ထိုင်းထွက်ကြလို့ ရော်ဘာမခြစ်တော့

0
3623

တိုင်းပြည်တည်ငြိမ်မှု မရှိသည့်အပြင် နယ်မြေမအေးချမ်းမှုများကြောင့် တနင်္သာရီတိုင်းအတွင်း နေထိုင်သူများမှာ ထိုင်းနိုင်ငံ၊မလေးရှားနိုင်ငံတို့သို့ သွားရောက်ကာ အလုပ်လုပ်ကိုင်နေကြသည်။

အလုပ်လုပ်နိုင်သည့် အသက်အရွယ်ဖြစ်သော လူငယ်၊လူရွယ်များမှာ တိုင်းအတွင်းမရှိကြတော့ပေ။

ယင်းသို့ပင် တိုင်းပြင်ပမှ လာရောက်လုပ်ကိုင်သူများမှာလည်း နယ်မြေမအေးချမ်းသဖြင့် လာရောက် လုပ်ကိုင်ကြခြင်း မရှိတော့ပေ။

ယင်းကြောင့် တနင်္သာရီတိုင်းအတွင်း အလုပ်သမားရှားပါးမှုများ ဖြစ်ပေါ်နေသည်။

အထူးသဖြင့် မိုးရာသီအကုန် ပွင့်လင်းရာသီတွင် ဥယျာဉ်ခြံလုပ်ငန်း၊ ရာဘာခြစ်လုပ်ငန်း၊ လယ်ယာလုပ်ငန်းများ ပြန်လည်စတင်နေပြီဖြစ်သောကြောင့် အလုပ်သမား ငှားရမ်းရခက်ခဲမှုများကို  ပိုမိုကြုံတွေ့လာရသည်။

အဆိုပါအခြေအနေများကို သိရှိနိုင်ရန်အတွက် ယခုအပတ် တနင်္သာရီပုံရိပ်အစီအစဉ်တွင် မေးမြန်းဖော်ပြအပ်ပါသည်။

“ထိုင်းကိုထွက်တဲ့သူတွေပေါလို့ အလုပ်သမားငှားဖို့ ခက်လာတာလေ”

ထားဝယ်မြို့နယ် ရော်ဘာခြံပိုင်ရှင်တစ်ဦး

DW ။ ရော်ဘာရာသီစပြီဆိုတော့ အစေးခြစ်တာတွေ လုပ်နေပြီလား။

ဖြေ ။ အစေးကတော့ခြစ်တော့စခြစ်နေပြီ။ ဒါပေမဲ့ လုပ်လို့မနှံ့ဘဲဖြစ်နေတယ်။ လူ(အလုပ်သမား) ကနည်းပြီးတော့ အလုပ်ကသုံးလေးခု။ အဲသုံးလေးခုကို ရှိတဲ့သူတွေက ဝိုင်းလုပ်နေရတာပေါ့။

DW ။ အလုပ်သမားမရှိဘူးလို့ ဆိုလိုတာလား။

ဖြေ ။ ဟုတ်တယ်လေ။ မရှိဘူးဆိုတာက လုပ်လို့မနိုင်ဘဲဖြစ်နေတာကိုပြောတာ။ ဘာဖြစ်လို့လဲဆိုတော့ အလုပ်က ရော်ဘာတစ်ခုတည်းမဟုတ်ဘူးလေ။ အခုက ဝဥ ရာသီလည်းရောက်နေပြီလေ။ လုပ်သမားကမရှိဘူး။ ရော်ဘာလဲလုပ်ချင် ဝဥလဲလုပ်ချင်ဖြစ်နေတယ်။

DW ။ ဒီမှာအလုပ်မရှိလို့ဆိုပြီး ထိုင်းကိုထွက်နေကြတာတွေရှိတယ်လေ။ ဦးတို့မှာက အလုပ်သမားမရှိဘူးဆိုတာက အဲတာဘာဖြစ်လို့လဲဆိုတာ ရှင်းပြပေးပါလား။

