အမှောင်ထဲမှ မင်းသားများ (၁၉၇၀)

0
6562

အခန်း(၄)

ကြည့်မြင်တိုင်ရဲစခန်းရှေ့သို့ ဆိုက်ကားတစ်စီး ထိုးဆိုက်လာသည်။

ဆိုက်ကားပေါ်တွင် အမျိုးသမီးနှစ်ဦးပါလာ၏။

အသားလတ်လတ် ၊ ခန္ဓာကိုယ်ခပ်ဝဝ ၊ ရွှေလက်ကောက်များ တံတောင်စစ်အထိ ဝတ်ထားသော အသက်(၅၀)ကျော်အရွယ်အမျိုးသမီးကြီး။

သူမကား သံတံတားမပု။

ရန်ကုန်မြို့ ပြည့်တန်ဆာလောက၏ နာမည်ကျော်ဂိုဏ်းချုပ်ကြီး။

ကြည့်မြင့်တိုင်ဘူတာနှင့် စမ်းချောင်းနယ်စပ်ဖြစ်သော သံတံတားအနီး မြေကွက်လပ်တွင်ရှိသည့် သူမ၏ အိမ်မဲကြီးမှာ နာမည်ကျော်ပါသည်။

ပြည့်တန်ဆာများစွာကို ဦးစီးအုပ်ချုပ်လုပ်ကိုင်နေပြီး ရဲဌာန၏ အထက်အဆင့်ဆင့်အထိ ပေါက်ရောက်သူ။

ရန်ကုန်တိုင်းအတွင်းရှိ ရဲဌာနအသီးသီးမှာ သူ့ပေးစာကမ်းစာနှင့် မကင်း။

ထို့ကြောင့် ရဲစခန်းထဲသို့ဝင်လာသော်လည်း မပု မျက်နှာက ခပ်တင်းတင်း။

သူမ၏ အနောက်တွင်တော့ ပါတိတ်ဝမ်းဆက်ဝတ်ထားသော အရပ်မြင့်မြင့်၊ ခန္ဓာကိုယ်ကောက်ကြောင်းလှလှဖြင့် အသက် (၃၀)ကျော်အရွယ်အမျိုးသမီး။

သူမ၏ မျက်နှာတွင် အဓိကသတိထားမိနိုင်သည်က နှုတ်ခမ်းများပင်။

ဟောလိဝုဒ်မင်းသမီး ဆိုဖီယာလော့ရင်ကဲ့သို့ ဆွဲဆောင်မှုပြင်းသော နှုတ်ခမ်းထူထူများ။

သူမက သံတံတားမပုဘိ တွင် ဘိကွင်းဟုဆိုရမည့် လူကြိုက်အများဆုံးပြည့်တန်ဆာ ဆိုဖီယာလော့ရင် ခေါ် မမြင့်ဝင်း။

ကြေးမုံ၏ မွေးသမိခင်ကျေးဇူးရှင်။

“ငါ့မြေး အချုပ်ထဲမှာလား..တင်ဝင်း…”

ဂါတ်စာရေးကိုတင်ဝင်း၏ စားပွဲရှေ့မှ ခုံလွတ်တွင် မပုက ဝင်ထိုင်ရင်းမေးလိုက်သည်။

“ဟုတ်တယ်..အန်တီပု..ကျွန်တော်တို့ကောင်းကောင်းမွန်မွန်ထားထားပါတယ်”

ကိုတင်ဝင်းအပါအဝင် စခန်းမှ အရာရှိအချို့နှင့် အောက်ခြေရဲဝန်ထမ်းများအားလုံးမှာ သံတံတားမပုအိမ်နှင့် မကင်းခဲ့ကြ။

စခန်းမှ တပ်ဖွဲ့ဝင်များသည် သံတံတားမပုထံမှ လူလိုင်းကြေး၊ ငွေလိုင်းကြေးများ ကိုယ်စီယူခဲ့ဖူးသူချည်းပင်။

အချုပ်ခန်းရှိရာသို့ ဂါတ်စာရေးကြီးက ဦးဆောင်ခေါ်သွားသည်။

အချုပ်ခန်းသည် သံတိုင်အထူကြီးများနှင့် သံယက်မကြီးများကန့်လန့်ဖြန်ကာထားသည့် ကိုလိုနီခေတ်လက်ကျန် အချုပ်ခန်းဖြစ်သည်။

