်လပ်ပြောရအောင် ဒီကောင်တွေ အထဲမခေါ်နဲ့ကွာ”

“ဟုတ်အကိုကြီး..ကျွန်တော်က အရက်ငှဲ့ပေးရအောင်ခေါ်တာပါ”

“မင်းတို့လည်း လက်ပါတာပဲ..ကိုယ်ဟာကိုယ်ငှဲ့ကြလေ”

စံဘ လေသံက တင်းသွားသဖြင့် အားလုံးဇက်ကလေးများ ပုသွားကြသည်။

“ဒီနေ့ ညနေစာက အမှောင်ထဲက မင်းသားများကို ထောက်လှမ်းရေးက အောင်ပွဲခံဧည့်ခံပေးတာပဲ။ ဗိုလ်မှူးကြီးကတော့ လာမတက်နိုင်ဘူး။ မနက်က ငါတို့ သူနဲ့ သေချာစကားပြောခဲ့ပြီးပြီ။ ငါတို့ လုပ်ပေးစရာရှိတာ လုပ်ပေးပြီးပြီဆိုတော့ တောင်းစရာရှိတာလည်းတောင်းခဲ့ပြီးပြီ။ မင်းတို့နဲ့ ငါတို့ အဲ့ဒီကိစ္စအသေးစိတ်ပြောဖို့ချိန်းလိုက်တာပဲ”

စံဘ၏ စကားအဆုံးတွင် ထွန်းရင်က သူ့‌ရှေ့မှ ပုလင်းကို ဖင်စောင့်ကာဖွင့်လိုက်သည်။

ထို့နောက် ဖန်ခွက်ထဲသို့ အရက်ကို ငှဲ့ထည့်လိုက်၏။

ထိုအခါမှ ကျန်သူများကလည်း အရက်ပုလင်းကို ယူကာ ဖန်ခွက်ကိုယ်စီထဲ ထည့်လိုက်ကြသည်။

စံဘက ဝီစကီခွက်ထဲ သို့ ရေခဲတုံးများကို ထည့်ကာ မွှေနေရင်း

“ကျော်ဝင်း…မင်း ကို ပေးထားတဲ့ကတိအတိုင်းပဲ မင်းက ပန်းဆိုးတန်းသင်္ဘောဆိပ်ကို ရမယ်..မှောင်ခိုကုန်အဝင်အထွက် ကိစ္စ မင်းအပိုင်ဖြစ်သွားပြီ”

ကျော်ဝင်းကြီးက ပြုံးပြီး ခေါင်းညိတ်လိုက်သည်။

“ပီတာ မင်းတို့ကို ‌ပြောထားတဲ့ ရုပ်ရှင်ရုံတွေကိစ္စ လည်း အဆင်ပြေတယ်”

“ဒါဆို ရေခဲတို့ကိုရော ဘယ်လိုလုပ်ရမလဲ အကိုကြီး”

“ရေခဲ ဆရာ ခါးကုန်းမောင်မောင်ကို ငါခေါ်တွေ့ပြီး အကျိုးအကြောင်းပြောပြလိုက်မယ်…မင်းတို့‌ပြောထားတဲ့အတိုင်း ရုံတဝိုက်က ကောင်မလေးတွေကိစ္စပဲကိုင်ပေါ့..သူတို့ လက်မှတ်မှောင်ခိုကိစ္စတွေထဲ သွားဂွင်မကျော်ဖို့ပဲ.. ခါးကုန်းတို့ ရေခဲတို့အဖွဲ့နဲ့တော့ အဆင်ပြေအောင်နေကြကွာ..ဒီကောင့်နောက်မှာ ဖဆပလကွက်သစ်သားတွေက အုံနဲ့ကျင်းနဲ့ရှိနေတာ ”

ထွန်းရင်က ဝင်ပြော၏။

၁၉၆၂ နောက်ပိုင်းတွင် ရုပ်ရှင်ရုံများတွင် မှောင်ခိုလက်မှတ်များခေတ်စားလာပြီး မှောင်ခိုလက်မှတ်လောက ကို ပန်းဆိုးတန်းလူမိုက်ဟောင်းကြီး ခါးကုန်းမောင်မောင် ၏ တပည့် ရေခဲ က ချုပ်ကိုင်ထားသည်။