ဖြေ ။ အင်းလေ။ မေးတဲ့မေးခွန်းမှာကို ပါပြီးသားလေ။ ထိုင်းကိုထွက်တဲ့သူတွေပေါလို့ အလုပ်သမားငှားဖို့ ခက်လာတာလေ။ ဒီကအလုပ်တွေက ၁၂ လရာသီးလုံးအတွက် အဆင်မပြေဘူး။ ဥပမာ ရော်ဘာဆို မိုးရာသီဆို အလုပ်ပုံမှန်မရှိဘူး။ ရှိတဲ့နေ့ရှိတယ်။ မရှိတဲ့နေ့မရှိဘူး။ သူက ရာသီစာအလုပ်ဖြစ်တာကိုး။ အဲတော့ ဟိုဘက်(ထိုင်းဘက်) ကိုပိုစိတ်ရောက်လာတယ်။ ဟိုဘက်သွားလိုက်ရင် အလုပ်က ပုံမှန်ရှိတယ်လေ။ နောက်တစ်ခုက နယ်မြေမအေးချမ်းတာပေါ့။ (ထားဝယ်မြို့နယ်ကကျေးရွာများဖြစ်တဲ့) သဗျာတို့၊ ရှမ္မတွင်းတို့ အဲဒီ ထီးခီးလမ်းတ‌လျှောက်က ရော်ဘာတောမှာဆို တော်ရုံးလူသွားမလုပ်ရဲကြဘူးလေ။ ( မှတ်ချက်- ထားဝယ်-ထီးခီးလမ်းတလျှောက် ထားဝယ်အရှေ့တောဒေသတွင် တိုက်ပွဲများမကြာခဏ ဖြစ်ပွားနေသဖြင့် ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေကြရသည်)။ အခုဆို ဝဥဈေးကောင်းဖို့ရှိတယ်ဆိုပြီး ပြောနေကြတယ်။ ငါတို့မှာကျတော့ အလုပ်သမားမရှိတော့ ဒီအတိုင်းပစ်ထားရတယ်။

DW ။ အလုပ်သမား အခက်ခဲဖြစ်နေတဲ့ ရော်ဘာခြံပိုင်ရှင်တွေ ဘယ်လောက်ရှိနိုင်လဲ။

ဖြေ ။ ခြံရှင်ကြီးတွေ တော်တော်များများကြုံနေရတယ်။ အဓိကက ခြံရှင်ကြီးတွေပေါ့။ ပြီးတော့ မအေးချမ်းတဲ့‌နေရာက ခြံရှင်တွေပေါ့။ သူတို့ကျတော့ ငှားလို့မရကြဘူးလေ။ တချို့နေရာတွေမှာ ၄-၆ နဲ့ငှားလို့ရပေမယ် တိုက်ပွဲဖြစ်နေတဲ့နေရာမှာဆို ၆-၄ ပေးပြီးငှားတာတောင်မရဘူး။ ( ၄-၆ = ထွက်ရှိလာသည့် ရော်ဘာတန်ဖိုး၏ ၄၀ ရာခိုင်ခိုင်နူန်းကို ရော်ဘာခြစ်သမား၊ ၆၀ ရာခိုင်နူန်းက ခြံရှင် စသည့်ဖြင့် ခွဲဝေ)။

DW ။ ဦးတို့‌မှာကရော လုံလုံလောက် အလုပ်သမားငှားလို့ရပြီလား။

ဖြေ ။ လုံလုံလောက်လောက်မရှိသေးဘူး။ ရော်ဘာအတွက်တော့ ရှိတဲ့သူနဲ့လုပ်နေတယ်။ တချို့ရက်‌တွေဆို အပြည့်ခြစ်၊ တစ်ချို့ရက်တွေဆို သုံးပုံနှစ်ပုံခြစ် အဲလိုမျိုးပေါ့။ အလှည့်လှည့်ပြီး လုပ်ပေးနေရတာပေါ့။ ဝဥဖော်ရမယ့်အချိန်ရောက်ရင် လူကထပ်လိုသေးတယ်။ အဲဒီအတွက်မရှိသေးဘူး။ အရင်က မိသားစု ငါးယောက်စလုံး ဒီမှာအလုပ်လာလုပ်တဲ့သူတွေက အခုဆို သုံးယောက်ပဲလာတယ်။ နှစ်ယောက်ပဲလာတယ် အဲလိုမျိုးပေါ့နော်။ ကျန်တဲ့သူတွေက ထိုင်းသွားကြတာပေါ့။

