အမှောင်ထဲမှ မင်းသားများ (၁၉၇၀)

0
960

အခန်း(၅)

ရန်ကုန်မြို့၊ ပန်းဆိုးတန်း၊စားဖျော် အစိုးရယမကာဆိုင်၏ ဘေးကပ်လျက်တွင်ရှိသော “သဟာရ” ပျော်ပွဲစားရုံ။

“နေပါဦး..ကြေးမုံ..မင်း ကြယ်နီကို သတ်ပြီးတော့ ရှောင်နေလို့ရတာပဲ..မင်းလို့လည်း ဘယ်သူကမှ မျက်မြင်သက်သေရှိတာမဟုတ်ဘူး…ငါ့တို့သတ်တယ်ပဲ ရဲတွေက အစထင်ကြတာ..အဲ့ဒါကို ဘာလို့ ရဲစခန်းမှာ လာဝန်ခံတာလဲ”

မိုးကျော်က သူ့ရှေ့မှ ခေါက်ဆွဲကြော်ကို ခက်ရင်းနှင့် ထိုးကော်နေသည့် ကြေးမုံကို မေးလိုက်သည်။

ကြေးမုံက လက်ကာပြပြီး ခေါက်ဆွဲကြော်တစ်လုတ်ကို အရသာခံစားလိုက်သည်။

ထို့နောက် သူ့အတွက် ငှဲ့ပေးထားသော မန္တလေးရမ်ခွက်ထဲသို့ ဘိလပ်ရည်အနည်းငယ်ရောကာ အရသာခံသောက်လိုက်သည်။

“ကျွန်တော်သတ်တာလေဗျာ.. ကိုမိုးကျော်သတ်တာမှမဟုတ်တာ..နို့မဟုတ် ကျွန်တော်လည်း ငါ့ဘယ်နေ့ လာဖမ်းမလဲ ကြောက်မနေချင်ဘူး… အပြင်မှာနေပြီး တနေ့တနေ့ တွေးကြောက်နေရတာထက် လာအဖမ်းခံပြီး ထောင်ထဲနေရာတာကမှ ပိုကောင်းသေးဗျ..ကျွန်တော် စိတ်ထဲမှာတနုံ့နုံ့ကြောက်နေရတဲ့ ကိစ္စကို ထောင်တွေ အချုပ်တွေထက် ပိုကြောက်တယ်…”

“ခွေးသားပေါက်လေး….အဲ့ဒါများ အဲ့ဒီညကတည်းက သွားအဖမ်းခံလိုက်ပြီးနေတာကိုး..ငါရော ငါ့လူတွေရော ရဲစခန်းရောက်ရသေးတယ်”

“ဖြစ်ဖြစ်ချင်းတော့ ကြောက်တာပေါ့ဗျာ..မနက်ကျ ဦးမဂျစ်ကို မေးကြည့်တော့ ကျွန်တော်က အသက်မပြည့်သေးဘူး…ထောင်ကျလည်း နည်းနည်းပဲဆိုတာသေချာမှ လာအဖမ်းခံလိုက်တာ..ထောင်ထဲတော့ ဘယ်အကြာကြီးနေချင်ပါ့မလဲ”

“အေး..ကောင်းပါလေ့ကွာ..ဟိုကောင် ဧရာကရော ဘာကိစ္စ ဒီကောင်ထောင်ထဲဝင်တာ လိုက်ဝင်ရတာလဲ”

“ကျွန်တော် ပျင်းလို့ဗျ…ဒီကောင်မရှိရင် ပျင်းတယ်”

“ဟား..ဟား…လိုက်လည်း လိုက်တဲ့ နှစ်ကောင်ကွာ.”

ဧရာက ရမ်ကို တဘရိတ်တည်းမော့ချလိုက်ပြီး…

“ကျွန်တော်တို့ ဘာတွေလုပ်ရမှာလဲ..ကိုမိုးကျော်”

“လူတစ်ယောက်ကိုသတ်ပေးရမယ်”

“ဗျာ”

ဧရာ မျက်လုံးပြူးသွားသည်။

ကြေးမုံကခေါင်းကုပ်လိုက်ပြီး

“ဟုတ်မှလည်း လုပ်ပါ..ကိုမိုးကျော်ရယ်….ကျွန်တော့်မှာ ဒီနေ့မှ တရားရုံးက တရားသေလွတ်တာပါ…အခု လူထပ်သတ်ရဦးမှာလား”

မိုးကျော်က သူ့ပုံစံအတိုင်း ဟက် ခနဲ ရယ်လိုက်သည်။

“ငါခိုင်းတာမဟုတ်ဘူး..အကိုကြီးကိုကျော်ဝင်းခိုင်းတာ…မင်းတို့အခုလို လွတ်လာအောင်လည်း သူပဲ အကုန်ကျခံထားတာ… ဘာလဲ မင်းတို့က သူခိုင်းတာကို ငြင်းဦးမလို့လား”

“အေးဗျာ..ဘယ်တတ်နိုင်မလဲ…အခုချိန်မှာ ကျွန်တော်ကကျော်ဝင်းကြီးထက် ခင်ဗျားကို ပိုကြောက်တာ ကိုမိုးကျော်”

“ဟေ..ဘာလို့လဲကွ”

“ဘာဖြစ်ရမလဲ…ဒီမှာလည်း ရမ်တွေ၊ ခေါက်ဆွဲကြော်တွေလည်း စားထားသောက်ထားပြီးမှပဲ…တော်ကြာ ခင်ဗျားက ခိုင်းတာမလုပ်လို့ဆိုပြီး စိတ်ဆိုးပြီး ထပြန်သွားရင် ကျွန်တော်တို့မှာ ရှင်းဖို့ တပြားမှ မပါဘူးဗျ”

ကြေးမုံစကားကြောင့် မိုးကျော် ရယ်လိုက်ရင်း..