“ကြေးမုံ..ဒီမှာ မင်းအဘွားနဲ့အမေရောက်နေတယ်”

အချုပ်ခန်းထောင့်တွင် ထိုင်နေသော ဧရာက ထလာသည်။

“ကြေးမုံ ဘယ်မှာလဲ ဧရာ”

မမြင့်ဝင်းက မေးလိုက်၏။

“ဟိုမှာလေ..အီးပါနေတယ်”

အချုပ်ခန်း၏ အနောက်ဘက်ထောင့်စွန်းတွင် အင်္ဂတေနံရံပုလေးကာရံထားသည့် အိမ်သာနေရာတွင် ဂန်ဖလားတစ်လုံးကို ခွလျက် မိန့်မိန့်ကြီး ပါတော်မူနေသည့် ကြေးမုံ။

အချုပ်ခန်းအိမ်သာအကာအရံတွင်း ကိုယ်တစ်ပိုင်းထွက်နေသည့် ကြေးမုံက မိခင်မမြင့်ဝင်း နှင့် မပု တို့ကို ပြုံးပြနေသည်။

ထို့နောက် စက္ကူဖြင့် ကိစ္စရှင်းပြီး ကြေးမုံ ထလာသည်။

“ဒီအချိန်က ကျွန်တော် အီးပုံးထုတ်အလှည့်အမေရေ..အဲ့ဒါကြောင့် သူများအီးမသွန်ချင်တာနဲ့ ကိုယ့်အီးကိုယ် ဂန်ဖလားထဲ ပြည့်အောင် ပါပြီး သွန်မလို့လုပ်နေတာ”

ကြေးမုံ က ရယ်ရယ်မောမောပြောလိုက်သော်လည်း မမြင့်ဝင်းက အိခနဲ ငိုချလိုက်သည်။

“ဟဲ့..မငိုနဲ့..မြင့်ဝင်း..နင့်သား က မာသားပဲ…အင်းလေ..လူတစ်ယောက်လုံးကို တောင် သတ်ခဲ့သေးတာပဲ…မငိုနဲ့ဟဲ့..ဒီကောင်က နင်အားကိုးရမယ့်သားဟဲ့”

မပု က မမြင့်ဝင်း၏ ပုခုံးကို ဖက်ရင်း နှစ်သိမ့်လိုက်သည်။

“ကဲ..ငါ့မြေး…မင်း အဆင်ပြေပြေ ဒီထဲမှာ နေ..ဂျီးတော်ပု အပြင်ကနေ ရှေ့နေငှားပြီး ရသလောက် လွတ်အောင်လုပ်ပေးမယ်..မင်းအမေကိုလည်း ဘာမှ မပူနဲ့…ကြီးတော်ပုရှိတာပဲ”

ကြေးမုံက ခေါင်းညိတ်ပြသည်။

“ဒါနဲ့..ကြယ်နီကို မင်းက ဘာလို့ သတ်လိုက်ရတာလဲ”

ကြေးမုံက မပုကို တစ်လှည့် ၊ မိခင်မမြင့်ဝင်းကို တစ်လှည့် ကြည့်လိုက်သည်။

“ကိုကြယ်နီက အမေ့ကို ဖာသည်မ လို့ ပြောလို့..”

သူတို့ သုံးဦးလုံး ခေတ္တမျှ တိတ်ဆိတ်သွားကြသည်။

တရှုံ့ရှုံ့ငိုနေသည့် မမြင့်ဝင်းပင် ပင့်သက်တချက်ရှိုက်ပြီး တိတ်ဆိတ်သွားတော့၏။

“ကဲ..ကြီးတော်တို့ ပြန်ဦးမယ်…ကြေးမုံ…မင်းလိုအပ်တာရှိရင် ဂါတ်စာရေးကြီးကိုသာ ပြော…ကြီးတော် မှာထားခဲ့တယ်..ဘာမှအားမငယ်နဲ့.ကြားလား”

