မြန်မာရွှေ့ပြောင်းလုပ်သား ၁၉၀ဦးအား ကော့သောင်းဘက်သို့ လွှဲပြောင်း

0
3461
အောက်တိုဘာလ ၂ ရက်နေ့က လွှဲပြောင်းပေးသည့် မြန်မာအလုပ်သမားများ။

ထိုင်းနိုင်ငံ ရနောင်းမြို့ရှိ မြန်မာရွှေ့ပြောင်းအလုပ်သမား ၁၉၀ ဦးအား အောက်တိုဘာလ ၂၈ ရက်နေ့က ကော့သောင်းဘက်သို့ လွှဲပြောင်းခဲ့ကြောင်း ၎င်းတို့အား ကူညီဆောင်ရွက်ပေးနေသည့် ရွှေအဏ္ဏဝါပရဟိတ လူငယ်အဖွဲ့ထံမှ သိရသည်။

အဆိုပါ မြန်မာရွှေ့ပြောင်းအလုပ်သမား ၁၉၀ ဦးတွင် အမျိုးသမီး ၄၇ ဦးနှင့် အမျိုးသား ၁၄၃ ဦး ပါဝင်ကြောင်း ယင်းအဖွဲ့ထံမှ သိရသည်။

ထို့အပြင် အောက်တိုဘာလ ၂ရက်နေ့က မြန်မာရွှေ့ပြောင်းအလုပ်သမား ၁၇၈ ဦးကိုလည်း ကော့သောင်းဘက်သို့ လွှဲပြောင်းပေးခဲ့ပြီးဖြစ်သည်။

ပြန်လည်လွှဲပြောင်းပေးခံရသည့် မြန်မာရွှေ့ပြောင်းအလုပ်သမားတို့သည် ထိုင်းနိုင်ငံတောင်ပိုင်းတွင် အကြောင်း အမျိုးမျိုးကြောင့် ပြစ်ဒဏ်ကျခံပြီးနောက် ရနောင်းမြို့ရှိ လူဝင်မှုကြီးကြပ်ရေးထိန်းသိမ်းရေးစခန်းတွင် ထိန်းသိမ်းခံရပြီးမှ ပြန်လည်လွှဲပြောင်းပေးခဲ့ခြင်းဖြစ်သည်။

မြန်မာရွှေ့ပြောင်းအလုပ်သမားတို့အား တစ်လလျှင် နှစ်ကြိမ်နှုန်းဖြင့် နှစ်နိုင်ငံတာဝန်ရှိသူတို့ ညှိနှိုင်းပြီး လွှဲပြောင်း ပေးနေခြင်းဖြစ်ကြောင်း ထိုင်းနိုင်ငံဆိုင်ရာမြန်မာအလုပ်သမား သံအရာရှိရုံးထံမှ သိရသည်။

ကော့သောင်းဘက်သို့ ပြန်လည်ဝင်ရောက်လာသည့် မြန်မာရွှေ့ပြောင်းအလုပ်သမားတို့အား ကွာရန်တင်းစခန်း ဝင်ရောက်ခြင်းနှင့် ကိုဗစ်ပိုး ရှိ မရှိ စစ်ဆေးဆောင်ရွက်ပေးနေကြောင်း ရွှေအဏ္ဏဝါပရဟိတလူငယ်အဖွဲ့ထံမှ သိရသည်။