“မအေပေးလေးတွေ…မင်းတို့လည်း အလာကြီးပဲဟ”

“ကဲ..ပြော ဘယ်သူ့ကို သတ်ရမှာလဲ..ဘယ်တော့လဲ”

“သတ်ရမှာပါ..ဖြည်းဖြည်းပေါ့ကွာ..ရော့.ဒီမှာ မင်းတို့အတွက် အကိုကြီးက ပေးခိုင်းလိုက်တာ၊ လွတ်လွတ်ချင်း ဝယ်စရာရှိတာ သုံးစရာရှိတာတွေသုံးဖို့…အင်း အလုပ်အတွက် စရံပေးတဲ့သဘောပေါ့ကွာ”

မိုးကျော်က ရာတန်တစ်အုပ်ကို စားပွဲပေါ်ပစ်တင်ပေးလိုက်သည်။

ကြေးမုံနှင့် ဧရာတို့ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်လိုက်ကြသည်။

ကြေးမုံက ရာတန်အုပ်ကို ယူပြီး အိတ်ထဲ ထည့်လိုက်၏။

“မနက်ဖြန် မနက် ပန်းဆိုးတန်းက ရောင်စိန်ကဖေး ကို လာခဲ့…မင်းတို့ အကိုကြီးနဲ့ တွေ့ရမယ်”

မိုးကျော်က ချွတ်ထားသော ဂျာကင်အင်္ကျီကို ကောက်ဝတ်လိုက်သည်။

ထို့နောက် ဆိုင်ပြင်သို့ထွက်ကာ ရပ်ထားသော ဘီအက်စ်အေမော်တော်ဆိုင်ကယ်ပေါ်သို့ တက်ခွပြီး မောင်းထွက်သွားတော့၏။

………………………………..

နောက်တစ်နေ့။

ပန်ဆိုးတန်းရောင်စိန်ကဖေးရှိ ကျော်ဝင်းကြီး၏ ညီလာခံတွင် လူစုံတက်စုံဖြစ်လေပြီ။

ရန်ကုန်အရှေ့ပိုင်းလူမိုက်များဖြစ်သော ကျော်ဝင်းကြီး၊ မိုးကျော်၊ ပန်းဘဲတန်း အီဆာ၊ အီဆတ် ၊ အလီ ၊ ခေါင်းကြီး ၊ လှထွန်း တို့ စုဝေးနေကြသည်။

ကျော်ဝင်းကြီး၊ မိုးကျော် နှင့် အီဆာ တို့က တဝိုင်းထိုင်နေကြပြီး ကျန်သူများက တစ်ခြားဝိုင်းတွင် ထိုင်နေကြ၏။

ကြေးမုံနှင့် ဧရာတို့ နှစ်ဦး ရောင်စိန်ကဖေးရှေ့သို့ ရောက်လာကြသည်။

“ဟိုလွတ်တဲ့ဝိုင်းမှာထိုင်နေ”

မိုးကျော်က မျက်ရိပ်ပြလိုက်သဖြင့် လွတ်နေသည့် ဝိုင်းတွင် နှစ်ယောက်သားဝင်ထိုင်လိုက်ကြသည်။

ရန်ကုန်မြို့လယ်ခေါင်ဖြစ်သော ပန်းဆိုးတန်း၊ ပန်းဘဲတန်း၊ကျောက်တံတားမှ ပုဇွန်တောင်အထိ နယ်မြေကိုယ်စီ ကြီးစိုးထားသည့် လူမိုက်များက ကြေးမုံနှင့် ဧရာတို့ကို အဖတ်ပင်မလုပ်ကြ။

ကြေးမုံနှင့် ဧရာ ယောင်လည်လည်ဖြင့် ထိုင်နေကြသည်။

ခဏအကြာတွင် ကျော်ဝင်းကြီးက ထထွက်သွားသည်။ အီဆာ က ဘေးက ကပ်ပါသွား၏။

မိုးကျော်က လက်ဖက်ရည်ဖိုးရှင်းပြီးနောက် သူတို့ဆီသို့ လျှောက်လာပြီး

“ချာတိတ်တွေ ငါ့နောက်လိုက်ခဲ့…အကိုကြီးနဲ့ အပေါ်မှာ တွေ့ရမယ်”

မိုးကျော်နောက်မှ သူတို့ လိုက်ခဲ့ကြသည်။

ပန်းဆိုးတန်းအပေါ်ဘလောက်ရှိ ကျော်ဝင်းကြီး၏ တိုက်ခန်း။

ထိုအခန်းသို့ ကိုကြယ်နီနှင့်အတူ ကြေးမုံ အတူရောက်ဖူးသည်။

“ထိုင်ကြ”

