မြဝတီအခြေစိုက် အွန်လိုင်းငွေလိမ်ဂိုဏ်းနှင့် သက်ဆိုင်သော တရုတ်နိုင်ငံသားကို ထိုင်းရဲဖမ်းမိ

0
4119

မြန်မာနိုင်ငံ မြဝတီအခြေစိုက်လုပ်ငန်းတွင် အလုပ်သမားများကို ဆိုရှယ်မီဒီယာများမှတစ်ဆင့် ဒစ်ဂျင်တယ်ငွေကြေးလိမ်လည်မှုများ အတင်းအကျပ် ပြုလုပ်စေခိုင်းနေကြောင်း စွတ်စွဲချက်များဖြင့် တရုတ်အမျိုးသားတစ်ဦးကို ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ကြောင်း အောက်တိုဘာလ ၃၁ ရက်နေ့တွင် ကြေညာခဲ့သည်။

ဖမ်းဆီးခံရသော တရုတ်နိုင်ငံသားမှာ အသက် ၃၃ နှစ်အရွယ် ဟွမ်တီယန်းရုန် (ခ) အားရုန် အမည်ရှိသူဖြစ်ပြီး ဘန်ကောက်မြို့ရှိ အားကစားရုံတစ်ရုံတွင် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကာ လူကုန်ကူးမှု၊ အဓမ္မစေခိုင်းရန် ပူးပေါင်းဆောင်ရွက်မှုတို့ဖြင့် တရားစွဲဆိုထားကြောင်း ထိုင်းရဲတပ်ဖွဲ့က ထုတ်ပြန်ထားသည်။

ဆိုရှယ်မီဒီယာမှတစ်ဆင့် ငွေကြေးလိမ်လည်နေသူများကို ထိုင်းရဲတပ်ဖွဲ့မှ ၂၀၂၁ ခုနှစ် အစောပိုင်းကာလကတည်းက ဖမ်းဆီးနိုင်ရန် ကြိုးပမ်းနေခြင်းဖြစ်ပြီး ထိုင်းနိုင်ငံသားနှင့် နိုင်ငံခြားသား ၁၉ ဦးကို ဖမ်းဝရမ်းထုတ်ထားခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။

အဆိုပါဂိုဏ်းအဖွဲ့တွင် တရုတ်နိုင်ငံသား ၃ ဦး၊ မလေးရှားနိုင်ငံသား ၁ ဦး၊ ဖိလစ်ပိုင်နိုင်ငံသား ၁ ဦး၊ မြန်မာနိုင်ငံသား ၃ ဦးနှင့် ထိုင်းနိုင်ငံသား ၁၁ ဦးတို့ပါဝင်ကာ အားရုန်နှင့် အခြားတရုတ်နိုင်ငံသားတစ်ဦးတို့သည် ဂိုဏ်းခေါင်းဆောင်နှင့် ငွေကြေးကိုင်ဆောင်သူများဖြစ်ကြောင်း ထိုင်းရဲတပ်ဖွဲ့က သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။

အဆိုပါဝရမ်းထုတ်ထားသူများတွင် အားရုန်နှင့်အတူ အဖွဲ့ဝင် ၇ ဦးကို ဖမ်းဆီးရမိထားပြီဖြစ်ပြီး နောက်ထပ် အဖွဲ့ဝင် ၁၁ ဦး ဖမ်းဆီးရန် ကျန်ရှိနေသေးကြောင်း ကြေညာခဲ့သည်။

ထိုင်းနိုင်ငံသားများသည် တာခ့်ခရိုင် မဲဆောက်ဒေသရှိ ဆိုရှယ်မီဒီယာလုပ်ငန်းများတွင် လုပ်ကိုင်ရန် လစာအမြောက်အများဖြင့် လိမ်လည်ခေါ်ယူခံခဲ့ကြရပြီး သောင်ရင်းမြစ်ကိုဖြတ်ကာ မြန်မာနိုင်ငံ မြဝတီဘက်ရှိ လုပ်ငန်းတစ်ခုသို့ အတင်းအကျပ်ပို့ဆောင်ခြင်းခံခဲ့ကြရကြောင်း ထိုင်းရဲတပ်ဖွဲ့က သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားသည်။

ထိုင်းအလုပ်သမားများသည် မြဝတီမြို့ရှိ ကုမ္ပဏီတစ်ခုသို့ရောက်သောအခါ တစ်နေ့လျှင် ၁၂ နာရီအထိ နားရက်မရှိဘဲ ဒီဂျစ်တယ်ငွေကြေးလိမ်လည်မှုများ၊ ငွေကြေးရင်းနှီးမြုပ်နှံမှုများ ပြုလုပ်ရန်အတွက် အတင်းအကျပ် စေခိုင်းခံခဲ့ရကြောင်း ထိုင်းရဲတပ်ဖွဲ့မှ ဆက်လက်ပြောကြားခဲ့သည်။

သတ်မှတ်ပေးထားသည့် လုပ်အားပမာဏ မပြည့်မီသည့် လုပ်သားများကို “Black Room” ဟုခေါ်သော အမှောင်ခန်းတွင် ပိတ်လှောင်ကာ ကတုံးတုံးခြင်း၊ အလုပ်သမားများ ပြန်မခုခံနိုင်ရန် ကျဉ်စက်ဖြင့် နှိပ်စက်မှုများပြုလုပ်ခဲ့ကြောင်း ထိုင်းရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။

ထိုင်းနိုင်ငံသို့ ပြန်လိုသည့် အလုပ်သမားများအနေဖြင့် လျော်ကြေးငွေ ဘတ် ၅၀၀၀၀ အထိ အတင်းအကျပ် ပေးဆောင်ခဲ့ရကြောင်း ပြန်လည်လွတ်မြောက်လာသည် ထိုင်းနိုင်ငံသား ၇ ဦးထွက်ဆိုချက်ကို ထိုင်းရဲတပ်ဖွဲ့က သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။