ငရဲခန်းထဲက မျိုးဆက်သစ်

0
4052

“ကိုယ်ဝန်ဆောင် မိခင်က ထိတ်လန့်နေတာ။ စစ်ရှောင်ရတော့ ပြေးရ လွှားရအခြေအနေပေါ့။ သူစိုးရိမ် ထိတ်လန့်နေတာကို ကျွန်မတို့က ပြန်ပြီး စိုးရိမ်နေရတာပါ။ ရှောရှောရှူရှူ မွေးပေးနိုင်ပါ့မလားပေါ့”

စစ်ဘေးရှောင် ကိုယ်ဝန်ဆောင် မွေးလူနာတချို့ကို မီးဖွားပေးနေတဲ့ “နွေဦးကံ့ကော်” ဆေးခန်းရဲ့ တာဝန်ခံက သူတို့ကြုံတွေ့ရတဲ့ အခြေအနေကို ပြောပြနေတာပါ။

အောက်တိုဘာ ၂၇ရက် ညပိုင်းကလည်း တတိယမြောက် ကိုယ်ဝန်ဆောင် မွေးလူနာရှိလို့ မီးဖွားပေးနေတာမှာ ည ၁၁ နာရီကျော်မှ သူတို့ဆေးခန်းအဖွဲ့ အနားရကြပါတယ်။

ဒါပေမဲ့ သူ့အသံက ပင်ပန်းနွမ်းနယ်နေဟန်တော့ လုံးဝမရှိပါဘူး။

စစ်ဘေးရှောင်နေကြရတဲ့ ကိုယ်ဝန်ဆောင် မိခင်တွေရဲ့ အခက်အခဲတွေ၊ လိုအပ်ချက်တွေနဲ့ စိန်ခေါ်မှုတွေကို ပြောပြဖို့ ဒီနေ့ မနက် ၆နာရီခွဲခန့်ကတည်းက သူက အသင့်ဖြစ်နေပါပြီ။

နွေဦးကံ့ကော်ပရဟိတဆေးခန်းရဲ့ ပထမဆုံး စစ်ဘေးရှောင် မွေးလူနာကို တာဝန်ယူ မွေးဖွားပေးရမယ့်အချိန်က သူ့တို့စိုးရိမ်ပူပန်နေခဲ့ကြတာပါ။

“Ultrasound ရိုက်နိုင်တာလည်းမရှိဘူးလေ။ ခွဲမွေးရမယ်ဆိုရင်လည်း ခွဲမွေးပေးနိုင်တဲ့အနေအထားမဟုတ်ဘူး။ ဆေးခန်းက အခက်အခဲရှိတယ်” လို့ သူက ပြောပါတယ်။

ဒါပေမဲ့ ပထမဆုံး မွေးလူနာကို သုံးနာရီခန့် အခြေအနေ စောင့်ကြည့်အပြီးမှာတော့ ၄၅ မိနစ်ခန့်အတွင်း သားယောကျာ်းလေးကို အောင်အောင်မြင်မြင် မွေးပေးနိုင်ခဲ့ကြပါတယ်။

မိုင်းသံ၊ ယမ်းသံ၊ သေနတ်သံ စစ်ကြောင်းထိုးနေချိန်ကာလ အခက်အခဲများစွာကြားက သားယောက်ျားလေးကို အောင်အောင်မြင်မြင် မွေးဖွားနိုင်ခဲ့ကြတာပါ။

အဲဒီအချိန်က ရေစကြိုမြို့နယ် ရေလယ်ကျွန်းဒေသ ငတရော်ကျေးရွာကို အာဏာလု စစ်ကောင်စီတပ်ဖွဲ့က မီးလောင်တိုက်သွင်းပြီး မီးရှို့ ပြာချနေချိန်ဖြစ်ပါတယ်။

ဒါ့ပြင် စစ်ကောင်စီတပ်သားတွေဟာ ဟိုပစ်လိုက် ဒီခတ်လိုက်၊ လိုချင်တာ ရှာယူလိုက်၊ စစ်ရှောင်နေတဲ့ ရွာသူရွာသားတွေကို ဖမ်းဆီးလိုက် လုပ်နေတဲ့အချိန်ဖြစ်ပါတယ်။

အဲဒါကြောင့် အဲဒီအချိန်က မွေးလူနာ ကိုယ်ဝန်ဆောင် အမျိုးသမီးနဲ့ မိသားစုဟာလည်း ကြောက်ကြောက်လန့်လန့် ထိတ်လန့်နေရတာပါ။

မွေးလူနာ ကိုယ်ဝန်ဆောင်ဟာ ငတရော်ရွာအနီးကဖြစ်ပြီး တစ်ဖက်မှာ စစ်ကောင်စီတပ်ရဲ့ ရန်ကို ထိတ်လန့်နေရသလို တစ်ဖက်မှာလည်း “နေ့စေ့ လစေ့” ကိုယ်ဝန်ကို လွယ်ထားရတာပါ။

မွေးလူနာရှိတဲ့နေရာနဲ့ နွေဦးကံ့ကော်ဆေးခန်းရှိတဲ့နေရာဟာ ပုံမှန်အခြေအနေမှာ လမ်းခရီးအရ နာရီပိုင်းကြာအောင် သွားလာရတာ မဟုတ်ပါဘူး။

“ဒါပေမဲ့ ကြာခဲ့ပါတယ်” လို့ ဆေးခန်းတာဝန်ခံက ပြောပါတယ်။

အကြောင်းအရင်းက စစ်ကောင်စီတပ်သားတွေရဲ့ ရန်ကို ရှောင်ကွင်းနေရတာကြောင့်ဖြစ်ပါတယ်။

တစ်နေရာက တစ်နေရာ ခရီးတစ်ဖြတ်ချင်း တစ်ထောက်ချင်း လမ်းကြောင်းရှင်း၊ မရှင်းချိတ်ဆက် စုံစမ်းပြီးမှ မိခင်လောင်းကို ဆေးခန်းအရောက် ခေါ်ယူနိုင်ခဲ့ကြတာပါ။