မိုးကျော်က ကျွန်းဆက်တီကြီးများပေါ်သို့ ထိုင်ရန်ပြောသည်။

ကြေးမုံနှင့် ဧရာတို့ ထိုင်လိုက်ကြသည်။

သူတို့ဘေးမှ ခုံတွင် မိုးကျော်က ဝင်ထိုင်လိုက်၏။

“အကိုကြီး အိမ်သာတက်နေလို့ ခဏစောင့်ပေးပါတဲ့…ကဲ..မိုး‌ကျော်တို့ဘာသောက်ကြမလဲ..အအေးသောက်မလား..ကော်ဖီလား”

“ကျွန်တော့်တော့ ရေပဲပေး…မမဝင်း…သူတို့နှစ်ယောက် ဘာသောက်မလဲသာမေး”

“အံမယ်..ဒီတစ်ခါ ဧည့်သည်တွေက တကယ့်လူကြီးတွေပဲ….ကဲ ဘာသောက်ကြမလဲ..ပြောပါရှင့်..အဟင်းဟင်း”

မမဝင်း ဟူသော အမျိုးသမီး၏ ရယ်သံလေးက လူငယ်ခြေတက် ကြေးမုံနှင့် ဧရာတို့ကို တဒင်္ဂမိန်းမောသွားစေသည်။

“ရေပဲပေးပါ”

ကြေးမုံက ဖြေသည်။

ဧရာက မမဝင်းကို ပြူးကြည့်နေသည်။

ကြေးမုံက တံတောင်နှင့် တွတ်လိုက်မှ သတိပြန်ဝင်လာသည်။

“ဟို..ဟို..ဘာမှမသောက်တော့ပါဘူး..အမ….မမဝင်း”

မမဝင်းဆိုသော မခင်ဝင်းကြည် က လှုပ်လီလှုပ်လဲ့ဖြင့် အခန်းတွင်း ပြန်ဝင်သွားသည်။

မမဝင်း၏ ရှန်သားထမီတွင်းမှ ရုန်းထွက်နေကြသည့် တွန့်ခေါက်တောင်တန်း နိမ့်တုံမြင့်တုံတွင် ချာတိတ်နှစ်ကောင်၏ မျက်လုံးများ ကပ်ပါသွားရပြန်သည်။

မိုးကျော်က ဒူးယားစိမ်းစီးကရက်ဘူး အသစ်ကို ဖောက်လိုက်ပြီး……..

“ဟိတ်ကောင်တွေ…အဲ့ဒါ အကိုကြီးဟာလေး နော်….မင်းတို့ပထွေးရှေ့မှာတော့ မင်းတို့ စောက်လုံးတွေကိုထိန်း…အကုန်သေကုန်မယ်”

မိုးကျော်က အံကြိတ်ပြီး ခပ်တိုးတိုးဟောက်လိုက်သဖြင့် ကြေးမုံနှင့် ဧရာတို့ ပြုံးစိစိဖြင့် ဇက်ပုသွားကြသည်။

ခဏအကြာတွင် ကျော်ဝင်းကြီးက အိမ်နေရင်း စွပ်ကျယ်တစ်ထည့်နှင့် ပုဆိုးတစ်ထည်ဝတ်ကာ ထွက်လာသည်။

နောက်မှ ရေထည့်ထားသော ဖန်ခွက်နှစ်လုံးဖြင့် မခင်ဝင်းကြည်ပါလာ၏။

ကျော်ဝင်းကြီးက ကြေးမုံ နှင့် ဧရာ၏ ရှေ့တည့်တည့်ခုံတွင် ခြေချိတ်ဝင်ထိုင်လိုက်သည်။

“ပူလိုက်တာ..ခင်ဝင်းကြည်..ပန်ကာဖွင့်ပေးအုံး”

မခင်ဝင်းကြည်က စားပွဲပေါ်တွင် တင်ထားသော ကုလားအုတ်တံဆိပ် ပန်ကာအဝိုင်းလေးကို ခလုတ်ထဖွင့်ပေးလိုက်သည်။

“ငါတို့ အလုပ်ကိစ္စပြောမလို့…အထဲဝင်နေ..ခင်ဝင်းကြည်”

မခင်ဝင်းကြည်က ခေါင်းညိတ်ပြပြီး အိမ်ခန်းထဲသို့ ဝင်သွားသည်။

“မိုး‌ကျော်..မင်းသောက်နေတာ ဒူးစိမ်းလား..ငါ့တစ်လိပ်ပေး”

မိုးကျော်က အိတ်ကပ်ထဲမှ ဒူးယားစိမ်းဘူးကို ထုတ်ကာ တစ်လိပ်ယူပြီး ကျော်ဝင်းကြီးထံ ကမ်းပေးလိုက်သည်။

တဆက်တည်း ဇစ်ပိုမီးခြစ်ကို ထုတ်ကာ မီးညှိ့ပေးလိုက်၏။

‌ကျော်ဝင်းကြီးက စီးကရက်ကို တရှိုက်ရှိုက်လိုက်ပြီး..