DW ။ ကိုယ့်ဒေသက အလုပ်တွေကို မလုပ်ဘဲ ထိုင်းကိုထွက်သွားကြတဲ့ပေါ် ဘယ်လိုသုံးသပ်မိလဲ။

ဖြေ ။ သူတို့ရဲ့ရွေးချယ်မှုပဲလေ။ ဒီမှာတစ်နှစ်လုပ်တာနဲ့ ဟိုမှာ တစ်နှစ်လုပ်တာရတာချင်း မတူဘူး။ ဒီမှာနေရင် တိုက်ပွဲတွေကြားထဲမှာ။ ဟိုမှာကျတော့ အေးအေးဆေးဆေး အဲတော့ မိဘတွေက ဒီမှာနေ သားသမီးတွေကို အေးတဲ့နေရာပို့လိုက်တာပေါ့။

DW ။ ပြည်တွင်းမှာ အလုပ်ကိုင်ရှားပါးတယ်လို့ပြောကြတယ်။ ဦးတို့မှာက အလုပ်သမားမရှိဘဲ ဖြစ်နေတယ်။ အဲဒီဒါကဘယ်လိုဖြစ်တာလဲရှင်းပြပေးပါလား။

ဖြေ ။ သူ့နေရာနဲ့သူရှိတယ်လေ။ ကုမ္ပဏီဝန်ထမ်း အလုပ်လုပ်မယ့်သူ အတွက်ကတော့ ဒီအချိန်မှာ အလုပ်အကိုင်ရှားချင်ရှားမယ်။ အဲဒီလူကို ‌အလုပ်မရှိရင် ရော်ဘာလာခြစ်ပါလား သွားခေါ်လို့မရဘူးလေ။ ကျောင်းဆရာမတစ်ယောက်ကို ဝဥလာတူးပါလား သွားငှားလို့မရဘူးလေ။ အခုအခြေအနေက လုပ်သမားအချိုးမညီဘူးလို့ ပြောရမှာပေါ့။ ကုမ္ပဏီပိုင်းလုပ်ချင်တဲ့သူမှာ အလုပ်သမားပေါပြီးတော့ အလုပ်ကမပေးနိုင်ဘူး။ ဒီဘက်ခွန်နဲ့အားနဲ့ ရင်းပြီးလုပ်ရမယ့် ဟာမျိုးကတော့ အလုပ်ရှိတယ်။ အလုပ်သမား မရှိဘူး အဲလိုဖြစ်နေတာပေါ့။

DW ။ ဒီတော့ အလုပ်သမားငှားရခက်တဲ့ ဒီရာသီ ဘယ်လိုဆက်လုပ်မယ် စိတ်ကူးထားလဲ။

ဖြေ ။ မလုပ်နိုင်ရင်ပစ်ထား ဒါပဲရှိတာပေါ့။ ကိုယ်တိုင်လည်း ဝင်မလုပ်နိုင်ဘဲကိုး။ ခြံထဲထည့်ထားတာလေး ပြန်ရအောင်တော့ အတတ်နိုင်ဆုံးကြိုးစားရမှာပေါ့။ အမြတ်မရရင်တောင်မှလေ။

DW ။ ဘာများဖြည့်စွက် ပြောချင်တာရှိသေးလဲ။

ဖြေ ။ မရှိတော့ပါဘူး။

DW ။ ကျေးဇူးတင်ပါတယ်။

“ညမထွက်ရအမိန့်ထုတ်တော့ ရော်ဘာမခြစ်ရတော့ဘူး”