တိတ်ဆိတ်သွားသော မမြင့်ဝင်းကို ပုခုံးဖက်လျက် မပုက အပြင်သို့ ဆွဲခေါ်သွားသည်။

“မပု ရောက်လာတာကိုး….အင်း..ဟိုကလေးကိစ္စထင်ရဲ့..ကျွန်တော်လည်း အခုပဲ သူ့ကိစ္စလာလုပ်တာ”

စခန်းအပြင်တွင် ဒုရဲအုပ်ခင်အောင်က နှင့်အတူ ဝင်လာသော မိုးကျော် ကို တွေ့လိုက်ရသည်။

“နင်တို့နဲ့ ငါ့မြေးက ဘာပတ်သတ်နေတာလဲ..မိုးကျော်”

မပုအသံက စိုးရိမ်သံအပြည့်ဖြင့်။

ကြယ်နီသည် မိုးကျော်တို့နှင့်..အလုပ်တွဲလုပ်နေသည်မှန်း မပု သိထားပြီးသား။

“ငါ့မြေး က ကလေးပါဟယ်…နင်တို့လူကို မတော်တဆသတ်မိတာပါ..သူ့ကို နင်တို့ ဘာမှ ပြန်မလုပ်ကြပါနဲ့”

“မပူပါနဲ့ မပု…သူတို့က ကောင်လေးအတွက် ရှေ့နေငှားပေးဖို့ပါ..ကျွန်တော်နဲ့ အကုန် ပြောပြီးပါပြီ”

ဒုရဲအုပ်ခင်အောင် က ဝင်ပြောလိုက်သည်။

“ဘာ..နင်တို့က…”

“ဟုတ်တယ်..အန်တီပု…ကျွန်တော်နဲ့ ကိုခင်အောင် အခုပဲ ကိုကျော်ဝင်းကြီးဆီက ပြန်လာကြတာ..ကိုကျော်ဝင်းကိုယ်တိုင် ကြေးမုံအမှုအတွက်‌ ရှေ့နေငှားဖို့ ခိုင်းလိုက်တာပဲ”

“နင်တို့နဲ့ ဘာဆိုင်လို့လဲ..ငါ့မြေး ငါ့ဟာငါ လွတ်အောင်လုပ်နိုင်တယ်”

မိုးကျော်က ပြုံးလိုက်ပြီး ဒုရဲအုပ်ခင်အောင်ကို မျက်ရိပ်ပြလိုက်သည်။

ဒုရဲအုပ်ခင်အောင်က စခန်းထဲသို့ ဝင်သွား၏။

“အခု ကြေးမုံ နဲ့ ဧရာက ကျွန်တော်တို့ လူဖြစ်သွားပြီ…အန်တီပု”

“ဘာ..ဘယ်လို”

“ကျွန်တော်တို့ စည်းမျဉ်းတွေကို…အန်တီပု သိပြီးသားပါ..ကျွန်တော်တို့လူကို ကျွန်တော်တို့ အပြီးအထိ တာဝန်ယူမှာပါ”

“သူတို့က ကလေးပဲရှိသေးတယ်ဟဲ့..ဒီမှာ သူ့အမေလည်း ပါတယ်…နင်တို့ အလုပ်တွေထဲ ငါ့မြေးကို အပါမခံနိုင်ဘူး”

“ကျွန်မ သဘောတူတယ်..အန်တီပု”

မမြင့်ဝင်းက ဝင်ပြောလိုက်၏။

“ဘာ..အေ့..မြင့်ဝင်း..နင်..”

“ဟုတ်တယ်..သားကို ကျွန်မနဲ့အတူခေါ်မထားတော့ဘူး…ကိုမိုးကျော်တို့…သူ့ကို ထောင်ကလွတ်အောင် လုပ်ပေးပါ..ပြီးရင် သူ့ကို ခေါ်သွားပေးပါ..ကျွန်မခွင့်ပြုတယ်”

“နင်ရူးနေလား..မြင့်ဝင်း..ဒီကောင်တွေ ဘာလုပ်လဲ နင်သိနေတာပဲ”

“ကျွန်မ မရူးဘူး…အန်တီပု…ကြေးမုံဘာလို့ ကြယ်နီကို သတ်လိုက်လဲ..အန်တီပု ကြားတယ်မဟုတ်လား”