“ဘယ်ကောင်က ကြေးမုံလဲ”

“ကျွန်တော်ပါ”

“ဒါဆို ဟိုကောင်က ဧရာပေါ့”

“ဟုတ်ကဲ့ပါ”

“မင်းတို့ ငါ့လူ ဖြစ်သွားပြီဆိုတာသိလား”

“ဟုတ်ကဲ့..သိပါတယ်”

“ငါ့လူဖြစ်သွားပြီဆို..မင်းတို့ ငါ့အရိပ်အောက်ရောက်သွားပြီ.. မင်းတို့ ကိစ္စအဝဝကို ငါကာကွယ်စောင့်ရှောက်မယ်.. အင်း မင်းတို့ကလည်း ငါခိုင်းတာကို ဖြစ်အောင်လုပ်..ငါ့ကို သစ္စာရှိ..ပါးစပ်လုံမှဖြစ်မယ်..ဟုတ်လား”

ကြေးမုံနှင့် ဧရာက ခေါင်းညိတ်ပြလိုက်သည်။

“မင်းတို့ လူသတ်ရဲလား”

ခေါင်းညိတ်ပြလိုက်ကြပြန်သည်။

“မိုးကျော်…ငါညက ပြောထားတဲ့ အစီအစဉ်တိုင်းပဲ..ဒီကောင်တွေကို မနက်ဖြန်ညခေါ်သွားလိုက်တော့”

“ဟုတ်ကဲ့..အကိုကြီး”

“ကဲ..မင်းတို့ နှစ်ကောင် ပြန်လို့ရပြီ…မိုးကျော် မင်းနဲ့ ငါ ဟိုကိစ္စ အသေးစိတ်ဆက်ပြောကြမယ်”

မိုးကျော်က မျက်ရိပ်ပြလိုက်သည်။

ကြေးမုံနှင့် ဧရာတို့ ထပြန်လာခဲ့ကြသည်။

“မင်းတို့နှစ်ယောက်…မနက်ဖြန် ရှန်ဟဲ ကို လာခဲ့ကြကွာ..”

မိုးကျော်က တံခါးဝသို့ရောက်နေသော သူတို့နှစ်ဦးအား လှည့်ပြောလိုက်သည်။

………………………………..

ရှန်ဟဲ ပျော်ပွဲစားရုံအတွင်းမှ မိုး‌ကျော် ၊ ကြေးမုံ ၊ ဧရာ တို့ထွက်လာကြသည်။

ဘားရှေ့တွင် အီဆတ်က ဒေါ့ဂျစ်ကားတစ်စီးဖြင့် အသင့်စောင့်နေ၏။

မိုးကျော်က အီဆတ်ဘေးတွင် ဝင်ထိုင်လိုက်သည်။

ကြေးမုံနှင့် ဧရာတို့က နောက်မှ တက်ကြ၏။

ကမ်းနားလမ်းဘက်ဆင်းလာကြပြီး တရုတ်ဘုံကျောင်း၏ မလှမ်းမကမ်းတွင်ဖွင့်ထားသည့် လမ်းဘေးကြံရည်ဆိုင်လေးတွင် ကားကိုရပ်လိုက်ကြသည်။

မိုးကျော်က ကြံရည်ဆိုင်နောက်ဘက်ရှိ ခုံကလေးတွင် ဝင်ထိုင်လိုက်သည်။

သူ့နောက်မှ ကြေးမုံ နှင့် ဧရာကလိုက် ထိုင်သည်။

“မောင်နီ….ဟိုလူ ဘုံကျောင်းထဲ ဝင်သွားပြီလား”

“မလာသေးဘူး.ကိုမိုးကျော်”

ကြံရည်ဆိုင်မှလူသည်လည်း မိုးကျော်တို့၏ လူပင်ဖြစ်သည်။

“ခဏနေ အားကျိုင်းဆိုတဲ့ တရုတ် ဘုံကျောင်းထဲ လာလိမ့်မယ်..ဘုံကျောင်းအနောက်ဘက်က တိုက်ပုလေးမှာ အားကျိုင်းက ဘုရားရှိခိုးတယ်…သူ့တပည့်တွေက ဘုံကျောင်းရှေ့မှာ ကျန်ရစ်လိမ့်မယ်…ဘုံကျောင်းကို လူတွေ အဝင်အထွက်များပေမယ့်..သူ့တပည့်တွေက လက်နက်ဘာညာပါတဲ့လူဆို သေချာသတိထားကြည့်လိမ့်မယ်…မင်းတို့ ဘာလက်နက်မှ မယူသွားတာအကောင်းဆုံးပဲ…ကြေးမုံ မင်း ဒီတရုတ်ကို ဘရိတ်ဓါးနဲ့ သတ်လို့ဖြစ်လား”

“ဖြစ်တယ်…ကိုမိုးကျော်”

“တရုတ်က သိုင်းတွေဘာတွေတတ်တယ်..မင်းတစ်ယောက်တည်းတော့ ဝင်လုံးဖို့မလွယ်ဘူး..ဧရာ မင်းရော ကြေးမုံလို ဘရိတ်ဓါးသုံးတတ်လား”

“ဟာ..ဘယ်သုံးတတ်မလဲဗျ..ပြီးတော့ အားလည်းမရပါဘူး”

“တခြားဓါးရှည်တွေဘာတွေယူသွားလို့မရဘူးနော်..ဟေ့ကောင်”

