ထိုင်းရောက်မြန်မာများ နိုင်ငံကူးလက်မှတ်အသစ်လုပ်လျှင် အလုပ်သမားကတ်တစ်ပါတည်းလုပ်ပေးမည်

0
3883

ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားများ PJ အမျိုးအစား နိုင်ငံကူးလက်မှတ်အသစ်လျှောက်ထားသူများကို ပြည်ပအလုပ်အကိုင် အလုပ်သမားသက်သေခံကတ် (OWIC) ကို တစ်ပါတည်း လုပ်ဆောင်ပေးမည်ဖြစ်ကြောင်း ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးက အောက်တိုဘာလ ၃၁ ရက်နေ့တွင် ထုတ်ပြန်သည်။

နိုဝင်ဘာလ ၇ ရက်နေ့မှစ၍ ဘန်ကောက်ရှိ မြန်မာသံရုံးတွင် နိုင်ငံကူးလက်မှတ်အသစ် လျှောက်ထားသူများကို OWIC ကတ် တစ်ပါတည်း ထုတ်ပေးမည်ဖြစ်ရာ မြန်မာနိုင်ငံသို့ ပြန်လည်သွားရောက် ပြုလုပ်ရန် မလိုအပ်တော့ကြောင်း ထုတ်ပြန်ထားသည်။

လက်ရှိ ထိုင်းရောက် မြန်မာအလုပ်သမားများသည် OWIC ကတ်ပြုလုပ်ရန် ပြည်တွင်းသို့ ပြန်လည် သွားရောက် လုပ်ကိုင်နေကြရသဖြင့် နည်းပညာဆိုင်ရာ Software များ ဖြည့်ဆည်းတပ်ဆင်ကာ ပြုလုပ်ပေးမည်ဖြစ်ကြောင်း မြန်မာသံရုံးထံမှ သိရသည်။

OWIC ကတ် ပါရှိမှသာလျှင် လေဆိပ်၊ နယ်စပ်ဂိတ်မှတစ်ဆင့် ပြည်ပသို့ တရားဝင် သွားရောက်လုပ်ကိုင်နိုင်ပြီး ကတ် သက်တမ် ငါးနှစ်အတွင်း ခွင့်ဖြင့် ပြည်တွင်းသို့ ပြန်လိုသူများမှာလည်း ယင်းကတ်ဖြင့် ပြည်ဝင်၊ ပြည်ထွက် ပြုလုပ်နိုင်မည် ဖြစ်သည်။

ပြည်ပရောက် မြန်မာအလုပ်သမားများသည့် မြန်မာနိုင်ငံသို့ ပြန်ဝင်သောအချိန်တွင် ပုံမှန်ဝင်ရောက်နိုင်သော်လည်း ပြည်ပသို့ ပြန်ထွက်သောအချိန်တွင် OWIC ကတ်ရှိမှသာ ပြန်ထွက်ခွင့်ပေးသဖြင့် အလုပ်သမားတိုင်း မဖြစ်မနေ ပြုလုပ်ထားရသော ကတ်တစ်မျိုးဖြစ်ကြောင်း ထိုင်းရောက်အလုပ်သမားတစ်ဦးက ပြောသည်။

“ဒီကတ်ပြားကို ဒီမှာထုတ်လို့ရတဲ့အတွက် အလုပ်သမားတွေအတွက် အဆင်ပြေသွားတယ်ပဲပြောရမယ်။ ဒါပေမဲ့ ဒီကတ်က ထိုင်းရောက်ရင် အရမ်းကြီးတော့ အသုံးမဝင်နေဘူး။ ပြည်ပထွက်ဖို့ မရှိမဖြစ်လိုအပ်လို့သာ လုပ်ခဲ့ကြရတာ။ အခုက ထိုင်းမှာ ထုတ်လို့ရနေပြီဆိုတော့ မြန်မာပြည်ပြန်ရင် ထပ်လုပ်စရာမလိုတော့ဘူးဆိုတဲ့ သဘောပဲ” ဟု ၎င်းက ဆိုသည်။