ရေစကြိုမြို့ပေါ် ဆေးရုံကိုသွားပြီး မီးဖွားဖို့ဆိုတာလည်း ချင်းတွင်းမြစ် ခြားနေတာရော အချိန်အခါ အခြေအနေအရပါ ဘယ်လိုမှ မဖြစ်နိုင်တဲ့ အနေအထားဖြစ်ပါတယ်။

သြဂုတ် ၂၃ရက် ည ၇နာရီ ၁၅ မိနစ်ခန့်မှာအောင်အောင်မြင်မြင် မီးဖွားပေးပြီးတဲ့နောက် ၄ရက် စောင့်ရှောက်အပြီးမှာတော့ ကလေးနဲ့ မိခင်ကို ပြန်ခွင့်ပြုလိုက်ကြပါတယ်။

နွေဦးကံ့ကော်ဆေးခန်းအနေနဲ့ စစ်ဘေးရှောင် ကိုယ်ဝန်ဆောင် ၃ ဦး အောင်အောင်မြင်မြင် မီးဖွားပေးနိုင်ခဲ့သလို ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်တဲ့ ကိုယ်ဝန်ဆောင် ဦးရေ ၁၀၀ လောက် ရှိနေပါပြီ။

(လတ်တလော စာရင်းအရ) သူတို့ဆေးခန်းအနေနဲ့ ကိုယ်ဝန်ဆောင်မိခင်တွေကို မေးခိုင်ကာကွယ်ဆေး အပြည့်အဝထိုးပေးသလို တတ်နိုင်တဲ့ သံဓာတ်အားဆေး ပေးဝေပြီး ထပ်ပြီး ပြသဖို့ပါ ဖိတ်ခေါ်စောင့်ရှောက်ပေးပါတယ်။

ဒါပေမဲ့ စစ်ဘေးရှောင်နေကြရတဲ့ အခြားသော ကိုယ်ဝန်ဆောင် အမျိုးသမီးတွေလည်း ဆေးခန်းရောက်မလာဘဲ ပြေးရင်းလွှားရင်း တောထဲမှာ မီးဖွားကြရသူတွေရှိသလို တခြားရွာမှာ သွားနေရင်း မီးဖွားကြသူတွေလည်း ရှိပါတယ်။

“နွေဦးကံ့ကော် ပရဟိတဆေးခန်း” ဟာ ရေစကြိုမြို့နယ် ရေလယ်ကျွန်းဒေသမှာ CDM ကျန်းမာရေးဝန်ထမ်းအနည်းငယ်နဲ့ စုဖွဲ့ပြီး ဒေသခံလူထုကို ကျန်းမာရေးကူညီပေးနေတဲ့ ဆေးခန်းဖြစ်ပါတယ်။

ဆရာဝန်တစ်ဦး၊ သူနာပြု ၃ ဦး၊ ကျန်းမာရေးကြီးကြပ်(၂) ၃ဦး၊ စေတနာ့ဝန်ထမ်း ၃ဦး၊ ဆေးခန်းတာဝန်ခံ စုပေါင်းပြီး အခုနှစ်ဆန်းပိုင်း (မတ်လ ဒုတိယပတ်)က စတင်ဖွဲ့စည်းလုပ်ကိုင်ခဲ့ကြတာပါ။

အခုအခါမှာတော့ ဆရာဝန်က အခက်အခဲကြုံနေရတာကြောင့် ကျန်တဲ့သူတွေနဲ့ပဲ ဒေသခံလူထု ကျန်းမာရေး စောင့်ရှောက်ပေးနေတာ ၃ လခန့်ရှိနေပါပြီ။

ပထမဆုံး မွေးလူနာတုန်းက ဆရာဝန်ရှိခဲ့ပေမယ့် ဒုတိယနဲ့ တတိယ မွေးလူနာတွေမှာတော့ ကျန်တဲ့သူနာပြု၊ ကျန်းမာရေးကြီးကြပ်နဲ့ စေတနာ့ဝန်ထမ်းပေါင်းပြီး မီးဖွားပေးနေကြပါတယ်။

ဆေးခန်းစဖွင့်ချိန်ကနေ အခုထိ ပြင်ပလူနာအနေနဲ့ ပြည်သူ ၃၀၀၀ ကျော်၊ အတွင်းလူနာအနေနဲ့ ပြည်သူ ၂၀ ကျော်ကို ကျန်းမာရေးစောင့်ရှောက် ကုသပေးနိုင်ခဲ့ပြီလို့ အဲဒီဆေးခန်းဆီက သိရပါတယ်။

အတွင်းလူနာအဖြစ် ကုသပေးခဲ့သူ ၂၀ ကျော်ဟာ စစ်ဘေးရှောင် ပြည်သူ၊ နေအိမ်ဆုံးရှုံးထားရတဲ့ ပြည်သူတွေနဲ့ လက်နက်ကြီး ထိမှန်ဒဏ်ရာရတဲ့ ရဲဘော်တွေ ဖြစ်ပါတယ်။

သူတို့အတွက် ဆေးကုသစရိတ်၊ ဆေးဝါးစရိတ်ကုန်ကျငွေ အခမဲ့အပြင် လူနာရော လူနာစောင့်ကိုပါ စားရေးသောက်ရေးကအစ နွေဦးကံ့ကော်ဆေးခန်းက (အခမဲ့) တာဝန်ယူ ကျွေးမွေးခဲ့ပါတယ်။

စစ်ဘေးရှောင်နေရတာ ၃လလောက် ကြာပြီဖြစ်တဲ့ ရေလယ်ကျွန်းဒေသ လူထု အများစုရှိရာကိုလည်း ၁၂ ကြိမ် သွားရောက် စောင့်ရှောက်ပေးထားပါတယ်။