ရုပ်ရှင်လက်မှတ်မှောင်ခိုတင်မက ဘောလုံးပွဲမှောင်ခိုလက်မှတ်၊ တေးဂီတပွဲ၊ စတိတ်ရှိုးမှောင်ခိုလက်မှတ်များ အားလုံးသည် ရေခဲ ၏ အုပ်ချုပ်မှုအောက်တွင်ရှိနေသည်။

ရေခဲမှာ အသက်(၂၅)ဝန်းကျင်သာရှိသေးသော်လည်း သူ့လိုင်းကို သူပိုင်နိုင်စွာချုပ်ကိုင်ထားပြီး ဖဆပလရပ်ကွက်မှ သူ့လူစုနှင့်သူသာ နေထိုင်သူဖြစ်သည်။

“မောင်မောင်..မင်းရဲ့ တာမွေဂျင်ဝိုင်းတွေကိစ္စ၊ ကြက်ဝိုင်းတွေကိစ္စ ကိုလည်း ဗိုလ်မှူးကြီးက မီးစိမ်းပြထားတယ်.. တချို့ကိစ္စက ပီတာလူ အဘူး နဲ့ ညှိလိုက်ပါ…မင်းတို့ဟာမင်းတို့အပိုင်ခွဲပြီး ဂွင်သတ်မှတ်ပေါ့”

ပီတာက သံတုတ်မောင်မောင်ဘက်သို့ ခေါင်းဆတ်ပြလိုက်သည်။

“ယက္ခကြီးမင်း ကြံတောဂွင်ကိစ္စလည်း ဗိုလ်မှူးကြီးက သဘောတူတယ်”

“ဟုတ်ကဲ့”

“အကိုကြီး ကျွန်တော်တစ်ခုပြောချင်လို့ပါ”

“ပြော..ကျော်ဝင်း”

“မြေနီကုန်းနဲ့ ကြည့်မြင်တိုင်..ခါးလိုင်းမှာ အထိုင်နေရာကို ကျွန်တော်လိုချင်တယ်”

“ဒေါင်းတောင်းတစ်ခုလုံးမင်းရနေပြီပဲ…ကျော်ဝင်းရ..ပြီးတော့ မြေနီကုန်းမှာ ရွှေသွားတို့ အဖွဲ့ရှိနေတာပဲ”

“ရွှေသွားတို့က ဂျမ်းလိုင်း သီးသန့်ပဲ..ကျွန်တော်တို့က ခါးလိုင်းကို အထိုင်ချချင်တာ..14k အလိန်ကြီးကို သတ်သွားတဲ့ကောင်လေးတွေကို ပေးချင်လို့”

“ဟေ..‌ကောင်လေးတွေလား..ဘယ်သူတွေလဲကွ”

“ကြေးမုံ နဲ့ ဧရာပါ”

“အသက်က ဘယ်လောက်လဲ”

“၁၅ နှစ်လောက်ပဲရှိပါဦးမယ်..ဒါပေမယ့်..စိတ်ချပါ..နောက်မှာ ကျွန်တော်ရော မိုးကျော်ရော ရှိနေမှာပါ..အကိုကြီး”

“အေးလေ..မင်းတို့ တာဝန်ယူရဲရင် ပြီးတာပဲ…ရွှေသွားတို့နဲ့ကိစ္စဖြစ်လာရင်တော့ မင်းတို့ နိုင်အောင်ရှင်းကြနော်….ထွန်းရင် မင်းသဘောကရော”

စံဘက ထွန်းရင်ကို ကြည့်လိုက်သည်။

ထွန်းရင်က အရက်ခွက်ထဲမှ ဝီစကီကို စုပ်သောက်လိုက်ပြီး

“အေး.. ငါသဘောတူတယ်…ကိုဂန္ဓမာကြီးနဲ့..ငါ့နှမချောရင်တို့ကို သတ်ခဲ့တဲ့ကောင်တွေ ကို ဘာမှမဟုတ်တဲ့ကလေးတွေက လက်စတုံးပေးလိုက်တာတဲ့လား…. ငါကျေနပ်တယ်..ပေးလိုက်..အဲ့ဒီချာတိတ်တွေကို”

စံဘက လည်း ခေါင်းညိမ့်လိုက်၏။

“တကယ်က ဒီတရုတ်တွေကို ငါတို့လက်နဲ့ အရသာခံသတ်ချင်တာ..ဒါပေမယ့်လည်း မင်းတို့ဆီက ချွတ်တားအဆင့်လေးတွေက သတ်သွားတယ်ဆိုတာက ငါတို့အတွက် ပိုအရသာရှိတယ်..ကျော်ဝင်း..မြေနီကုန်း မင်းကို ပေးမယ်..ကြည့်မြင်တိုင်ကတော့ ငါတို့လသာနဲ့ ကပ်နေတော့ ခဏထားပါဦး”

