တနင်္သာရီ တိုက်ပွဲအတွင်း ကလေးငယ်တစ်ဦးနှင့် အမျိုးသားတစ်ဦး လက်နက်ကြီးကျည်စထိမှန်

0
3987

တနင်္သာရီမြို့နယ် ညောင်ပင်ကွင်း၊ ဘန်လောနှင့် ခြောက်မိုင်ကျေးရွာတို့အနီး ဖြစ်ပွားသည့် တိုက်ပွဲတွင် အရပ်သား နှစ်ဦး လက်နက်ကြီးကျည်စထိမှန် ဒဏ်ရာရကြောင်း ဒေသခံများထံမှသိရသည်။

အဆိုပါကျေးရွာများအနီးတွင် အောက်တိုဘာလ ၃၁ ရက် နေ့လယ်ပိုင်းမှ ညနေမိုးချုပ်သည်အထိ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်က လက်နက်ကြီးများ အဆက်မပြတ်ပစ်ခတ်ခဲ့ကြောင်း ဒေသခံများက ပြောသည်။

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မြိတ်ခရိုင် တပ်ရင်း (၂) တပ်ခွဲ (၁)၊ တနင်္သာရီမြို့နယ် မဟာမိတ်တပ်ပေါင်းစု စစ်ကြောင်း (၂) တို့နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားခြင်းဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

လက်နက်ကြီးကျည် ကျေးရွာများအတွင်း ကျရောက်ပေါက်ကွဲမှုကြောင့် ညောင်ပင်ကွင်းကျေးရွာနေ အသက် ၃၀ ကျော်အရွယ် အမျိုးသားတစ်ဦးနှင့် အသက် ၁၁ နှစ် အရွယ်မိန်းကလေးတစ်ဦးတို့ လက်နက်ကြီးကျည်စထိမှန်ကာ ဒဏ်ရာရကြောင်း ဒေသခံများက ဆိုသည်။

“အမျိုးသားက လည်ပင်းမှာထိပြီး စိုးရိမ်ရတယ်။ နှစ်ဦးစလုံးကို မြိတ်ဆေးရုံကြီးမှာ ကုသနေတယ်” ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခြင်းကြောင့် ကျေးရွာအတွင်းရှိ နေအိမ်အချို့ထိခိုက်ပျက်စီးခဲ့ပြီး အရေအတွက်ကိုမူ အတိအကျမသိရသေးကြောင်း ဒေသခံများက ဆိုသည်။

“ညောင်ပင်ကွင်း၊ ဘန်လော ရွာလုံးကျွတ် ထွက်ပြေးနေရတယ်။ ခုကကျန်ရစ်သူတွေ (လက်နက်ကြီးကျည်စ) ထိသွား တာ” ဟု ထွက်ပြေးတိမ်းရှောင်နေရသည့် ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

ညောင်ပင်ကွင်းကျေးရွာတွင် အောက်တိုဘာလ ၂၉ ရက်ကလည်း နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်က ပစ်သည့် လက်နက်ကြီးကျည်ကျရောက်ကာ နေအိမ်လေးလုံး ပျက်စီးခဲ့ရသေးကြောင်း ဒေသခံများထံမှ သိရသည်။

ပြီးခဲ့သည့် အောက်တိုဘာလ ၁၂ ရက်နေ့ကလည်း ညောင်ပင်ကွင်းကျေးရွာအုပ်စု၊ သဘော့လိပ်ရွာနှင့် ထုံမခါရွာကြား နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့သေးသည်။