ဧရာက ဘေးဘီကို တချက်ကြည့်လိုက်သည်။

“ဟိုမှာ ထောင်ထားတဲ့ ကြံစည်းထဲက ခပ်မာမာကြံအဆစ်တစ်ချောင်းကိုတစ်တောင်လောက်ခုတ်ပေးဗျာ”

“မောင်နီ ခုတ်ပေးလိုက်ကွာ”

မောင်နီက အဆစ်မာမာကြံတစ်ချောင်းကို‌ရွေးပြီး ခုတ်ပေးလိုက်သည်။

ထိုအချိန်တွင် တရုတ်တန်းဘက်မှ လူလေးယောက်လျှောက်လာသည်။

“အားကျိုင်း ဆိုတာ ဦးထုတ်နဲ့ကောင်ပဲ”

ရှေ့ဆုံးမှ အသက်(၃၅)ဝန်းကျင် ခပ်တောင့်တောင့် တရုတ်တစ်ဦးကို လက်ညှိးထိုးပြလိုက်သည်။

“ခဏနေ မင်းတို့ ဘုံကျောင်းထဲ လိုက်ဝင်သွားတော့..အဝမှာ သူ့တပည့်တွေစောင့်နေလိုက်မယ်..ဘုရားလာကန်တော့တာလို့ပြော…ပြီးရင် ဘုံကျောင်းနောက်က အဆောင်လေးထဲ ဝင်ပြီး ကိစ္စဖြတ်လိုက်တော့…ပြီးရင် အဲ့ဒီနောက်က အုတ်နံရံကိုကျော်ပြီး လမ်းကြားကို ခုန်ဆင်း…ငါဒေါ့ဂျစ်ကားနဲ့ လာစောင့်နေမယ်.အိုကေလား”

ကြေးမုံ ၏ လက်တို့ တုန်နေသည်ကို မိုးကျော်ကသတိထားမိသွားသည်။

“ဟေ့ကောင် ကြေးမုံ မင်းဘာဖြစ်နေတာလဲ..မင်း လူမသတ်ဖူးတာလည်းမဟုတ်ဘူး”

“ဟာ..အဲ့ဒါက ဒေါသထွက်နေလို့ သတ်လိုက်တာဗျ..အခုဟာက ရန်ငြိုးလည်းရှိတာမဟုတ်”

“ဟိတ်ကောင်..အဲ့ဒါတွေတွေးမနေနဲ့..မင်းဒီလောကမှာ ဆက်ရပ်တည်မယ်ဆို…သတ်စရာရှိ သတ်ရမှာပဲ..မင်းမသတ်ရဲရင်..ဧရာ လုပ်လိမ့်မယ်…ဟေ့..ဧရာ မင်းရော ကြောက်လား”

ဧရာကတော့ တက်ကြွနေသည်။

“ရတယ်..ငကြေး ကြောက်နေရင်လည်း ကျွန်တော်ပဲ ဝင်လုပ်လိုက်မယ်..ကိုမိုးကျော်”

“ဟေ့ရောင်..ဧရာ.မင်းစကားပြောတာကြည့်ပြော….လာသွားမယ်”

ကြေးမုံက အိတ်ထဲမှ ဘရိတ်ဓါးကို လက်ညှိးနှင့် လက်ခလယ်ကြားအသာညှပ်ယူကာရှေ့ဆုံးမှ ထွက်သွား၏။

“နေဦး ဧရာ..မင်းက နည်းနည်းခြားပြီးမှလိုက်”

ကြေးမုံ က ဘုံကျောင်းရှေ့ရှိ အားကျိုင်းတပည့်နှစ်ဦးအား ဘုရားလာဝတ်ပြုသူများနှင့် ရောနှောကာ ကျော်ဖြတ်သွားသည်။

ဧရာက ကြံအဆစ်ကို ကိုင်ရင်း ဝင်လိုက်စဉ်

“နေဦး..မင်းဒီကြံက ဘာလုပ်မလို့လဲ”

အားကျိုင်း၏ တပည့်တရုတ်တစ်ဦးက သတိထားမိသွားပြီး ဧရာ၏ ပုခုံးကို ကိုင်ကာ မေးလိုက်သည်။

“တရုတ်ဘုံကျောင်းက ကွမ်ရင်မယ်တော်ကို ကြံလှူပြီး ဆုတောင်းရင် အကြံအစည်အောင်မယ်လို့ ဗေဒင်က ဟောလိုက်လို့ပါ..ဆရာ”

ဧရာ စကားကို တရုတ်က ယုံလိုက်သည်။

ဧရာက ဘုံကျောင်းအတွင်းဝင်ပြီးနောက် အနောက်ပေါက်အတိုင်းလျှောက်သွားလိုက်သည်။

အနောက်ဘက် မှောင်ရိပ်တွင် ကြေးမုံက မတ်တပ်ရပ်နေ၏။

“ဒီအထဲမှာပဲကွ”

“မင်းအရင်ဝင်ပြီး ကြံချောင်းနဲ့ဝင်ရိုက်…ငါက လိုက်ဝင်ပြီးတာနဲ့ တံခါးကို ဂျက်ချမယ်..ပြီးမှ လုံးပြီး ငါ့ဘရိတ်ဓါးသုံးတာပေါ့”