“ဟုတ်ကဲ့..အကိုကြီး”

“မင်းတို့ကျေနပ်ပြီဆို ငါတို့နယ််မြေသစ်ကိုကြေငြာမယ်…ရန်ကုန်ဘူတာကြီးနဲ့ ရန်ကုန်ကို ဆိုက်တဲ့ ဘယ်ရထားလိုင်းမဆို မှောင်ခိုလမ်းကြောင်းတစ်ခုလုံးဟာ ငါတို့ လသာအုပ်စုအပိုင်ပဲ…. မှောင်ခိုလမ်းကြောင်းမှာ မင်းတို့တစ်ခုခု ပတ်သက်တော့မယ်ဆို ငါနဲ့ ထွန်းရင်ကို ကြိုပြီးအသိပေးပါ..နို့မဟုတ်ရင် ဂွင်ကျော်လာရင် ငါတို့က စားမှာပဲ…မင်းတို့ ကိုယ့်လူတွေ ကိုယ်သေချာမှာ..ဟုတ်ပြီလား”

အားလုံး တိတ်ဆိတ်သွားသည်။

“မင်းတို့ကျေနပ်လား..မကျေနပ်ရင်ပြောနော်..ဟေ့ကောင်တွေ”

ထွန်းရင်က မတ်တပ်ရပ်လိုက်ပြီး တစ်ဝိုင်းလုံးရှိ လူအားလုံး၏ မျက်နှာကို သေချာလိုက်ကြည့်ရင်း မေးလိုက်သည်။

“ဟုတ်..ကျေနပ်ပါတယ်အကိုကြီး”

“ပီတာကြီး..မင်းရော”

“ဟုတ်..ကျွန်တော်လည်း ကျေနပ်ပါတယ်..ဒါပေမယ့်..ကျွန်တော်တို့ လဟာပြင်မှောင်ခိုစျေးကွက်ကို ဆင်းလာတဲ့ ပစ္စည်းအရောင်းအဝယ်ကျ..ဘယ်လိုလုပ်”

“ငါပြောတာရှင်းရှင်းလေး..ဘူတာကြီးအထိ ငါတို့ဟာ..မင်းတို့ဂွင်တွေထဲရောက်သွားရင် မင်းတို့ကိစ္စလေ”

“ဟုတ်ကဲ့”

“ကဲ..အားလုံးအဆင်ပြေပြီဆို..ဗိုလ်မှူးကြီးမှာလိုက်တာကို ငါပြောမယ်…ငါတို့ “အမှောင်ထဲကမင်းသားများ” ဟာ ဒီနိုင်ငံရဲ့ နောက်ကွယ်က တချို့ကိစ္စတွေအတွက် နောင်တချိန်အရေးပါလာမယ့်အဖွဲ့ဖြစ်လာမယ်။ ငါတို့ဟာ စစ်တပ်နဲ့ အကျိုးတူပူးပေါင်းနေကြတာဖြစ်တယ်။ အချင်းချင်းသစ္စာရှိဖို့လိုတယ်။ ငါတို့လုပ်တာသမျှဟာ တပ်ရဲ့အာဏာကို မထိပါးသမျှ ရှင်းလို့ရတယ်ဆိုတာ သိထား…အရေးကြီးတဲ့ဘယ်ကိစ္စမဆိုငါနဲ့ ထွန်းရင် ကို ကြားခံထားပြီး ဗိုလ်မှူးကြီးက အမိန့်ပေးလာလိမ့်မယ်..ဟုတ်ပြီလား”

“ဟုတ်ကဲ့”

“ကဲ.အဲ့ဒါဆို အလုပ်ကိစ္စတွေလည်းပြီးပြီဆိုတော့ အေးအေးဆေးဆေးသောက်ကြစို့ကွာ”

………………………………..