“ငါတို့ဘဝတွေက ရွေးချယ်ခွင့်မရှိဘူးလေ..မြင့်ဝင်း..ဒါကို သူလည်း လက်ခံနိုင်ရမှာပေါ့”

“ကျွန်မနဲ့အတူ သူ့ကိုခေါ်မထားနိုင်တော့ဘူး..သူ့ဟာသူရွေးချယ်ပါစေ..အန်တီပု”

“ဟဲ့..မြင့်ဝင်း နင်ရူးနေလား ကြေးမုံက ကလေးပဲ ရှိသေးတာ”

မိုးကျော်က ဒူးယားစိမ်း စီးကရက်ကို နှုတ်ခမ်းတွင်တေ့ပြီး မီးညှိ့လိုက်သည်။

“ခင်ဗျား ပြောတဲ့ ကလေးက သန်သန်မာမာလူကြီးတစ်ယောက်ကို လည်လှီးသတ်ပြီးသွားပြီ…အန်တီပုရဲ့..ဟဟ”

မိုးကျော်က လှောင်ရယ်ရယ်ပြီး စခန်းအတွင်းသို့ ဝင်သွားသည်။

………………………………..

“ရှေ့နေအပြောရတော့ ကလေးသူငယ်တရားရုံးပဲရောက်မှာပါ..နှစ် အနည်းဆုံးဖြစ်အောင် ချပေးမယ်ပြောတယ်..အကိုကြီး”

“နောက်တကောင်လည်းပါသေးတယ်ဆိုကွ”

“အင်း..သူကတော့ စခန်းရှေ့က ရဲကို ထုလိုက်တဲ့အမှုပါ..သူ့သူငယ်ချင်းနဲ့အတူ အချုပ်ထဲ ဝင်ချင်လို့တဲ့”

“ဟား..မင်းကောင်တွေကတော့ ဇော်တွေပဲ မိုးကျော်…ဒီကောင့်လည်း ငါလိုချင်တယ်..သူ့လည်းရအောင်ထုတ်ခဲ့”

“သူ့ကိုကတော့ လွယ်ပါတယ်..စခန်းကရဲနဲ့ဖြစ်တာဆိုတော့ ငွေနည်းနည်းပါးပါးပေးပြီး ကြေအေးခိုင်းလိုက်မယ်”

“ပြီးရော…ဒါဆို ဟိုကောင်လေး ကြေးမုံလား…သူ့အမှုက ဘယ်လောက်ကုန်မှာလဲ”

မိုးကျော်က အနည်းငယ်စဉ်းစားနေသည်။

“တရားသူကြီးရော၊ အမှုစစ်နဲ့ စခန်းမှူးအတွက်ရော ဆို ငွေလေးထောင်လောက်တော့ ကုန်မယ်ထင်တယ်”

“ခင်ဝင်းကြည်ရေ….ငွေခုနှစ်ထောင်ယူခဲ့ပါကွယ်”

အခန်းတွင်းမှ အိုမီဂါဆံပင်ပုံစံသစ်နှင့် ခင်ဝင်းကြည်ထွက်လာသည်။

၁၉၆၄ ခုနှစ်၊ ရန်ကုန်မြို့။

လက်ထဲတွင်လည်း ရာတန်များနှင့်။

“ရော့..မိုးကျော်..ဟိုကောင်လေးကွင်းလုံးကျွတ်တာလိုချင်တယ်…မင်းဒီငွေနဲ့ ရအောင်ကြံဖန်လိုက်ချေ”

မိုးကျော်က ကျော်ဝင်းကြီးကို တအံတသြကြည့်လိုက်ရင်း “မဟုတ်သေးပါဘူး..အကိုကြီး..ဒီကောင်လေးတွေအတွက် ဒီလောက်အကုန်ခံစရာလိုလို့လား..အချိန်တန်လွတ်လာမှ ဆွဲစားလိုက်ရုံပဲလေ”

ကျော်ဝင်းက သူ့ရှေ့တွင် ရှိသော ဘိလပ်ရည်ပုလင်းကို ပိုက်ဖြင့်စုပ်လိုက်သည်။

“ဒီကောင်လေးတွေ အတွက် အလုပ်တစ်ခုရှိတယ်ကွ”

