ထိုင်းတွင် လုပ်ခတိုးမြှင့်မှု စက်ရုံက မြန်မာလုပ်သားများခံစားခွင့်ရ၊ နယ်စပ်နှင့် ခြံအလုပ်အချို့တွင် မရသေး

0
3713

ထိုင်းနိုင်ငံအစိုးရက နိုင်ငံ၏ တစ်ရက်အခြေခံလုပ်အားခကို တိုးမြှင့်လိုက်ပြီးနောက် စက်ရုံအများအပြားရှိ မြန်မာ အလုပ်သမားများ ယခုအောက်တိုဘာလမှစတင်ကာ ခံစားခွင့်ရရှိပြီး နယ်စပ်နှင့် ခြံလုပ်ငန်းအချို့တွင်မူ မရရှိကြသေး ကြောင်း စုံစမ်းသိရှိရသည်။

ထိုင်းတွင် ၁၄ နှစ်အကြာ၌ အမြင့်ဆုံးပြန်ရောက်လာသည့် ငွေကြေးဖောင်းပွမှုနှုန်းကို ရင်ဆိုင်ကျော်လွှားနိုင်ရန် အလုပ်သမားများ၏ တစ်ရက်လုပ်အားခနှုန်းထားကို တိုးမြှင့်ပေးရန် ထိုင်းအစိုးရအဖွဲ့မှ ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

ယခု အောက်တိုဘာလ ၁ ရက်နေ့မှစတင်ကာ ယခင်သတ်မှတ်ထားသော တစ်ရက်လုပ်အားခနှုန်း၏ ပျမ်းမျှ ၅ ရာခိုင်နှုန်းခန့်ကို ခရိုင်အလိုက် တိုးမြှင့်ခံစားနိုင်ရန် ထိုင်းအလုပ်သမားရေးဝန်ကြီးဌာနက သတ်မှတ်ခဲ့သည်။

အခြေခံလုပ်အားခတိုးမြှင့်မှုကို စမူစခွန်ခရိုင်ရှိ စက်ရုံအများစုက မြန်မာအလုပ်သမားများ စတင်ခံစားခဲ့ရကြပြီဖြစ်ပြီး ခရိုင်အသီးသီးရှိ လုပ်အားခ တိုးမပေးသော စက်ရုံများကို စောင့်ကြည့်ဖြေရှင်းသွားမည်ဖြစ်ကြောင်း ထိုင်းအခြေစိုက် ရွှေ့ပြောင်းအလုပ်သမားအခွင့်အရေးကွန်ရက် (MWRN) ထံမှ သိရသည်။

“လုပ်အားခတိုးတာ မြန်မာအလုပ်သမားတွေ ခံစားခွင့်ရကြပါပြီ။ တရားဝင်ဆိုရင် အလုပ်သမားအခွင့်အရေးအရ နေ့စားရော၊ လခစားရော၊ (အချိန်ပိုကြေး) OT ရော အကုန်တိုးရမယ်။ တစ်ရက်လုပ်အားခနဲ့ တွက်ပြီးတော့ အကုန် တိုးပေးရမှာ။ ဒီမဟာချိုင်နယ်မှာဆိုရင် မတိုးတာ စက်ရုံတစ်ရုံပဲ ရှိတယ်။ ဒါကိုလည်း ထိုင်းအစိုးရဌာနနဲ့ တွေ့ပြီး ရှင်းဖို့လုပ်နေတယ်” ဟု MWRN မှ အလုပ်သမားတာဝန်ခံ ကိုဇော်က ဆိုသည်။

စမူစခွန်ခရိုင် မဟာချိုင်ဒေသတွင် ထိုင်းနိုင်ငံ၏ စက်ရုံအလုပ်ရုံ အများစုတည်ရှိနေခဲ့ပြီး မြန်မာအလုပ်သမား သိန်းနှင့်ချီ လုပ်ကိုင်နေထိုင်ရာ ဒေသတစ်ခုလည်းဖြစ်သည်။

လုပ်အားခ မတိုးပေးလျှင် အလုပ်သမားများကို ပေးသော လုပ်အားခ ဘိုင်စလစ် (လုပ်အားခမှတ်တမ်း) ကို သက်သေ အဖြစ်ယူကာ အလုပ်သမားကာကွယ်စောင့်ရှောက်ရေးရုံး (ဆာဝါဒီကန်) သို့ တိုင်ကြားနိုင်ကြောင်း ၎င်းက ပြောသည်။

ထိုင်းတောင်ပိုင်း စက်ရုံများရှိ မြန်မာအလုပ်သမားများလည်း တစ်ရက်လုပ်အားခတိုးမြှင့်မှုကို စတင်ခံစားခဲ့ရပြီ ဖြစ်ကြောင်း စူရတ်ဌာနီခရိုင်ရှိ အအေးခန်းစက်ရုံတွင် လုပ်ကိုင်လျက်ရှိသော မြန်မာအလုပ်သမားတစ်ဦးက ဆိုသည်။