“ကြေးမုံ…..မင်း မြေနီကုန်းမှာအထိုင်ချပြီး ခါးလိုင်းနဲ့ တခြားလိုင်းတွေကို ကိုင်ရမယ်…..ဖြစ်ပါ့မလား”

ကျော်ဝင်းကြီးစကားကြောင့် ကြေးမုံရော ဧရာပါ အံသြသွားကြသည်။

ဧည့်ခန်းထဲတွင်မတ်တပ်ရပ်ရင်း သူတို့စကားဝိုင်းကို နားစွင့်နေသော မခင်ဝင်းကြည်ပင် မျက်လုံးအပြူးသားဖြင့်။

“ချက်ချင်းကြီးတော့မဟုတ်သေးပါဘူး…မင်း နဲ့အတူ မိုးကျော်ကိုလည်း တွဲလွှတ်ပေးမှာပါ..ဒါပေမယ့်..မိုးကျော်ကလည်း ခဏ အကောင်ပြရုံသက်သက်ပဲ..ဒီကောင်ကို ပန်းဆိုးတန်းဆိပ် ကို ကိုင်ခိုင်းထားတယ်.ဒီကြားထဲ.မိုးကျော်ဆီကနေ တခြားလိုင်းတွေကိုလည်း အလုပ်သင်ပေါ့ကွာ..ဟုတ်ပြီလား”

“ဧရာကရောအကိုကြီး”

“မိုးကျော် မရှိဘူးဆိုတော့ ငါ့နားမှာ ဧရာကို ထားမယ်…ငါ့မှာ ဒီကောင့်ကို ခိုင်းစရာတွေ သက်သက်ရှိတယ်…”

ဧရာက ကြေးမုံကို ပုခုံးတွန့်ပြလိုက်သည်။

“ကဲ..ကြေးမုံ မင်းအဝတ်အစားတွေယူ..မိုးကျော်နဲ့လိုက်သွားတော့”

ကြေးမုံက သူတို့အတွက် ပေးထားသော နောက်ဖေးအခန်းအတွင်းသို့ ဝင်သွားသည်။

ဧရာက နောက်မှလိုက်လာ၏။

ကြေးမုံက ဧရာကို ကပ်မေးလိုက်သည်။

“ဟေ့ရောင်..မင်း ဒီကောင်ကြီးနား နေခဲ့ရမှာ အဆင်ပြေပါ့မလား”

“အေး..သူနဲ့တော့မသိဘူး..သူ့မိန်းမ မမဝင်းနဲ့တော့ အဆင်ပြေနေတာပဲ”

ဧရာက စပ်ဖြီးဖြီးနှင့်။

“ငါလိုးမ…တိုးတိုးလုပ်ပါဟ…..ကြားသွားဦးမယ်”

“အေးပါ..မင်းသာ မြေနီကုန်းမှာ အဆင်ပြေအောင်လုပ်…စိုးရတို့ မဂျစ်ကြီးတို့လည်းရှိတာပဲ”

“အေး..မင်းလည်း အခြေအနေကောင်းအောင်နေ..တစ်ခုခုဆို ငါ့ကို အကြောင်းကြားကွာ”

ကြေးမုံက အဝတ်အစားအထုတ်ကိုဆွဲကာ ပြန်ထွက်လာသည်။

မိုးကျော်နှင့် ကြေးမုံ တိုက်အောက်သို့ ဆင်းသွားကြ၏။

တိုက်အောက်တွင် ရပ်ထားသော ဘီအက်စ်အေ ဆိုင်ကယ်ကို မိုးကျော်က စက်နှိုးသည်။

ကြေးမုံက နောက်မှ ထိုင်လိုက်၏။

“ကြေးမုံ..မင်း က လူနှစ်ယောက်သတ်ပြီးခဲ့ပြီနော်”

“အင်းလေ..ကိုမိုးကျော်”

“မင်းက အရင်လို ခါးပိုက်နှိုက်နောက်လိုက်လေးမဟုတ်တော့ဘူး……မင်း..က လူမိုက်ဖြစ်သွားပြီ..လူမိုက်တောင်မှ နယ်မြေအပိုင်စားနဲ့လူမိုက်ဖြစ်လာမှာ..ရှေ့လျှောက် အဲ့ဒါကို ခေါင်းထဲအမြဲထည့်ထား”

“အင်း..အဲ့ဒီတော့..ကျွန်တော်က လူထပ်သတ်ရဦးမှာလား”

မိုး‌ကျော် က ဘာမှ မပြန်မပြော။

ဆိုင်ကယ်စက်နှိုးသံ ဝူးခနဲသာထွက်လာတော့သည်။

ခက်ဇော်