ဒါပေမဲ့ မြေပြင် ကျန်းမာရေးအဖွဲ့တွေမှာ ကျွမ်းကျင် ဆရာဝန်လိုအပ်ချက်တွေ၊ ဆေးဝါးလိုအပ်ချက်တွေ အခက်အခဲတွေကြားက ရင်ဆိုင်ဖြေရှင်းနေရဆဲဖြစ်ပါတယ်။

အဲဒီလိုပဲ စစ်ဘေးရှောင်နေရတဲ့ ကိုယ်ဝန်ဆောင် အမျိုးသမီးတွေဟာလည်း အခက်အခဲတွေ လိုအပ်ချက်တွေ မလုံခြုံမှုတွေ များစွာနဲ့ ရင်ဆိုင်နေရပါတယ်။

“ရင်ဆိုင်ရတာပေါ့ ဆရာရယ်။ စစ်ရှောင်နေရတဲ့အချိန် ကိုယ်ဝန်ဆောင် မဟုတ်တဲ့ ရိုးရိုးသာမာန် လူတွေတောင် အခက်အခဲ အများကြီးနဲ့ ရင်ဆိုင်နေရတာ” လို့ နွေဦးကံ့ကော်ဆေးခန်း တာဝန်ခံက ပြောပါတယ်။

Connect Burma က စစ်ဘေးရှောင်နေရတဲ့ ကိုယ်ဝန်ဆောင် အမျိုးသမီးတွေ ဘယ်လို အခက်အခဲကြုံနေရလဲ မေးလိုက်တဲ့အခါ မေးခွန်းကို အံဩဘနန်းဖြစ်ဟန်နဲ့ သူက ခပ်ဆတ်ဆတ် ပြန်ဖြေလိုက်တာပါ။

” ကိုယ်ဝန်ဆောင်တွေ အာဟာရ ချို့တဲ့တာရှိတယ်။ မေးခိုင်ကာကွယ်ဆေး မထိုးနိုင်တာ ရှိတယ်။ အားဆေး မသောက်နိုင်တာ ရှိတယ်။ စစ်ရှောင်ရတာ တောထဲ လယ်တွေထဲမှာဆိုရင် မြေပြင် မညီညာလည်း သူတို့ အိပ်ရတယ်။ မိုးပါရွာရင် သူတို့အတွက် ပိုဆိုးပါတယ်။ အန္တရာယ် များပါတယ်။ စိတ်အားငယ်တာ၊ စိတ်ပင်ပန်းတာ၊ မလုံခြုံမှုတွေနဲ့ အများကြီးကြုံရတာပါ”

ဒီလို ကြုံတွေ့နေရတဲ့ ထပ်တူအခြေအနေမျိုးကို ဂန့်ဂေါမြို့နယ် မြောက်ပိုင်းက ကလေးငယ် ရက် ၄၀ ရပြီဖြစ်တဲ့ (မီးဖွားပြီးတာ တစ်လကျော်ပဲရှိသေးတဲ့) အသက် ၁၈ နှစ်အရွယ် မိခင်တစ်ဦးကလည်း Connect Burma ကို ခုလိုပြောပြပါတယ်။

ကိုယ်ဝန်ဆောင် တစ်လျှောက်လုံး တောထဲမှာပဲနေရတာ၊ စစ်ကြောင်းထိုးချိန် လက်နက်ကြီး ပစ်သံ၊ သေနတ်သံ ကြားရတဲ့အခါ ထိတ်လန့်ရသလို မလုံခြုံမှုကို ခံစားနေရတာပါ။

ဩဂုတ်လထဲက စစ်ကောင်စီတပ်ရဲ့ စစ်ကြောင်းဟာ ဂန့်ဂေါမြောက်ပိုင်း သူတို့ဒေသမှာ ရွာထဲရော မွှေနှောက်သလို စစ်ဘေးရှောင်လူထုရှိရာ တဲတွေဆီပါ ရောက်တာကြောင့် သူတို့ ပိုပြီး ကြောက်ရွံ့နေခဲ့ရတာပါ။

“အဲဒီအချိန်က ကိုယ်ဝန်အရင့်အမာနဲ့ဆိုတော့ ပြေးရတာ ခက်ခဲသလို စိတ်ထဲ မလုံခြုံတာတွေဖြစ်တာပေါ့။ အရင်လို တစ်ယောက်တည်းဆို ပြေးရတာ အခက်အခဲမရှိပေမယ့် ကိုယ်ဝန်နဲ့ဆိုတော့ စိတ်ညစ်ရတာပေါ့။ အမျိုးသားကလည်း ကာကွယ်ရေးအဖွဲ့မှာ ပါတာဆိုတော့ သူကလည်း ကိုယ့်အနားမှာ မနေပေးနိုင်ဘူးလေ။ စစ်ကြောင်းနောက် လိုက်တိုက်နေကြတာဆိုတော့” လို့ ကလေးမိခင်က ပြောပါတယ်။

အဲဒီ ဂန့်ဂေါမြောက်ပိုင်းဒေသမှာ စစ်ဘေးရှောင်နေရတဲ့ ရွာပေါင်း ၂၅ ရွာလောက်ရှိပြီး စစ်ဘေးရှောင် လူထု ၄၀၀၀ ကျော်ရှိပါတယ်။ မီးလောင် ဆုံးရှုံးရတဲ့ အိမ်ခြေ ၈၀၀ ကျော်ရှိနေပြီး စန်းမြို့ရွာကတော့ ရွာလုံးကျွတ် မီးတိုက်ခံခဲ့ရတာပါ။

နှမ်းခါးလူငယ်အဖွဲ့ကလည်း စစ်ဘေးရှောင် လူထုအတွက် စားနပ်ရိက္ခာရှာဖွေကူညီပေးနေသလို စစ်ဘေးရှောင်ထဲပါတဲ့ ကိုယ်ဝန်ဆောင် အမျိုးသမီးတွေကိုပါ ကျန်းမာရေး စောင့်ရှောက်ပေးသလို မီးဖွားဖို့ ကူညီပေးနေတာပါ။