“အခုတစ်ဝိ (၁၅ ရက်) ရှင်းတဲ့အချိန်မှာ တစ်ရက်စာကို ၁၅ဘတ်တိုးသလို OTကြေးလည်း ၆၄ဘတ်ဖြစ်သွားပြီ။ အနီး အနားက စက်ရုံတိုင်းလိုလို အကုန်လုံးတိုးပေးတယ်။ မတိုးပေးတဲ့စက်ရုံတော့ မကြားမိသေးဘူး” ဟု၎င်းကပြောသည်။

စူရတ်ဌာနီခရိုင်ရှိ စက်ရုံအများစုတွင် တစ်ရက်လုပ်ခ ၃၂၅ ဘတ်မှ ၃၄ဝဘတ်သို့ တိုးမြှင့်ပေးကြောင်း ၎င်းက ဆိုသည်။

အခြေခံလုပ်အားခ တိုးမြှင့်မှုကြောင့် OT (အချိန်ပို) လုပ်အားခကြေးနှင့် တနင်္ဂနွေ လုပ်အားခကြေးလည်း တိုးမြှင့် လာကြောင်း မဟာချိုင်ရှိ သံစက်ရုံတွင် လုပ်ကိုင်လျက်ရှိသော မြန်မာအလုပ်သမားတစ်ဦးက ပြောဆိုသည်။

“တစ်ရက်ကို ၃၅၃ ဘတ်ဖြစ်သွားပြီ။ OT ကလည်း တစ်နာရီ ၆၆ ဘတ်ဖြစ်သွားပြီ။ Sunday ခေါ်ရင်လည်း အဲဒီနှုန်းနဲ့ တွက်ပေးမယ်လို့ ပြောထားတယ်” ၎င်းက ဆိုသည်။

အခြေခံလုပ်အားခတိုးမြှင့်မှုကို ထိုင်းအလုပ်သမားအခွင့်အရေးဥပဒေအတိုင်း ခံစားခွင့်မရကြသေးသော မြန်မာ အလုပ်သမား များလည်း ရှိနေသေးကြောင်း အလုပ်သမားအဖွဲ့အစည်းများထံမှ သိရသည်။

ထိုင်း-မြန်မာနယ်စပ် မဲဆောက်ဒေသတဝိုက်ရှိ မြန်မာအလုပ်သမား အများစု လုပ်အားခ တိုးမြှင့်ခံစားခွင့် မရဘဲ အလုပ်သမားဦးရေ၏ ၁၅ ရာခိုင်နှုန်းဝန်းကျင်သာ ခံစားခွင့်ရကြောင်း မဲဆောက်အခြေစိုက် အလုပ်သမားအရေး လှုပ်ရှားနေသော ရောင်ခြည်ဦးအဖွဲ့မှ အလုပ်သမားတာဝန်ခံ ကိုမိုးကျော်က ပြောသည်။

“မဲဆောက်မှာ ၃၃၂ ဘတ်ကို တိုးသွားပေမဲ့ အလုပ်သမားတွေ မရကြဘူး။ အလုပ်စဝင်တုန်းက စာချုပ်ထဲကအတိုင်းပဲ ရနေသေးတယ်။ ဒီနယ်စပ်မှာရှိတဲ့ စက်ရုံတွေက မကျေနပ်ရင်ထွက်၊ နောက်ဝင်လုပ်မယ့် သူတွေအများကြီးဆိုတဲ့ သဘောဖြစ်နေတာ။ မတိုးပေးလို့ တိုင်မယ်ဆိုရင်တော့ လူညီဖို့တော့လိုတာပေါ့” ဟု ၎င်းက ဆိုသည်။

လခစားအဖြစ်လုပ်ကိုင်လျက်ရှိသော စားသောက်ဆိုင်၊ ခြံလုပ်ငန်း၊ စိုက်ပျိုးရေးလုပ်ငန်းနှင့် အခြားလုပ်ငန်းများမှ မြန်မာအလုပ်သမားများအနေဖြင့်လည်း အခြေခံလုပ်အားခ တိုးမတိုးကို ယခုလကုန်မှသာ သေချာသိရမည် ဖြစ်ကြောင်း ပြောဆိုကြသည်။

“ဒီလကနေ စက်ရုံကလူတွေ လစာတွေတိုးသွားပြီကြားပေမဲ့ ဒီမှာ လစာ တိုးမယ် မတိုးဘူးဆိုတာ မကြားသေးဘူး။ ဘောနပ်သဘောမျိုးကိုတော့ အရင်ကပေးနေကြအတိုင်းပေးဖို့ ရှိတယ်ပဲပြောထားသေးတယ်” ဟု ပရာကျွတ်ခီရီခန်ရှိ ပုစွန်ကန်တစ်ခုတွင် လုပ်ကိုင်သည့် မြန်မာအလုပ်သမားတစ်ဦးက ဆိုသည်။