ထိုင်းတွင် အလုပ်သွားလုပ်နေသည့် ရော်ဘာခြစ်သူတစ်ဦး

DW ။ ထိုင်းကို ထွက်မလာခင် ဘာအလုပ်တွေ လုပ်လဲ။

ဖြေ ။ အိမ်မှာပဲ ရော်ဘာခြစ်တယ်။ မိုးတွင်းဆိုရင်သူများလယ်မှာ ပျိုးနုတ်တယ်။ စပါးစိုက်တယ်။ ရတဲ့အလုပ်လုပ်ရတာပေါ့။ အွန်လိုင်းရှော့ဆိုင်မှာလည်း လုပ်တယ်။

DW ။ ဒါဆိုရင် ဘာဖြစ်လို့ထွက်လာတာလဲ။

ဖြေ ။ ရော်ဘာခြစ်တာက အဆင်ပြေပါတယ်။ ဒါပေမဲ့ ညမထွက်ရအမိန့်ထုတ်တော့ ရော်ဘာမခြစ်ရတော့ဘူး။ ခြစ်ပြန်တော့လည်း။ ကြောက်လန့်လန့်နဲ့ လုပ်နေရတယ်။ ညဖက်ဆို ပစ်ခတ်သံတွေကြားရကတည်းက မလုပ်ရဲတော့ဘူး။ CDM တွေက မလုံခြုံတော့ အဖေက စိတ်ပူပြီးစီစဉ်လိုက်တာပါ ၊ဒါကြောင့်ထွက်လာတာပါ။

DW ။ ပြည်ပရောက်တော့ရော ဘာတွေကြုံရလဲ။

ဖြေ ။ ရောက်တာနဲ့ ဘတ် (တရားဝင် နေထိုင်လုပ်ကိုင်ခွင့်ကတ်) လုပ်ရတယ်။ အလုပ်က မရသေး။ ပိုက်ဆံကကုန်နေပြီ။ ထိုင်းတွေရဲ့ နှိမ်တာခံရတယ်။ ထိုင်းလူမျိုးတွေက သူတို့လူမျိုးဆို ဦးစားပေးတယ်။ မြန်မာတွေကျ ထိုင်းစကားမတတ်ရင်ပိုဆိုးတယ်။ မြန်မာနိုင်ငံက ပညာတတ်တွေ ဒီရောက်ရင် ဘာမှနေရာမဝင်ဘူး။ ဘတ်လုပ်ပြီးတာနဲ့ CI (မြန်မာဖြစ်ကြောင်းအထောက်အထားစာအုပ်) တစ်ခါတည်းလုပ်ရမယ်တဲ့။ အခုသုံးလပိုင်းဆို အခုလုပ်ထားတဲ့ ဘတ်ကလည်း သက်တမ်းကုန်ပြီတဲ့။ ပိုက်ဆံလိုလို့လာလုပ်စားပါတယ်ဆိုမှ သူတို့ကိုချည်းပေးနေရတယ်။

DW ။ အခုဘာတွေလုပ်နေရတာလဲ။

ဖြေ ။ ခုလုပ်ရတဲ့ အလုပ်ကသစ်စက်ကြီး အရမ်းပင်ပန်းတယ်။ မိန်းခလေးအနေနဲ့ လုံးဝဆင်မပြေဘူး။ တစ်ရက် ဘယ်လောက်ရမယ်မပြောဘူး။ အကုန်သူတို့ခိုင်းတာလုပ်နေရတယ်။ ဒီတစ်နှစ်ပိုက်ဆံရမှာတောင် မဟုတ်ဘူး။ သူတို့ဘာသာစကားကလည်း မတတ်တော့ လုပ်ခိုင်းသမျှ ခေါင်းငြိမ့်ရတယ်။ ကိုယ်မှာဘတ်မရှိတော့ အလုပ်ထွက်ရတာလည်း အဆင်မပြေဘူး။

