ထားဝယ်တွင် အလူမီနီယံလုပ်ငန်းများ အလုပ်အပ်သူ မရှိသလောက်နည်းဟုဆို

0
4025

ထားဝယ်မြို့ရှိ အလူမီနီယံအိမ်သုံးပရိဘောဂ လုပ်ကိုင်သည့်လုပ်ငန်းများ အလုပ်အပ်သူ မရှိသလောက် နည်းပါးလာကြောင်း ယင်းလုပ်ငန်းလုပ်ကိုင်နေသူအချို့ထံမှ သိရသည်။

ထားဝယ်တွင် ပြတင်းပေါက်၊ တံခါးပေါက်၊ ဗီဒို၊ ဆိုင်ကောင်တာ အစရှိသည့် အလူမီနီယံဖြင့်လုပ်သည့် အိမ်သုံးပစ္စည်းလုပ်ငန်း ဆယ်နှင့်ချီရှိသည်။

ယမန်နှစ်နှင့် ယခုနှစ် နှိုင်းယှဉ်ပါက အလုပ်အပ်သူ သိသိသာသာနည်းသွားပြီး ယခုလတွင် အလုပ်တစ်ခုသာ လက်ခံရရှိကြောင်း ထားဝယ်မြို့ပေါ် အလူမီနီယံဆိုင်ဖွင့်ထားသည့် အမျိုးသားတစ်ဦးက ပြောသည်။

ဒေသခံအများစုက စီးပွားရေးကျပ်တည်းနေကြပြီး စားရေးသောက်ရေးကိုသာ အဓိကထားရုန်းကန်နေရသည့်အတွက် အလုပ်အပ်သူ မရှိသလောက်နည်းခြင်းဖြစ်နိုင်ကြောင်း ၎င်းက ဆိုသည်။

ပြီးခဲ့သည့်နှစ်ကမူ တစ်လလျှင် ပျမ်းမျှ ငွေကျပ်ဆယ်သိန်းခန့် အသားတင်လက်ခရရှိပြီး ယခုနှစ်တွင်မူ တစ်သိန်းခန့်သာ ရတော့ကြောင်း အဆိုပါအမျိုးသားက ပြောဆိုသည်။

“အခုက ဆိုင်ဖွင့်ထားပြီး ထိုင်နေရတဲ့ ရက်တွေချည်းပဲ။ ဆိုင်ခန်းခတောင် အိတ်စိုက်ပေးနေရတာ” ဟု ၎င်းက ပြောသည်။

လက်ရှိတွင် နေအိမ်ပြတင်းပေါက်၊ တံခါးပေါက် အစရှိသည့် အိမ်သုံးပစ္စည်းအသစ်လုပ်မည့်သူ မရှိတော့ဘဲ အဟောင်းပြုပြင်သူများသာ ရှိတော့‌ကြောင်း ထားဝယ်မြို့ရှိ အခြားအလူမီနီယံလုပ်သူတစ်ဦးက ဆိုသည်။

“အဟောင်းပြင်ဖို့ ခေါ်တာတောင် အလုပ်ရပြီလို့ ဝမ်းသာနေရတယ်။ ဘာကြောင့်ဆိုရင် ကိုယ့်ဆီက အလုပ်သမားတွေကို ထိန်းထားနိုင်ဖို့ လိုတာကိုး” ဟု ၎င်းက ပြောသည်။

ထိုအခင်းအကျင်းကြောင့် ထားဝယ်မြို့ရှိ အလူမီနီယံလုပ်ငန်းလုပ်သူအချို့မှာ ဆိုင်ပိတ်ပြီး ထိုင်းနှင့် မလေးရှားသို့ ရွေ့ပြောင်းလုပ်သားအဖြစ် သွားနေကြကြောင်း အဆိုပါ အလူမီနီယံလုပ်သူက ဆိုသည်။

လက်ရှိတွင် သံချောင်း၊ ဘိလပ်မြေ စသည့် အိမ်ဆောက်ပစ္စည်းများ ဈေးအဆမတန်တက်နေသည့်အတွက် အိမ်အသစ်ဆောက်သူ နည်းပါးနေကြောင်း ထားဝယ်ဒေသရှိ အလူမီနီယံလုပ်သူအချို့က ပြောဆိုကြသည်။

ထိုကြောင့် လာမည့်နှစ်တွင် အလူမီနီယံနှင့် ပတ်သက်သည့် အလုပ်အပ်သူအရေအတွက်မှာ ယခုနှစ်ထက် ပိုနည်းလာနိုင်ကြောင်း သုံးသပ်နေကြသည်။