ထိုင်းသို့ တရားမဝင် ဝင်ရောက်လာသဖြင့် တရားဝင်အထောက်အထားမရရှိသေးချိန်တွင် နေထိုင်စားသောက်ရေး အတွက် အလုပ်ရှင်ပေးသည့် နှုန်းထားဖြင့်သာ လုပ်ကိုင်နေရကြောင်း မြန်မာလုပ်သမားများထံမှ သိရသည်။

ထိုင်းအစိုးရက ယခုတိုးမြှင့်သတ်မှတ်ပေးသည့် လုပ်အားခကို ခံစားခွင့် မရရှိသေးကြောင်း ပထုံဌာနီခရိုင်ရှိ သစ်သီးခြံတွင် နေ့စားအဖြစ် လုပ်ကိုင်လျက်ရှိသော အလုပ်သမားများထံမှ သိရသည်။

“ကျွန်မတို့က တစ်နေ့ ၃၀၀ ဘတ်။ OT တစ်နာရီ ၅၀ ပုံမှန်ပဲ။ သူဌေးမက တစ်နေ့လုပ်တာ တစ်နေ့ရှင်းပေးတယ်။ အခုလမှာလည်း လုပ်အားခ တိုးလာတာမျိုးတော့မရှိဘူး။ သူဌေးမကိုလည်း ပြန်မပြောရဲဘူးလေ။ ကိုယ့်မှာ ဘာမှ မရှိသေးတာကို အလုပ်ရတာပဲကံကောင်း” ဟု ခြံအလုပ်သမားတစ်ဦးက ဆိုသည်။

၂၀၂၀ ခုနှစ် ဇန်နဝါရီလတွင် ထိုင်းနိုင်ငံ၏ တစ်ရက် အခြေခံလုပ်အားခကို တိုးမြှင့်ပေးပြီးနောက် ၂ နှစ်အကြာ အောက်တိုဘာလတွင် တစ်ရက်လုပ်အားခ ထပ်မံတိုးမြှင့်လိုက်ခြင်းဖြစ်သည်။

ခရိုင်အလိုက်တိုးမြင့်သတ်မှတ်ချက်များ

အုပ်စု (၁) ချွန်ဘူရီ၊ ရယွန်၊ ဖူးခက် – ၃၅၄

အုပ်စု (၂) ဘန်ကောက်၊ နွန်ထဘူရီ၊ နခွန်းပထုံ၊ ပထုန်ဌာနီ၊စမွတ် ပရကန်၊ စမွတ်ဆာခွန် – ၃၅၃

အုပ်စု (၃) ချာချင်ဆောင် – ၃၄၅

အုပ်စု (၄) အယုဒ္ဓယ – ၃၄၃

အုပ်စု (၅) ပလာကျင်၊ နောင်ခိုင်၊ ဥဘွန်လာချဌာနီ၊ ဖန်ငါ ၊ ကရဘီ၊ တလာ့က်၊ ခွန်ကယ်၊ ချင်းမိုင်၊ ဆုဖန်ဘူရီ၊ ဆုန်ခလာ၊ စူလာ့ဌာနီ၊ နခွန်းလာချစီမာ၊ လုပ်ဘူရီ၊ စလဘူရီ – ၃၄၀

အုပ်စု (၆) မုက်ဒါဟန်၊ ကာလစိင်၊ ဆကွန်နခွန်း၊စမွတ်ဆုန်ခရမ်း၊ ကျန်ထဘူရီ၊ နခွန်းနာယုတ် – ၃၃၈

အုပ်စု (၇) ဖေ့ချဘွန်၊ ကန်ကျနဘူရီ၊ ဘုန်ကန်၊ ချိုင်းနတ်၊ နခွန်းဖနုံ၊ ဖယောင်၊ ဆုလင်၊ ယစိုထော်၊ လွဲးအေ့က်၊ ပရကျွပ်ခီလီခန်၊ ဖိစနုလို့၊ အန်ထောင်၊ စလကဲ့ယောက်၊ ဘူရီလမ်၊ ဖေစ်ဘူရီ – ၃၃၅

အုပ်စု (၈) အာနတ်ကျလွန်၊ မဲ့‌‌ဟောင်ဆွန်း၊ ချင်းလိုင်၊ တလန်၊ စီစကေ့၊နောင်ဘွာလန်ဖူ၊ဥထိုင်ဌာနီ၊ လန်ပန်၊ လန်ဖူန်၊ ချုမ်ဖွန်၊ မဟာစလခမ်း၊ဆင်ဘူရီ၊ စတူန်၊ ဖလဲ့၊ တာ့က်၊ နခွန်စီးထမ်မရတ်၊ ဆုခိုထိုင်း၊ ကန်ဖယ်ဖစ်၊ လာ့ဘူရီ၊ ချိုင်ဖှုန်၊ ရနောင်း၊ ဖိကျစ် – ၃၃၂

အုပ်စု (၉) နရသီဝတ်၊ ပတ်တနီ၊ ရာလ၊ နန်း၊ ဥဒွန်းဌာနီ – ၃၂၈