အရေးကြီးကိစ္စကြောင့် မဖြစ်မနေ မြန်မာနိုင်ငံသို့ ခေတ္တပြန်လျှင် OWIC ကတ်မရှိသေးသူများသည် ပြန်ထွက်ရန် အတွက် ယင်းကတ်ကို အလုပ်သမားဝန်ကြီးဌာနနှင့် ချိတ်ဆက်ကာ အချိန် ၁ ပတ်မှ ၁လ နီးပါးအထိကြာအောင် ပြုလုပ်ကြရကြောင်း အလုပ်သမားများထံမှ သိရသည်။

ထို့ကြောင့် အချိန်ကြန့်ကြာမှုနှင့် ငွေကြေးထပ်မံကုန်ကျနေရကြောင်း ၎င်းတို့က ပြောသည်။

“အခုအချိန် မြန်မာပြည်ကို မဖြစ်မနေ ခဏပြန်ရမယ်ဆိုရင် ဒီကတ်က လိုကိုလိုတယ်။ လေဆိပ်အဝင်အထွက် ကတ်သက်တမ်း ရှိမရှိ ပါမပါ စစ်တယ်။ ကျွန်တော့်မှာ ခဏပြန်ဖို့လုပ်နေတာ ဒီကတ်မရှိသေးလို့ရယ်၊ အလုပ်ကလည်း ခွင့် ၁၀ ရက်ပဲရလို့ သွားလို့ မရဖြစ်နေသေးတာ။ အခု ထိုင်းမှာ နေ့ချင်းပြီးတောင် လုပ်ပေးတော့မယ်ဆိုတော့ ဒီကတ်ရရင် ပြန်ဖို့အဆင်ပြေသွားပီ” ဟု ထိုင်းရောက် မြန်မာအလုပ်သမားတစ်ဦးက ဆိုသည်။

နိုင်ငံကူးလက်မှတ်အသစ်ကို ဘန်ကောက်ရှိ မြန်မာသံရုံးတွင် ထုတ်ပေးမည်ဖြစ်ပြီး OWIC ကတ်ကို စမူစခွန်ခရိုင် မဟာချိုင်ဒေသရှိ သာမန်မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးဌာနစိတ် (TDCC) ရုံးတွင် ထုတ်ယူရမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

နိုင်ငံကူးလက်မှတ်အသစ်ထုတ်ပြီး တစ်ပတ်အတွင်း OWIC ကတ်ကို သွားရောက်ထုတ်ယူနိုင်သည်ဟု ဆိုသည်။

စက်ရုံအလုပ်သမားများအနေဖြင့် စက်ရုံကိုယ်စားလှယ်တစ်ဦးက အမည်စာရင်းနှင့်တကွ စုပေါင်း ထုတ်ယူနိုင်မည်ဖြစ်ကြောင်းလည်း ထုတ်ပြန်ထားသည်။

၂၀၂၁ ခုနှစ် စက်တင်ဘာလမှစ၍ နိုင်ငံကူးလက်မှတ်အသစ် (PJ) ပြုလုပ်ထားသူများအနေဖြင့်လည်း OWIC ကတ်ပြုလုပ်ရန် ပြည်တွင်းသို့ ပြန်သွားရန် မလိုအပ်ဘဲ မဟာချိုင်ရှိ TDCC ရုံးတွင် နေ့ချင်းပြီး ဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း ဖော်ပြသည်။

နိုင်ငံကူးလက်မှတ်အသစ်နှင့် OWIC လျှောက်ထားသူများအနေဖြင့် ဘန်ကောက်ဘဏ်ငွေစာရင်းအမှတ် 101-3-481922 ကို ၁၀၅၀ ဘတ် ပေးသွင်းထားသော ငွေသွင်းဖြတ်ပိုင်း၊ နိုင်ငံကူးလက်မှတ်အဟောင်းနှင့် ပြည်တွင်းရှိ မိသားစု အချက်အလက်များကိုပါ ဖြည့်ပေးရမည်ဖြစ်ကြောင်း ထုတ်ပြန်သည်။

ပြည်တွင်းရှိ မိသားစုအချက်အလက်တောင်းခံခြင်းမှာ လုပ်ငန်းခွင်အတွင်း မတော်တဆ ထိခိုက်ဒဏ်ရာရရှိခဲ့လျှင် နစ်နာကြေးကိစ္စများ ဆောင်ရွက်ပေးနိုင်ရန်အတွက်ဖြစ်ကြောင်း ထုတ်ပြန်ချက်ထားသည်။