တနင်္သာရီဆောင်း အေးလည်းအေးမည်၊ မိုးလည်းရွာမည်

0
4744

‌ဆောင်းရာသီကာလဖြစ်သည့် နိုဝင်ဘာလမှ ဖေဖော်ဝါရီလအတွင်း တနင်္သာရီတိုင်းတွင် အေးလည်းအေးပြီး မိုးလည်းရွာနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒဦးစီးဌာနက ထုတ်ပြန်သည်။

တနင်္သာရီတိုင်၏ နှစ်သုံးဆယ် ဆောင်းရာသီပျန်းမျှအမြင့်ဆုံးအပူချိန် ၃၂ ဒဿမ ၃ ဒီဂရီစင်တီဂရိတ်ရှိပြီး ပျန်းမျှအနိမ့်ဆုံးအပူချိန်မှာ ၂၁ ဒဿမ ၃ ဒီဂရီစင်တီဂရိတ် ရှိကြောင်း တနင်္သာရီတိုင်းမိုးလေဝသနှင့် ဇလဗေဒဦးစီးဌာနစာရင်းအရ သိရသည်။

တနင်္သာရီတိုင်းသည် ဆောင်းရာသီ၏ သာမန်အပူချိန်တွင်သာရှိမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အောက်တိုဘာလ ၃၁ ရက် ညနေပိုင်းမှ နိုဝင်ဘာလ ၁ ရက် နံနက်‌စောစောအချိန်အထိ ထားဝယ်မြို့၏ အပူချိန်မှာ ၂၇ ဒီဂရီစင်တီဂရိတ်မှ ၂၄ ဒီဂရီစင်ဂရိတ် ဝန်းကျင်တွင် ရှိနေသည်။

“ညဘက် အိပ်ယာဝင်တဲ့အချိန်ကတော့ ပန်ကာဖွင့်နေရသေးတယ်။ ညနက်လာတော့ အပြင်က လေအေးတိုက်လို့ စောင်ခြုံလိုက်ရတာပေါ့။ မနက်လမ်းလျှောက်ထွက်ချိန်မှာတော့ အနွေးထည်နဲ့မှ သွားလို့ရတော့တယ်။ မနက်ပိုင်းဆိုရင်တော့ တော်တော်ချမ်းနေပြီလို့ ပြောလို့ရတယ်” ထားဝယ်မြို့ခံ ဒေါ်ဝေဝေက ပြောသည်။

ထားဝယ်မြို့သည် မြိတ်နှင့် ကော့သောင်းမြို့တို့ထက် ၂ ဒီဂရီစင်တီဂရိတ်ခန့် ပိုအေးသည်။

မိုးဇလ၏ထုတ်ပြန်ချက်အရ ထားဝယ်မြို့၏ ညဘက်အနိမ့်ဆုံးအပူချိန်မှာ ၂၀ ဒီဂရီစင်တီဂရိတ်ရှိသည်။ မြိတ်နှင့် ကော့သောင်းမြို့တို့တွင်မူ ၂၂ ဒီဂရီစင်တီဂရိတ်အသီးသီး ရှိကြသည်။

ဆောင်းကာလအတွင်း တနင်္သာရီတိုင်းတွင် မိုးရွာရန်လည်း ရှိနေသည်။ မိုးရေချိန်မှာ မိုးရာသီ သာမန်မိုးရေချိန် ပမာဏထက် ပိုနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒဦးစီးဌာနက ခန့်မှန်းထားသည်။

ဆောင်းရာသီအတွင်း ဘင်္ဂလာပင်လယ်ပြင်နှင့် ကပ္ပလီပင်လယ်ပြင်တို့တွင် လေဖိအားနည်းရပ်ဝန်း ငါးကြိမ် ဖြစ်ပေါ်နိုင်ပြီး နှစ်ကြိမ်မှာ မုန်တိုင်းငယ်အဖြစ် ပြောင်းသွားနိုင်ကြောင်း ထုတ်ပြန်ထားသည်။

ယင်းမုန်တိုင်းငယ်အရှိန်ကြောင့် တနင်္သာရီတိုင်းအတွင်း ဆောင်းရာသီနောက်ကျမိုး ရွာနိုင်ကြောင်း မိုးဇလ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

တနင်္သာရီတိုင်း၏ တစ်နှစ်တာပုံမှန်မိုးရေချိန်မှာ ၁၇၉ ဒသမ ၅၈ လက်မ ရှိကြောင်း တိုင်းမိုးလေဝသနှင့် ဇလဗေဒဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ပုံမှန်မိုးရေချိန်၊ ပုံမှန်အပူချိန်ဆိုသည်မှာ ၁၉၈၁ ခုနှစ်မှ ၂၀၁၁ ခုနှစ်အထိ နှစ်ပေါင်းသုံးဆယ်အတွင်းရှိခဲ့သည့် အပူချိန်၊ မိုးရေချိန်များကို ပျမ်းမျှတွက်ချက်ထားခြင်းကို ဆိုလိုခြင်းဖြစ်သည်။

ဆောင်းရာသီကာလအတွင်းမူ တနင်္သာရီတိုင်းတွင် မိုးစပါးရိတ်သိမ်းသည့်အချိန်၊ ရော်ဘာအစေးအထွက်ကောင်းသည့် အချိန်ဖြစ်သည်။

ယင်းကာလမျိုးတွင် မိုးရွာသွန်းခြင်းသည် လယ်သမားများ၊ ရော်ဘာတောင်သူများအတွက် အခက်တွေ့စေနိုင်ပြီး ဝင်ငွေ ထိခိုက်နိုင်သည်။