အခြေအနေကို ခေတ္တအကဲခတ်ပြီး ဧရာက ရှေ့ဆုံးမှ ဝင်ချသွားသည်။

တံခါးကို တွန်းဖွင့်လိုက်သည့်အခါ အထဲတွင် တွေ့လိုက်ရသည်က အားကျိုင်းတစ်ဦးတည်းမဟုတ်။

နောက်ထပ် တရုတ်အဘိုးအိုတစ်ဦးနှင့် လူလတ်ပိုင်းတရုတ်တစ်ဦးပါရှိနေကြသည်။

စကားပြောနေကြသော ထိုသုံးဦးမှာ ကြံအဆစ်ချောင်းကြီးကို ကိုင်ကာ ရုတ်တရက်ဝင်လာသည့် ဧရာကို ကြောင်ကြည့်နေသည်။

ကြေးမုံဝင်လာပြီး တံခါးချက်ထိုးလိုက်သည့်အခါမှ သတိဝင်သွားကြ၏။

“ဘယ်ကကောင်တွေလဲကွ”

ကျောပေးထိုင်နေသည့် လူလတ်ပိုင်းတရုတ်က ဧရာဆီ ပြေးဝင်လာသည်။

ဧရာက ကြံအဆစ်ဖြင့် ခေါင်းကို ဖြတ်ရိုက်ချလိုက်သဖြင့် ဟန်ချက်ပျက်သွား၏။

ဆတ်ခါဆတ်ခါရိုက်လိုက်သောအခါ ကြမ်းပြင်သို့ခွေကျသွားသည်။

ထောင့်တွင်ရပ်လျက် ဓါးမြှောင်ကို ဆွဲထုတ်နေသည့် အားကျိုင်းရှိရာသို့ ကြေးမုံက ကြေးပန်းအိုးကြီး ဖြင့် ကောက်ပစ်လိုက်သည်။

အားကျိုင်းမှာ ကျောကုန်းကို မှန်ပြီး လဲကျသွား၏။

ကြေးမုံက လက်ကြားမှ ဘရိတ်ဓါးကို အသင့်ပြင်ကာ အားကျိုင်းဆီ ပြေးသွားလိုက်သည်။

ထိုအချိန်တွင် မျက်နှာချင်းဆိုင်ဖြစ်နေသော တရုတ်အဘိုးကြီး လက်ထဲမှ သေနတ်ကို ဆွဲထုတ်ပြီး ဧရာအား ချိန်လိုက်သည်ကို ကြေးမုံ မြင်လိုက်ရသည်။

ခန္ဓာကိုယ်သေးငယ်ပြီး ပေါ့ပါးသော ကြေးမုံက စားပွဲခုံပေါ်သို့ ခုံတက်ကာ အဘိုးအိုကို ခုန်အုပ်လိုက်သည်။

အဘိုးအိုမှာ အသက်(၆၅)ဝန်းကျင်ရှိနေပြီဖြစ်သဖြင့် ကြေးမုံ၏ ခန္ဓာကိုယ်ဖြင့် ပိကာ ဘေးတစ်စောင်းကျသွား၏။

အဘိုးအိုလက်မှ သေနတ်သံ ဒိုင်းခနဲ ထွက်လာပြီး ကြေးမုံ၏ နားရွက်ဘေးမှ ကျော်ထွက်သွားသည်။

ကြေးမုံက အဘိုးအိုကို ခွလျက်အနေအထားမှ ခေါင်းကိုဖိကာ ဘရိတ်ဓါးကို လက်မ လက်ညှိးဖြင့် ပြောင်းကိုင်ကာ လည်မြို့ လေပြွန်ကို လေးငါးချက်ခန့် ဆက်တိုက် ဖိလှီးချလိုက်တော့သည်။

ရုတ်တရတ်သွေးများ ပန်းထွက်လာပြီး ကြေးမုံမျက်နှာတွင် စိုရွှဲသွားသည်။

ကြေးမုံက အဘိုးအို၏ လက်ထဲမှ သေနတ်ကို ရလိုက်သည်။

ကြေးမုံလက်ထဲမှ ခြောက်လုံးပြူးသေနတ်ကို မြင်သည်နှင့် အားကျိုင်းမှာ ပြတင်းပေါက်မှ ခုန်ချကာ ထွက်ပြေးတော့သည်။

တရုတ်လူရွယ်မှာမူ လူကောင်ပိုတောင့်သော ဧရာက တက်ခွပြီး လည်ပင်းကို ကြံချောင်းဖြင့် ဖိထားသောကြောင့် ရုန်းကန်ရင်း ငြိမ်သက်သွားသည်။

“ဟေ့ကောင်…ဧရာ..ပြေး…ပြေး”

သေနတ်သံကြောင့်..ဘုံကျောင်းထဲတွင်ရှိသော လူများက အဆောင်ငယ်ဆီသို့ ပြေးလာကြပြီဖြစ်သည်။

ကြေးမုံက လက်ထဲမှခြောက်လုံးပြူးကို ခါးကြားတွင်ထိုးလိုက်ပြီး အနောက်ဖက်တံခါးမှ တဆင့် အုတ်တံတိုင်းဆီသို့ပြေးသည်။ နောက်က ဧရာက လိုက်သည်။

အုတ်တံတိုင်းကို ကျော်တက်လိုက်သည်နှင့် စက်နှိုးပြီး အသင့်စောင့်နေသော ဒေါ့ဂျစ်ကားကို တွေ့ရသည်။

ကြေးမုံနှင့် ဧရာတို့ ခုန်တက်လိုက်သည်နှင့် ကားက ဝူးခနဲ မောင်းထွက်သွား၏။

………………………………..