DW ။ အဲဒီမှာအလုပ်ရှာရတာ အဆင်ပြေလား။ ဘယ်လိုမျိုးရှိလဲ။

ဖြေ ။ အလုပ်ကတော့ ပွဲစားကို ပိုက်ဆံပေးရှာခိုင်းတာပါ။ ပုဇွန်ရုံရမယ်ပြောလို့ ပူကစ်ကနေ ဟပ်ရိုင်ကိုတက်လာတာ ဆင်မပြေဘဲ ထိုင်စောင့်နေရတာကြာလာတော့ ရတဲ့အလုပ်ပဲ လုပ်မယ်ဆိုပြီးပြောလိုက်တာ သစ်စက်ထဲရောက်သွားတယ်။ အာဏာသာမသိမ်းရင် အခုလိုဒုက္ခတွေလည်း ကြုံရမှာမဟုတ်ဘူး။ မတွေးဖူးတဲ့နေရာ မလုပ်ဖူးတဲ့အလုပ် အကုန်ပင်ပန်းရတယ်။

DW ။ အိမ်မှာနဲ့ မတူတဲ့ စိန်ခေါ်မှုတွေကို ဘယ်လိုရင်ဆိုင်မယ်လို့ ဆုံးဖြတ်ထားလဲ။

ဖြေ ။ အစကတော့ ဒီနေရာရောက်တာနဲ့ အိမ်ကိုပြန်ပြေးချင်စိတ်ပေါက်သွားတယ်။ အလုပ်ကြမ်းတွေကို လုပ်ရတော့ အိမ်ကမိဘတွေကိုသတိရတယ်။ အိမ်က ပိုက်ဆံတောင်းပြီးကို ပြန်ဆင်းခြင်တာ။ အိမ်ကလည်း လက်ခံတယ်။ ပြန်ဆင်းလာဖို့ကို နိုင်ငံရေးခြေနေမကောင်းလို့သာ။

“အလုပ်သမားကောင်းကတော့ သိပ်မရှိဘူး။ ရှားတယ်။”

မြိတ်မြို့နယ် ဒေါကျေးရွာရှိ ရော်ဘာခြံရှင်တစ်ဦး

DW ။ ရော်ဘာခြံတွေမှာ အလုပ်သမားနဲ့ ပတ်သက်ပြီး ဘယ်လိုအခက်အခဲမျိုး ရှိလဲခင်ဗျား။ ဥပမာ အလုပ်သမား ရှားပါးတာမျိုးပေါ့။

ဖြေ ။ အခက်အခဲတော့ ရှိတာပေါ့။ အလုပ်သမား ရှားတာမရှိသေးဘူး။ ခြံအလုပ်သမားတွေက စရံ‌ငွေယူပြီး လိမ်ပြေးတာရှိတယ်။ ကျန်တာက ကော်ပတ် (ရော်ဘာ) ပင်ကို မခြစ်ဘဲ ပစ်ထားတာမျိုး ရှိတတ်တယ်။ မခြစ်ဘဲ ထားတဲ့ အပင်တွေ ဖမ်းမိရင် တစ်ခါပြောလိုက်ရင် နောက်ထပ် မလုပ်ရဲကြတော့ဘူး။

DW ။ ရော်ဘာပင်တွေကို မခြစ်ဘဲ ပစ်ထားတာဆိုတာက ဘယ်လိုမျိုးပါလဲ။

ဖြေ ။ ဥပမာ ကော်ပတ်အပင်တစ်ထောင်ရှိတယ်။ ရှစ်ရာလောက်ပဲခြစ်တယ်။ အပင်ကုန်အောင် မခြစ်ဘဲ ချန်ခဲ့တာ။ ပေးထားတာက အပင်ဖြတ်နဲ့ ပေးထားတယ်။ တစ်ပင်ကို ၁၂ ကျပ်ကနေ ၁၄ ကျပ်အထိပေးရတာ။ အပင်တစ်ထောင်လုံးအတွက် ပေးရတာ။ ခြစ်တာက အပင်ရှစ်ရာ နှစ်ရာကိုမခြစ်ဘဲ ငွေပေးလိုက်ရတဲ့ သဘောပါ။