နှမ်းခါးရွာက ကိုယ်ဝန်ဆောင် ၁၇ဦး၊ ရွှေဘိုရွာက တစ်ဦး၊ ရေရှင်ရွာက တစ်ဦး၊ စာရင်းမရှိတာတွေရောအပါ ကိုယ်ဝန်ဆောင် အမျိုးသမီး ၂၀ ကျော် ကူညီမီးဖွားပေးထားပြီးဖြစ်တယ်လို့ အဲဒီအဖွဲ့ ကိုနွေဦးက ပြောပြပါတယ်။

နှမ်းခါး လူငယ်အဖွဲ့ရဲ့ ဆေးအဖွဲ့နဲ့ ပျံလွှား ဆေးအဖွဲ့က ကျန်းမာရေးစောင့်ရှောက်ပေးတာ၊ ကိုယ်ဝန်ဆောင်တွေကို မီးဖွားပေးနေတာဖြစ်ပါတယ်။ ဆရာဝန် မပါပေမယ့် သူတို့ဆေးအဖွဲ့မှာ သားဖွား သူနာပြုပါဝင်တယ်လို့ ရှင်းပြပါတယ်။

စစ်ဘေးရှောင်နေရတဲ့ ကိုယ်ဝန်ဆောင် အမျိုးသမီးတွေကို ကျန်းမာရေးစောင့်ရှောက်မှုပေးရာမှာ အဓိက လိုအပ်ချက်က ဆရာဝန်လိုအပ်ချက်နဲ့ ဆေးဝါး မလုံလောက်မှု အထူးသဖြင့် ကိုယ်ဝန်ဆောင်တွေအတွက် အားဆေးလိုအပ်တာဖြစ်ပါတယ်။

” တောထဲမှာနေရတဲ့အတွက်ကြောင့် လမ်းခရီး ခက်ခဲတဲ့အတွက် ကိုယ်ဝန်ဆောင် စောင့်ရှောက်မှု ပုံမှန် လုပ်လို့မရတာမျိုး၊ အာဟာရပြည့်ဝအောင် စားချင်တာ မစားရတာမျိုးနဲ့ လိုအပ်တဲ့ ဆေးဝါးအစုံအလင် မရတာမျိုးပေါ့” လို့ ကိုနွေဦးက ပြောပါတယ်။

“မြို့မှာလို ဆေးရုံဆေးခန်းအလွယ်တကူသွားလို့မရတော့ ကိုယ်ဝန်ဆောင် စောင့်ရှောက်မှု ပုံမှန်မရတာ ခက်ခဲတာပေါ့” လို့ သူက ထပ်ရှင်းပြပါတယ်။

သူတို့ ဆေးအဖွဲ့အနေနဲ့ ပုံမှန်စောင့်ရှောက်မှု လုပ်ဆောင်ပေးသလို လိုအပ်တဲ့ ဆေးဝါး ရှိတဲ့အရာ ကူညီပေးပေနေပါတယ်။

ဒါ့ပြင် နှမ်းခါးလူငယ်အဖွဲ့အနေနဲ့ ငွေကြေးအကူအညီရတဲ့အထဲက တော်ဝင်ရွာက ကိုယ်ဝန်ဆောင် ၅ဦး၊ နှမ်းခါးရွာက ကိုယ်ဝန်ဆောင် ၁၀ ဦးကို တစ်ဦးကို ကျပ်နှစ်သောင်းနှုန်း ကူညီပေးခဲ့ကြပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရကလည်း နှမ်းခါးရွာက နို့တိုက်မိခင် ၄၅ဦးနဲ့ ကိုယ်ဝန်ဆောင် ၃၅ ဦးကို တစ်ဦး ကျပ်ငါးသောင်းနှုန်း ကူညီပေးခဲ့ဖူးတယ်လို့ ကိုနွေဦးက ပြောပါတယ်။

ရေစကြိုနယ် ရေလယ်ကျွန်းဒေသ နွေဦးကံ့ကော်ဆေးခန်းကို NUG ကျန်းမာရေးဝန်ကြီးဌာနက လူထု ကျန်းမာရေးစောင့်ရှောက်မှုအတွက် ကျပ်သိန်း ၃၀နဲ့ ဒေသတွင်း ကျောင်းကျန်းမာရေးအတွက် ကျပ် ၄၂ သိန်းခွဲ ကူညီပေးတယ်လို့ သိရပါတယ်။

ကိုယ်ဝန်ဆောင်နဲ့ နို့တိုက် မိခင်တွေအတွက် သီးခြားခေါင်းစဉ်နဲ့ နွေဦးကံ့ကော်ဆေးခန်းကနေ ချိတ်ဆက်ကူညီပေးတာမျိုးတော့ မရှိသေးဘူးလို့ သိရပါတယ်။

စစ်ဘေးရှောင် ကိုယ်ဝန်ဆောင်မိခင်တွေ၊ နို့တိုက်မိခင်တွေအတွက် အမျိုးသားညီညွတ်ရေးအစိုးရ ကျန်းမာရေးဝန်ကြီးဌာနအနေနဲ့ ထောက်ပံ့ပေးနိုင်တာရှိ၊ မရှိနဲ့ ဘယ်အတိုင်းအတာ ပေးနိုင်တယ်ဆိုတာ Connect Burma က ဆက်သွယ်မေးမြန်းပေမယ့် အကြောင်းပြန်ကြားချက်မရရှိသေးပါဘူး။

ဒါကြောင့် ကျန်းမာရေးဌာနအနေနဲ့ ကျွမ်းကျင် ဆရာဝန်တွေ၊ သူနာပြုတွေ၊ ကျန်းမာရေးလုပ်သားတွေ တစ်နိုင်ငံလုံး ဘယ်အတိုင်းအတာထိ ဖြန့်ကျက်ပြီး ဝန်ဆောင်မှုပေးနိုင်နေတယ်ဆိုတာ မသိရပါဘူး။