ရန်ကုန်ဆေးရုံကြီး ရင်ခွဲရုံနဘေးတွင် ဂျစ်ကားကို ထိုးရပ်လိုက်သည်။

ကြေးမုံနှင့် ဧရာ၏ အသက်ရှုသံပြင်းပြင်းက အမှောင်ထဲတွင် ထွက်ပေါ်နေ၏။

မိုးကျော်က ဒူးယားစိမ်းစီးကရက်ဗူးကို ကမ်းပေးလိုက်သည်။

“ကျွန်တော် အာခြောက်နေတယ်..မသောက်ချင်ဘူး..ဟောဟဲ”

မိုးကျော်က ရယ်လိုက်သည်။

“ကဲ..ဘယ်နှယ့်လဲ..ချာတိတ်တို့..လူသတ်ရတာလွယ်တယ်မဟုတ်လား”

“ကိုမိုးကျော်..ခင်ဗျားပြောတော့…အားကျိုင်းတစ်ယောက်တည်းဆို အထဲမှာ သုံးယောက်ဗျ..ပြီးတော့ အဘိုးကြီးတစ်ယောက်က သေနတ်နဲ့”

“ဟေ..မင်းတို့ အားကျိုင်းကို မသတ်ခဲ့ဘူးလား”

“သတ်တော့သတ်ခဲ့တယ်..အားကျိုင်းကို မဟုတ်ဘူး..သေနတ်အဘိုးကြီးနဲ့ နောက်ထပ်တရုတ်တစ်ယောက်ကို”

“ဟာ..ဘာတွေဖြစ်ကုန်ပြီလဲကွာ”

“ခင်ဗျား..သေနတ်သံမကြားဘူးလား”

“ကြားတော့ကြားတယ်”

“ကံကောင်းလို့ ကျွန်တော်မသေတာဗျာ”

မိုးကျော်က သောက်လက်စ ဒူးယားကို နင်းချေလိုက်ပြီး

“ဒုက္ခတော့များပြီ..အားကျိုင်းမသေပဲ…ဘယ်သူတွေသေသွားတာလဲ”

“ဘယ်သိမလဲဗျာ…ကျွန်တော်ကို သေနတ်နဲ့ထုတ်ပစ်တော့ ကျွန်တော်
လည်းအသေသတ်တာပေါ့”

“ဟား..သွားပြီကွာ….အားကျိုင်းက မင်းတို့မျက်နှာကိုမြင်သွားသေးလား”

“မြင်တာပေါ့ဗျာ..ဒီလောက် မီးတွေလင်းနေတာကို”

“မင်းတို့တော့သေပြီပဲ….ငါလည်း ကိုကျော်ဝင်းနဲ့ ရှင်းရတော့မယ်…ကဲ..အီဆတ်…အကိုကြီး နဲ့ ချိန်းထားတဲ့ဆီ မောင်းကွာ..ငါလည်း ဘာလုပ်ရမှန်းမသိဘူး…လီးထဲမှ စောက်တလွဲဖြစ်ကုန်ပြီ”

ကားက ရန်ကုန်ဆေးရုံကြီးဘက်မှ ပတ်ကာ ပန်းဆိုးတန်းဆိပ်ကမ်းဆီ ဦးတည်လိုက်သည်။

ဆိပ်ကမ်းထိပ်တွင် ကားကိုရပ်ကာ ရေဆိပ်သို့ သူတို့ဆင်းလာခဲ့ကြသည်။

ရေဆိပ်ရှိ ပေါင်းမိုးသဗ္ဗာန်လေးတစ်စီးပေါ်သို့ မိုးကျော် က ဦးဆောင်သွားသည်။

“အကိုကြီး အထဲမှာလား”

သဗ္ဗာန်ထိပ်တွင် ထိုင်ကာဆေးလိပ်ဖွာနေသူက ခေါင်းညိတ်ပြလိုက်သည်။

သဗ္ဗာန်ပေါင်းမိုးအတွင်းမှ ထွက်လာသော အခိုးအငွေ့များတွင် မွှေးပျံသောအနံ့တစ်ခုကို ကြေးမုံနှင့် ဧရာတို့ ခံစားမိကြသည်။

သဗ္ဗာန်ပေါင်းမိုးအတွင်းတွင် မွေ့ယာတစ်ခုခင်းထား၏။

မွေ့ယာပေါ်တွင် ကျော်ဝင်းကြီးက ပြောင်းတစ်ခုဖြင့် ဆေးခြောက်ရှုလျက်။

“အဆင်ပြေခဲ့လား..မိုးကျော်”

မိုးကျော် က ခေါင်းခါပြလိုက်သည်။

“ဘာကွ”

“အားကျိုင်းလွတ်သွားတယ်..တခြားတရုတ်နှစ်ကောင်ကိုတော့ ဒီကောင်တွေ သတ်ပစ်ခဲ့တယ်”

