ပုလောတွင် မှတ်ပုံတင်နှင့် ထောက်ခံစာကို တင်းတင်းကျပ်ကျပ် စစ်ဆေးနေဆဲဟုဆို

0
3634

မြိတ်ခရိုင် ပုလောမြို့ အဝင်အထွက်ဂိတ်နှစ်ခုတွင် နိုင်ငံသားစိစစ်ရေး ကတ်ပြား(မှတ်ပုံတင်)နှင့် ရပ်ကွက်အတွင်း အမှန်တကယ်နေထိုင်ကြောင်း အုပ်ချုပ်ရေးမှူး ထောက်ခံစာကို တင်းတင်းကျပ်ကျပ်စစ်‌ဆေးနေဆဲဖြစ်ကြောင်း မြို့ခံအချို့ကပြောသည်။

မှတ်ပုံတင်နှင့် ထောက်ခံစာနှစ်ခုစလုံးမပြသနိုင်ပါက မြို့ခံများကိုယ်တိုင်ပင် မြို့ဝင်ထွက်ဂိတ်ကို ဖြတ်သန်းသွားလာခွင့်မရဘဲဖြစ်နေကြောင်း ‌၎င်းတို့ကဆိုသည်။

တစ်ရက်သို့မဟုတ် နှစ်ရက်သက်တမ်းရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူး ထောက်ခံစာတစ်ရွက်ကို တစ်ထောင်ကျပ်ဖြင့် သွားလုပ်နေရကြောင်း ၎င်းတို့ကဆိုသည်။

“ပုလောမြို့ပြင်ကိုထွက်မယ်ဆိုရင် နိုင်ငံခြားသွားသလိုဖြစ်နေတာ။ မှတ်ပုံတင်ရော၊ ထောက်ခံစာပါပြနေရတယ်။ အလှူတွေဘာတွေသွားဖို့ ထောက်ခံစာတစ်ချပ် တစ်ထောင်နဲ့သွားလုပ်နေရတာ” ဟု မြို့ခံတစ်ဦးကဆိုသည်။

မြို့ထဲတွင်ပါ ရှောင်တခင်စစ်ဆေးလေ့ရှိသဖြင့် ထောက်ခံစာရွက်ကို အမြဲတမ်းနီးပါး‌ ဆောင်ထားရကြောင်း မြို့ခံအချို့ကဆိုသည်။

၂၀၂၁ ခုနှစ် နှစ်လယ်ပိုင်းလောက်မှစပြီး  တနင်္သာရီတိုင်းအတွင်း ခရီးသွားလာသူများကို မှတ်ပုံတင်၊ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူး ထောက်ခံစာ၊ ကိုဗစ်ကာကွယ်ဆေး ထိုးနှံထားသည့် လက်မှတ်တို့ကို တင်းတင်းကျပ်ကျပ်စစ်ဆေးခဲ့သော်လည်း ယခုနှစ်အတွင်းမူ စစ်ဆေးမှုမရှိတော့ပေ။

ထားဝယ်၊ မြိတ်‌၊ ကော့သောင်းမြို့တို့တွင်လည်း မှတ်ပုံတင်နှင့် ထောက်ခံစာများကို စစ်ဆေးလေ့မရှိတော့ကြောင်း မြို့ခံအချို့ကဆိုသည်။

ထားဝယ်မြို့တွင်မူ မော်တော်ယာဉ်နှင့်ပတ်သက်သည့် အထောက်အထားများကိုသာ အဓိကစစ်ဆေးတော့သည်။

ပုလောမြို့တွင်မူ ထိုသို့မဟုတ်ဘဲ ယခုအချိန်အထိ ကာလကြာရှည် ထောက်ခံစာနှင့် မှတ်ပုံတင် စစ်ဆေးခံနေရဆဲဖြစ်ကြောင်း မြို့ခံအချို့ကဆိုသည်။

“ထောက်ခံစာရော၊ မှတ်ပုံတင်ရောနှစ်ခုစလုံးပါမှရတယ်။ မပါဘူးဆိုရင် အိမ်ကိုဖုန်းဆက်ခိုင်းပြီးတော့ လာခေါ်ခိုင်းရတယ်” ဟု အခြားမြို့ခံတစ်ဦးကဆိုသည်။

အခြားနယ်ဝေးမှ ပုလောမြို့သို့ ထောက်ခံစာမရှိဘဲလာပါကလည်း တည်းခိုနေထိုင်မည့်အိမ်သို့ ဖုန်းဆက်လာခေါ်ခိုင်းလေ့ရှိပြီး လာခေါ်မည့်သူမရှိက ပြန်လှည့်ခိုင်းလေ့ရှိကြောင်း မြို့ခံအချို့ကဆိုသည်။

ယင်းအပြင် ပုလောမြို့ပေါ်မှ မြို့ပြင်သို့ ဆန်သယ်ယူရာတွင်လည်း ထောက်ခံစာလိုအပ်ပြီး မရှိက ဆန်သယ်ယူခွင့်မရကြောင်း ၎င်းတို့ကဆိုသည်။

ထောက်ခံစာရှိသော်လည်း ဆန်သုံးအိတ်ထက်ပိုသယ်ယူခွင့်မပြုကြောင်းသိရသည်။

အာဏာသိမ်းပြီးနောက်ပိုင်း ပုလောမြို့အနီးရှိ ပုလောကုန်း၊ ကျောင်းနိမ့်၊ ဒုရင်းပင်ရှောင် စသည့်ကျေးရွာများအနီးတွင် မကြာခဏတိုက်ပွဲဖြစ်ပွားလျက်ရှိပြီး မြို့ပေါ်တွင်လည်း ပေါက်ကွဲမှုများ ဖြစ်ပွားလေ့ရှိသည်။