NUG ရဲ့ လူသားချင်း စာနာထောက်ထားရေးဌာနအနေနဲ့တော့ စစ်ဘေးရှောင်တွေနဲ့ ထိခိုက်လွယ်အုပ်စု၊ CDM ဝန်ထမ်းတွေကို လစဉ် ထောက်ပံ့ပေမယ့် ကိုယ်ဝန်ဆောင်နဲ့ နို့တိုက်မိခင်ရယ်လို့ သီးခြားဖော်ပြချက်မပါလို့ အသေးစိတ် မသိရပါဘူး။

ကိုယ်ဝန်ဆောင် အမျိုးသမီးတွေနဲ့ ကလေးငယ်တွေအတွက် ယူနီဆက်မြန်မာက ကဏ္ဍအလိုက် ပံ့ပိုးကူညီနေတာ ဝက်ဘ်ဆိုက်မှာ ဖော်ပြထားချက်အရ သိရပါတယ်။

၂၀၂၁ ဧပြီလကစပြီး အသက် ၇နှစ်အောက် ကလေးငယ် ၉ထောင်ကျော်နဲ့ ကိုယ်ဝန်ဆောင် အမျိုးသမီး တစ်သောင်းကျော်ကို ကျန်းမာရေး စောင့်ရှောက်တာ ဆေးဝါးကူညီတာ တွေ့ရတာပါ။

ဒီအရေအတွက် အကျုံးဝင်ဧရိယာဟာ ရန်ကုန်မြို့ လှိုင်သာယာမြို့နယ်နဲ့ ရွှေပြည်သာမြို့နယ်အတွင်းပဲဖြစ်နေပြီး ငွေသားထောက်ပံ့မှုအနေနဲ့ လှိုင်သာယာက ကိုယ်ဝန်ဆောင်နဲ့ကလေးငယ် ၅၃၀၀ ကျော်ပံ့ပိုးပြီးပြီလို့ ဖော်ပြပါတယ်။

အခြားသော ကဏ္ဍတွေမှာလည်း ကူညီပေးတာတွေ ဖော်ပြထားပေမယ့် ပဋိပက္ခဒေသက ကိုယ်ဝန်ဆောင်နဲ့ ကလေးတွေဆီ ကျယ်ကျယ်ပြန့်ပြန့် ထိထိရောက်ရောက် မရောက်ရှိသေးပါဘူး။

ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ်နဲ့ ချင်းပြည်နယ် မင်းတပ်မြို့နယ်ထဲက စစ်ဘေးရှောင် ကိုယ်ဝန်ဆောင် အမျိုးသမီးတွေနဲ့ ကလေးငယ်တွေအတွက် ယူနီဆက်က ဆေးဝါး၊ အာဟာရဖြည့်စွက် ပေးပို့တာ တွေ့ရှိရပါတယ်။

ဒါပေမဲ့ မကွေးတိုင်း အနောက်ပိုင်း၊ မြောက်ပိုင်းဒေသတွေနဲ့ စစ်ကိုင်းတိုင်၊ ကရင်နီပြည်နယ်ဒေသတွေမှာ ကျယ်ကျယ်ပြန့်ပြန့်ကူညီပေးနေတာ ထင်ထင်ရှားရှား မတွေ့ရပါသေးပါဘူး။

မကွေးတိုင်းနဲ့ စစ်ကိုင်းတိုင်းထဲက မြေပြင် ကူညီရေးအဖွဲ့တွေက ဒီလို မရောက်သေးတာ တွေ့ရကြောင်း အတည်ပြုပြီး ကိုဝန်ဆောင်တွေနဲ့ ကလေးသူငယ်တွေကို ကိုယ်ထူကိုယ်ထ ကျန်းမာရေးစောင့်ရှောက်နေတာလို့ သိရပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်မတော် ရွှေဘိုခရိုင် တပ်ရင်း (၁၅) တပ်ခွဲ (၁) က တာဝန်ရှိသူက သူတို့မှာ ဆရာဝန်တစ်ဦး သူနာပြုအကူတချို့နဲ့ ဆေးခန်းဖွင့်ပြီး လူထုကျန်းမာရေး စောင့်ရှောက်နေတယ်လို့ ပြောပါတယ်။

ဆေးခန်းဖွင့်ချိန် ၇လခွဲအတွင်း ကိုယ်ဝန်ဆောင် ၃၉ဦး ကျန်းမာရေး စောင့်ရှောက်ပေးနိုင်ခဲ့ပြီး စစ်ဘေးရှောင် ကိုယ်ဝန်ဆောင် မိခင် နှစ်ဦး မီးဖွားပေးနိုင်ခဲ့တယ်လို့ သိရပါတယ်။

ကျမ်းမာရေးအတွက် ကုပေးနိုင်တာ စုစုပေါင်း ၁၂၀ ဦးကျော်ရှိပြီး အဲဒီထဲက မိုင်းမှန်၊ ကျည်မှန် ရဲဘော် ၃၀ ကျော်ကုသပေးမှုလည်း ပါဝင်ပါတယ်။

ဆင်းရဲချို့တဲ့သူလူနာတွေနဲ့ စစ်ကောင်စီလက်ချက်ကြောင့် နေအိမ်မီးလောင်ဆုံးရှုံးရသူတွေကို အခမဲ့ ကုသပေးပြီး သူတို့တပ်ဖွဲ့အနေနဲ့ မောင်းပြန်သေနတ်ဝယ်ဖို့ထက် ဆေးခန်းကို ပိုပြီး ဦးစားပေးနေရတဲ့ အခြေအနေပါ။