ကျော်ဝင်းကြီးက ပြောင်းကို ဆေးခြောက်ရှုသည့် ပြောင်းကိုဘေးသို့ချကာ ခါးကို မတ်လိုက်၏။

ကြေးမုံနှင့် ဧရာတို့ကား ရင်တို့တဒိတ်ဒိတ်ခုန်နေဆဲ။

“ငါလိုးမလေးတွေ…မင်းတို့ ဘယ်သူ့ကိုသတ်လိုက်တာလဲ..ငါသတ်ခိုင်းတာ အားကျိုင်းလေကွာ…ဟေ့ကောင်..မိုးကျော်..မင်းက သေချာမပြောဘူးလား”

“ကျွန်တော်လည်း သေချာမှာလိုက်တာပါ..အကိုကြီး..အထဲရောက်တော့ အားကျိုင်းတစ်ယောက်တည်း မဟုတ်ပဲ..သုံးယောက်တဲ့..သေနတ်နဲ့လည်းပစ်သေးတယ်တဲ့..အဲ့ဒါနဲ့ သူတို့”

“တော်ကွာ..ကားပေါ်မှာ ဘယ်သူရှိလဲ”

“အီဆတ်စောင့်နေတယ်..အကိုကြီး”

“ဘာတွေလုပ်လာကြတာလဲကွာ..မင်းတို့သုံးကောင်..ဒီသဗ္ဗာန်ပေါ်မှာ ငါမပြန်လာမချင်းစောင့်နေ..ငါ လသာက အဘိုးကြီးနှစ်ပွေဆီ အခြေအနေသွားစုံစမ်းလိုက်ဦးမယ်.တောက်..ငါလီး..ခိုင်းလိုက်တိုင်း စောက်တလွဲ..မအေးလိုးလေးတွေ…ငါကွိုင်ပူးလို့ကတော့..မင်းတို့ အကုန်သေဖို့သာပြင်ထား”

ကျော်ဝင်းကြီးက ဒေါသတကြီးဖြင့် ဂျစ်ကားရပ်ထားရာသို့ထွက်သွားသည်။

မှောင်မဲနေသော ရန်ကုန်မြစ်ပြင်တွင် တခြမ်းပဲ့လကလေး၏ အရိပ်ကထင်လျက်။

မိုးကျော်က စိတ်ပျက်လက်ပျက်နှင့် သဗ္ဗာန်ဦးတွင်သွားထိုင်နေသည်။

ကြေးမုံနှင့် ဧရာမှာ ကျော်ဝင်းကြီး၏ ဆေး‌ခြောက်ပြောင်းမှထွက်လာသော အခိုးအငွေ့များကို ရှုရှိုက်မိပြီး မွေ့ယာပေါ်တွင် ငုံ့တုတ်ထိုင်လျက်၊ တိတ်ဆိတ်။

တစ်နာရီခန့်အကြာတွင် လက်နှိပ်ဓာတ်မီးတစ်လက်နှင့်အတူ ကျော်ဝင်းကြီး ပြန်ရောက်လာသည်။

“ဟိတ်ကောင်တွေလာ..သွားကြမယ်”

ထိုအခါမှ ကြေးမုံနှင့် ဧရာ လူးလဲထလိုက်ကြသည်။

ဂျစ်ကားဆီသို့ ရောက်သောအခါ အီဆတ်ပါမလား။

ကျော်ဝင်းကြီးက မိုးကျော်ကို ကားသော့ကမ်းပေးပြီး မောင်းခိုင်းလိုက်သည်။

မိုးကျော်ဘေးတွင် ကျော်ဝင်းကြီးက ဝင်ထိုင်သည်။

ဂျစ်ကားနောက်တွင် ကြေးမုံနှင့် ဧရာ။

“အကိုကြီး..အခြေအနေက ဘယ်လိုလဲ”

“ဒီကောင်တွေ သတ်လိုက်တာ ဘယ်သူတွေလို့ မင်းထင်လဲ”

“ဘယ်သူတွေလဲ”

“14 K အုပ်စုခေါင်းဆောင် အလိန်ဆိုတဲ့ အဘိုးကြီး နဲ့ လူအန်အုပ်စုက ဒုတိယခေါင်းဆောင်စိန်ကီးကွ”

“အလိန်ဆိုတာ တလောကမှ ထောင်ကထွက်လာတဲ့ အဘိုးကြီးလား”

“အေး..ဗိုလ်တစ်ထောင်ငမိုးတို့ခေတ်ကတည်းက မိုက်လာတဲ့ လူမိုက်ကြီးလေ.အခု ဒီမှာရှိတဲ့ 14K ကောင်တွေရော..တရုတ်ဂိုဏ်းတွေပါ အားလုံးကြောက်ရတဲ့ကောင်ကြီး..အဲ့ကောင်ကြီးကို မင်းချာတိတ်တွေသတ်လာတာ”

“ဟာ…”

မိုးကျော်က အနောက်တွင် ထိုင်နေသော ကြေးမုံနှင့် ဧရာကို ကားမောင်းနေရာမှ မျက်လုံးပြူးကြီးဖြင့် လှည့်ကြည်လိုက်သည်။

ခက်ဇော်

အခန်း (၆) >>>>>