DW ။ စရံငွေကို လိမ်ပြီး ထွက်ပြေးတာဆိုတာကရော ဘယ်လိုထွက်ပြေးကြတာလဲ။

ဖြေ ။ မနှစ်ကဆိုရင် အသိခြံတစ်ခုက လေးယောက်အတွက် စရံ‌ငွေ ၂၅ သိန်းပေးထားတာ။ လိမ်ပြီးထွက်သွားတာမျိုး ကြုံဖူးတယ်။ ကိုယ်တိုင်ကတာ့ ၂ နှစ်လောက်ရှိပြီး လေးသိန်းစရံယူပြီး ထွက်ပြေးသွားတာ။ စရံယူပြီး ထွက်ပြေးရင် ဆတိုးလျော်ရမယ်လို့ စာချုပ်မှာ ပါပြီသားပဲ။ တော်တော်များများကတော့ ပြန်ရကြတယ်။ စရံငွေအပြည့်ပြန်ရတာမျိူးမရှိဘူး။ တချို့ထက်ဝက်ပဲ ပြန်ရကြတာ။ ‌ငွေပဲရအောင် ပြန်တောင်းရတာ။ တရားစွဲတာမျိုးတော့မရှိကြဘူး။ လိမ်ပြီးထွက်ပြေးတဲ့သူတွေက နယ်ခံတွေမဟုတ်ကြဘူး။ အခြားမြို့တွေကလာပြီး လုပ်ကြတဲ့သူတွေပါ။ နယ်ခံတွေကျတော့ စရံယူပြီး ထွက်ပြေးတာမျိုးတော့ မရှိဘူး။

DW ။ ခြံအလုပ်သမားတွေကို စရံငွေပေးတာအပြင် အခြားဘာတွေများ ဆောင်ရွက်ပေးရတာမျိုးရှိပါသလဲ။

ဖြေ ။ အလုပ်သမားတွေကို ကော်ပတ်မခြစ်ခင် စရံငွေ နှစ်သိန်း၊ သုံးသိန်းလောက် ပေးထားရတယ်။ နေဖို့အတွက် တန်းလျားဆောက်ပေးထားတယ်။ ဆန်၊ ဆီ‌၊ ဆေး၊ ဆား စားသောက်ကုန်တွေလိုရင် ကုန်စုံဆိုင်မှာသွားယူဖို့အတွက် ခြံပိုင်ရှင်တွေက အာမခံပေးထားတယ်။ အလုပ်သမားတွေကို ပိုက်ဆံရှင်းပေးတဲ့အခါကျရင် ကုန်စုံဆိုင်က ယူထားတာ ဘယ်လောက်ရှိလဲဆိုတာ ဘောင်ချာသွားယူပြီး ဘောင်ချာမှာပါတဲ့အတိုင်း ငွေနုတ်ပြီးမှ ကျန်တာကို ရှင်းပေး‌တယ်။ ကုန်စုံဆိုင်ကိုတော့ ခြံရှင်ကိုယ်တိုင် ငွေသွားရှင်းပေးရတာ။ အလုပ်သမားတွေကို အားလုံးရှင်းပေးလိုက်ရင် ဆိုင်ကိုသွား‌မပေးတာမျိုး ရှိတတ်လို့ပါ။ ခြံရှင်တွေက အာမခံထားတာကိုး။

DW ။ ဒီလို နေထိုင်စားသောက်ဖို့အတွက် စီစဉ်ပေးထားရတာဆိုတော့ လုပ်ငန်းမှ အခက်အခဲမရှိတော့ဘူးလို့ ပြောလို့ရပါသလား။

ဖြေ ။ ခြံရှင်က ဘယ်လောက်ပဲစီစဉ်ပေးထား ပေးထား အပင်ရေပြည့်အောင် မခြစ်တာ၊ အလုပ်ချိန်ကျ အလုပ်မလုပ်တာ၊ သောက်စားပြီး အိပ်နေတာ၊ စရံငွေ ထပ်ခါထပ်ခါ တောင်းတာက ခြံတိုင်းလိုလို ကြုံရတာပဲ။ အလုပ်သမားကောင်းကတော့ သိပ်မရှိဘူး။ ရှားတယ်။

DW ။ ကျေးဇူးတင်ပါတယ်။