“ကျနော်တို့မှာ ဆေးပစ္စည်းတွေကို ရွှေ့လျားဖို့ ကားမရှိတော့ ပိုခက်ခဲပါတယ်။ လှည်းနဲ့ ရွေ့လျား ရပါတယ်ဗျ” လို့ တပ်ခွဲ (၁) တာဝန်ရှိသူက ပြောပါတယ်။

Connect Burma အနေနဲ့ ရန်ကုန်မြို့ပေါ်က ကိုယ်ဝန်ဆောင် မိသားစုတစ်စုကိုလည်း ခုလျုအခြေအနေမှာ ဘာစိုးရိမ်မှုတွေရှိနေလဲ အဆင်ပြေကြပါလားဆိုတာ ဆက်သွယ် မေးမြန်းခဲ့ပါတယ်။

ရန်ကုန်မြို့ပေါ်ဖြစ်လို့ ဆေးရုံဆေးခန်းသွားဖို့ လွယ်ပေမယ့် တစ်ဖက်မှာ ညမထွက်ရ အမိန့်ထုတ်ပြန်ထားတာကြောင့် အချိန်မတော်မှ ဆေးရုံဆေးခန်းသွားရဖို့ ကြုံလာမှာကို စိုးရိမ်နေကြရပါတယ်။

ကိုယ်ဝန်ဆောင် အမျိုးသမီးရဲ့ မိသားစုဝင်က “ည ၁၀ နာရီကျော် ဆေးရုံကို အရေးပေါ် သွားရတယ်။ ၁၁ နာရီကျော်မှ ဆေးရုံက ပြန်လာရတော့ လမ်းကြောင်းမှာ အစစ်ဆေးခံရတယ်။ ကျွန်တော့်ရှေ့က တက္ကစီသမားကိုလည်း ဆဲဆိုကြိမ်းမောင်းနေတာပါ။ စစ်သားတချို့က အရက်မူးနေတာ။ သူတို့ပစ်သတ်ရင် သေရုံပဲရှိတာ” လို့ သူ့အတွေ့အကြုံကို ပြောပါတယ်။

တစ်ဖက်မှာလည်း စစ်ဘေးရှောင် ကိုယ်ဝန်ဆောင်ရဲ့ မိသားစုဝင်တွေကိုယ်တိုင် စားဝတ်နေရေး ခက်ခဲတာမှာ အာဟာရချို့တဲ့တာ၊ မီးဖွားရာမှာ အဆင်မပြေဖြစ်မှာ၊ ကလေးကို ထိခိုက်နိုင်ချေတွေကို စိုးရိမ်နေကြပါတယ်။

စစ်ဘေးရှောင်ရတဲ့ ကိုယ်ဝန်ဆောင် အမျိုးသမီးတွေထဲမှာမှ သာမန် အရပ်သူ အမျိုးသမီးတွေ ကြုံနေရသလို အာဏာဖီဆန်ရေးလှုပ်ရှားမှုမှာ ပါဝင်ထားတဲ့ CDM ပြည်သူ့ဝန်ထမ်း အမျိုးသမီးတွေလည်း ဒုက္ခအမျိုးမျိုး ကြုံတွေ့နေကြရတာပါ။

ကရင်နီပြည်နယ်အတွင်းက ကိုယ်ဝန်ဆောင် CDM ဆရာမတစ်ဦးကတော့ သူ့အနေနဲ့ CDM ဝင်တာကြောင့် ဖမ်းဆီးခံရမှာ စိုးရိမ်လို့ ရှောင်တိမ်းခဲ့ရသလို ရှောင်တိမ်းတဲ့နေရာမှာပါ တိုက်ပွဲထပ်ဖြစ်တာကြောင့် ပြေးလွှားတိမ်းရှောင်ရတာ နှစ်ကြိမ် သုံးကြိမ် မကခဲ့ပါဘူး။

(ကရင်နီပြည် CDM ကိုယ်ဝန်ဆောင် ဆရာမပြောကြားချက်ဟာ Connect Burma ရဲ့ ဆောင်းပါးအကြောင်းအရာနဲ့ လျော်ညီတာကြောင့် သံလွင်တိုင်းမ်ရဲ့ အင်တာဗျူးထဲကကောက်နုတ်ဖော်ပြတာပါ) အဆင့်ဆင့် တစ်နေရာပြီး တစ်နေရာ ထွက်ပြေးတိမ်းရှောင်ရတဲ့အချိန် လမစေ့ဘဲ ရုတ်တရက် ကလေးမွေးသွားမှာနဲ့ ကိုယ်ဝန်ပျက်ကျမှာကို CDM ဆရာမက အရမ်းစိုးရိမ်နေခဲ့တာပါ။

“အဲဒီအချိန် ပြေးရတဲ့အချိန် ကျွန်မရင်သွေးလေး တစ်ခုခုဖြစ်သွားမှာကို အစိုးရိမ်ဆုံးပါပဲရှင်” လို့ CDM ဆရာမက ပြောပါတယ်။

ဒီအခြေအနေမှာ ဒုက္ခတွေ အမျိုးမျိုးကြုံရပြီး သေနတ်သံကြား ထွက်ပြေးရ ကိုယ်ဝန်ကလည်း အရင့်အမာနဲ့ဆိုတော့ ကိုယ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာရော တော်တော်ကြီးကို စိတ်ဓာတ်ကျခဲ့တယ်လို့ သူက ဆိုပါတယ်။

“အဓိက တော်တော်ကြီး စိတ်ဓာတ်ကျခဲ့တယ်။ တော်တော်လည်း ပင်ပန်းခဲ့တယ်” လို့ CDM ကိုယ်ဝန်ဆောင် ဆရာမက ပြောပါတယ်။

ကျန်းမာရေးကုသမှုပေးနေတဲ့ ဆရာဝန်တစ်ဦးကတော့ ဒီအခြအနေနဲ့ပတ်သက်လို့ ဖြစ်လာနိုင်တဲ့ ဆိုးကျိုးတွေမှာ ပထမဆုံးက တခြားစစ်ဘေးရှောင် ဒုက္ခသည်တွေကြုံတွေ့ရနိုင်သလိုမျိုး Post-traumatic Stress Disorder ရသွားတတ်တယ်လို့ Connect Burma ကို ပြောပါတယ်။

ဒါ့ပြင် စစ်ဘေးရှောင် ကိုယ်ဝန်ဆောင် အမျိုးသမီးတွေအနေနဲ့ ပုံမှန်ထိုးရမယ့် ကြိုတင်ကာကွယ်ဆေးတွေ ထိုးနိုင်ဖို့ အတော်ခဲယဉ်းသွားမယ် (ဥပမာ၊ လူသိများတဲ့ မေးခိုင်ကာကွယ်ဆေးလိုဟာမျိုး) လို့ သူက ပြောပါတယ်။

ဒီလိုဆေးကို ဝယ်လို့ ရခဲ့ရင်တောင် သူ့ကို ထိန်းသိမ်းထားနိုင်ဖို့ လျှပ်စစ်မီး၊ ရေခဲသေတ္တာလိုသေးလို့ ဆေးဝယ်လို့ရခဲ့ရင်တောင် စစ်ပြေးဒုက္ခသည်တွေအဖို့ အပြည့်အဝ ထိုးနှံနိုင်တဲ့ အခြေအနေ ရှိမှာမဟုတ်ဘူးလို့ မှတ်ချက်ပေးပါတယ်။

အဲဒီလိုပဲ အခြေခံ စစ်ဆေးမှုတွေ (သွေးအမျိုးအစား၊ ဘီပိုး၊ စီပိုး၊ HIV ၊ ကာလသား အစရှိတဲ့ လိင်ကတစ်ဆင့် ကူးစက်ရောဂါတွေ) မလုပ်နိုင်တဲ့အခါ တကယ်လို့ ရှိနေခဲ့ရင် မိခင်အတွက်လည်း ကုသမှုနောက်ကျသွားနိုင်သလို မွေးလာမယ့် ကလေးကိုပါ ကူးစက်သွားနိုင်တဲ့ အန္တရာယ်လည်း ရှိနေပါတယ်။

ဥပမာအနေနဲ့ HIV ရှိမှန်းမသိလိုက်တဲ့ မိခင်တွေက မွေးလာတဲ့ ကလေးတွေဟာ ၂နှစ်မပြည့်ခင် အသေအပျောက်များတာမျိုး ရှိတယ်လို့ ဆရာဝန်က သာဓက ပြပါတယ်။

အာဟာရနဲ့ပတ်သက်လို့လည်း မွေးလာမယ့်ကလေးမှာ ဦးနှောက်အာရုံကြောဆိုင်ရာ ချို့ယွင်းမှု မဖြစ်ရအောင် ကိုယ်ဝန်ဆောင်မိခင်တွေကို folic acid ကြိုတိုက်တာမျိုး လုပ်ကြရလေ့ရှိပါတယ်။

ဒါပေမဲ့ စစ်ပြေးဒုက္ခသည်ဖြစ်နေတဲ့အခါ ဒီလို ဖြည့်စွက်ကာကွယ်ဆေးတွေ သောက်နိုင်ဖို့ ခက်ခဲတာအပြင် သာမန်နေ့တဓူဝ လိုအပ်တဲ့ အာဟာရချို့တဲ့မှုတွေလည်း ရှိနိုင်ပါတယ်လို့ ဆရာဝန်က သုံးသပ်ပါတယ်။

ဒီလိုအပ်ချက်တွေက မိခင်ရဲ့ ကိုယ်ခံအားနဲ့ အထွေထွေ ကျန်းမာရေးကို ထိခိုက်နိုင်တဲ့အပြင် မွေးလာတဲ့ ကလေးကိုပါ အလွန်အမင်း အာဟာရချို့တဲ့မှု ရောဂါစု(Severe Acute Malnutrition) အထိ ဖြစ်သွားတာတွေ တွေ့ခဲ့ရတယ်လို့ ထပ်ရှင်းပြပါတယ်။

“ဥပမာ၊ ရခိုင်ဘက်က IDP ကမ့်တွေမှာ ဒီလို SAM ကလေးတွေ မနည်းမနော ရှိနေခဲ့တယ်။ ဒါက မွေးဖွားပြီး ရှင်သန်နေသေးတဲ့ ကလေးတွေအတွက် အန္တရာယ်ပေါ့လေ” လို့ ဆရာဝန်က ပြောပါတယ်။

သွေးတိုး၊ ဆီးချို ရောဂါအခံရှိနေတဲ့ ကိုယ်ဝန်ဆောင်မိခင်တွေမှာ ဆေးပုံမှန်မရလို့ သေချာမထိန်းနိုင်ခဲ့ရင် ဆိုးရွားတဲ့နောက်ဆက်တွဲတွေ အများကြီး ကြုံရနိုင်ပါသေးတယ်။

ကိုယ်ဝန်ဆိပ်တက်တဲ့ pre-eclampsia အခြေအနေမျိုး ကြုံလာရနိုင်သလို နေ့မစေ့လမစေ့ ကလေးတွေ မွေးဖွားတာမျိုး၊ မွေးဖွားတဲ့အခါ ကြုံသလို မွေးရတဲ့အတွက် ပိုးဝင်နိုင်တာ၊ သွေးထွက်လွန်ပြီး ရှော့ခ်ရသွားနိုင်တာ၊ ရိုးရိုးမွေးလို့ မထွက်တော့အခြေအနေမှာ လေစုပ်နည်း ခွဲမွေးနည်းတွေနဲ့ အချိန်မီ မကူနိုင်လို့ မိခင်ရော ကလေးပါ အသက်ဆုံးရှုံးရတာအထိ ဖြစ်နိုင်တာပါ။

ရိုးရိုးမွေးလို့ အဆင်ပြေသွားရင်တောင် မွေးကင်းစမှာ ထိုးရမယ့် ကာကွယ်ဆေးတွေ၊ လသားအရွယ်မှာ ထိုးရမယ့် ကာကွယ်ဆေး လက်လှမ်းမီဖို့ ခက်ခဲကုန်တာမျိုး ရှိပြန်သေးတယ်လို့ ဆရာဝန်က ရှင်းပြပါတယ်။

“တစ်ခုနဲ့တစ်ခုက အကုန်ချိတ်နေတော့ အဲ့လိုဖြစ်နေတာ” လို့ လက်တွေ့မြေပြင် အခက်အခဲတွေနဲ့ ကလေးငယ်တွေ ကြုံရနိုင်တဲ့ နောက်ဆက်တွဲ အခြေအနေတွေနဲ့ ကို ဆရာဝန်က ပြောပါတယ်။

မြေပြင်မှာ စစ်ဘေးရှောင်နေကြရတဲ့ ကိုယ်ဝန်ဆောင်တွေထဲမှာ ဆေးခန်းမရောက်၊ ဆရာ ဝန်မပြနိုင်ဘဲ အရပ်လက်သည်နဲ့ မီးဖွားကြသူတွေလည်းရှိပါတယ်။

ဒီလို အရပ်လက်သည်နဲ့ မီးဖွားတာမှာ အောင်အောင်မြင်မြင် မီးဖွားနိုင်တဲ့ မိခင်တွေရှိသလို မအောင်မြင်ဘဲ ကလေးငယ် ဆုံးရှုံးရတာ၊ မိခင် ဆုံးရှုံးရတဲ့ ဖြစ်စဉ်တွေလည်း ကြုံတွေ့ရပါတယ်။

ရေစကြိုမြို့နယ် ရေလယ်ကျွန်းဒေသမှာ တောထဲမှာပဲ ရိုးရိုးမွေးတဲ့ ကိုယ်ဝန်ဆောင် အမျိုးသမီးတစ်ဦး ကလေးငယ် အဖတ်မတင်တာရှိတယ်လို့ နွေဦးကံ့ကော်ဆေးခန်းတာဝန်ခံက ဆိုပါတယ်။

ဒါ့ပြင် စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးပစ်ခတ်တာ၊ လေကြောင်းတိုက်ခိုက်တာနဲ့ ရမ်းသမ်းပစ်တာတွေကြောင့် ကိုယ်ဝန်ဆောင် မိခင်နဲ့ ကလေးသူငယ်တွေ သေဆုံးကြရတာလည်း ရှိနေပါတယ်။

(Connect Burma က လက်လှမ်းမီသလောက် စုဆောင်းရရှိထားတဲ့ ကိုယ်ဝန်ဆောင် မိခင်နဲ့ မွေးကင်းစ ကလေးငယ် သေဆုံးကြရတဲ့ စာရင်းနဲ့ အကြောင်းအရင်းကို သီးခြားဖော်ပြထားပါတယ်)
စစ်ကောင်စီရဲ့ ရန်ကြောင့် သေဆုံး ထိခိုက်ဒဏ်ရာမရရင်တောင် အဘက်ဘက် ပိတ်ဆို့ဖြတ်တောက်ထားလို့ အချိန်မီ ဆေးမကုသနိုင်သလို အာဟာရပြတ်ပြီး တိမ်းပါးကြရတဲ့ မိခင်တွေ၊ မွေးကင်းစ ကလေးငယ်တွေ မြေပြင် စစ်ဘေးရှောင်နေရာတွေမှာ ရှိနေပါတယ်။

ယူနီဆက် မြန်မာအချက်အလက်အရ မြန်မာကလေးသူငယ်တွေဟာ အခြေခံအကျဆုံး တားဆီးကာကွယ်ရေးဆိုင်ရာ ကျန်းမာရေးစောင့်ရှောက်မှု ပျောက်ဆုံးသွားပြီး မရရှိကြတော့ပါဘူး။

ကလေးသူငယ်တစ်သန်းနီးပါး ဝက်သက်၊ ပိုလီယိုနဲ့ ဆုံဆို့နာ ကြိုတင်ကာကွယ်ဆေး မရကြတော့သလို ကလေးသူငယ် ၅သန်းနီးပါးဟာ ကူးစက်ရောဂါနဲ့ အမြင်အာရုံကွယ်မှုကို ကာကွယ်ပေးတဲ့ ရိုးရှင်းတဲ့ ဗီတာမင်အေ ဖြည့်စွက်မှုမရှိဘဲ ရှေ့ဆက်နေကြရပါတယ်။

ဘေးမကင်း မသန့်ရှင်းတဲ့ရေကြောင့် ဝမ်းပျက်ဝမ်းလျှောရောဂါနဲ့ အသက် ၅နှစ်အောက် ကလေးငယ်တွေ သေဆုံးနိုင်ချေ အဆ “၂၀” ပိုများသလို ကလေးသူငယ်သေဆုံးမှုနှုန်းနဲ့ အာဟာရ မပြည့်ဝမှု မြင့်မားလာနေပါတယ်။

ဒီလို အခြေအနေဆိုးတွေကြောင့် ဘယ်အတိုင်းအတာထိ နိုင်ငံအတွက် ဆိုးပြစ် သက်ရောက်သလဲဆိုတာ နှမ်းခါး လူငယ်အဖွဲ့က ကိုနွေဦးကတော့ အခုလို မှတ်ချက်ပေးလိုက်ပါတယ်။

“ဒီ စနစ်ဆိုးကြီး ရှိနေသရွေ့ လုံခြုံအေးချမ်းမှု မရှိတော့…. ကလေးတွေကိုပါ ထိခိုက်တာပေါ့ဗျာ”

Connect Burma ကရေးသားထားသည့် ဆောင်းပါးကို Dawei Watch မီဒီယာက ပြန်လည်ရယူဖော်ပြခြင်းဖြစ်ပါသည်။