“ဘာအလုပ်လဲ..အကိုကြီး..ဒီကောင်တွေက အခုမှ လူလေးတစ်ယောက်သတ်ဖူးတဲ့ ချာတိတ်တွေနော်.. ကျွန်တော်တို့ဆီမှာ ကျောင်းသားအနေနဲ့ပဲ သုံးလို့ရဦးမှာ”

“အေး…သူတို့ကို မင်းက နောက်က ဂိုက်လိုင်းပေးရမှာ..မိုးကျော်”

“ဗျာ”

“ဟုတ်တယ်….ဒီကိစ္စက တော်တော်သတိထားကိုင်တွယ်ရမယ့်ကိစ္စ..ပြီးတော့ ငါတို့လူဟောင်းတွေ ကို ငါမသုံးချင်လို့..”

မိုးကျော်က ကျော်ဝင်းကြီးကို နားမလည်သလိုကြည့်နေသည်။

“ဟိုတလောက မင်းကိုငါပြောတဲ့ကိစ္စကို လသာက အဘိုးကြီးနှစ်ယောက်က လက်ခံလိုက်ပြီ”

“ဗျာ”

“ဒီအဘိုးကြီးတွေ လက်ခံမှတော့ ငါရော..ပီတာရော..ငြင်းလို့မရတော့ဘူးကွ”

“ဟာဗျာ..တကယ်ကြီး လုပ်ကြတော့မှာပေါ့”

“အေး..အဲ့ဒါပြောတာ..အဘိုးကြီးတွေက လက်ခံတယ်ဆိုတာ သူတို့ရန်ငြိုးကိစ္စနဲ့သူတို့ပဲ..ငါတို့က ဒီတရုတ်တွေနဲ့ ဘာကိစ္စမှ ရှိတာမဟုတ်ဘူး…မင်းသိတဲ့အတိုင်း ဒီပွဲမှာ ငါတို့က ကြားညှပ်နေတာ…တရုတ်တွေအကြောင်းလည်း မင်းသိသားပဲ….ဘယ်ပြေးပြေးလိုက်သတ်ကြမှာ..မလုပ်ပေးပြန်ရင်လည်း အဘိုးကြီးတွေကတောင် လက်ခံသေးတာ..မင်းတို့က ဘာမို့လို့လဲဆိုပြီး စစ်တပ်က ငါတို့ကိုညိုးဦးမယ်”

“အဲ့ဒီကိစ္စနဲ့ ဒီကလေးတွေနဲ့ဘာဆိုင်လို့လဲ”

“ဆိုင်တယ်…မိုးကျော်…လသာနဲ့ လမ်းမတော်က ထိုင်ဝမ် 14K တွေကို အဘိုးကြီးတွေက တာဝန်ယူထားတယ်။ ငါတို့က ဝါးတန်းက ဟောင်ကောင်ဝူ တွေကို တာဝန်ယူရမယ်။ ပီတာတို့က ၁၉လမ်း လူအန် တွေကို တာဝန်ယူရတယ်”

“ဟာ..ဖြစ်ပါ့မလားဗျာ..ဒီကောင်တွေအင်အားကို ကျွန်တော်တို့က ဘယ်လိုလုပ်”

“အဲ့ဒီလိုလည်းမဟုတ်ဘူးကွ…တစ်ဂိုဏ်းလုံးကိစ္စကို စစ်တပ်က နောက်ကနေလုပ်လိုက်မယ်..ငါတို့က ဂိုဏ်းရဲ့ အားထားရတဲ့ ပင်စည်ကောင်ကို အရင်သတ်ပေးရမှာ”

“ကျွန်တော်တို့က ဘယ်သူ့ကို သတ်ရမှာလဲ..ဦးကျင်းကုတ်ကိုလား ”

“အားကျိုင်းကို”

“ကီလီစျေးနားက အားကျိုင်းလား”

“အေး”

“အားကျိုင်းဆိုတာ ဟိုးအရင် မြကျင်ကြီးတို့၊ အရှုပ်တို့ လက်ထွက်နော်…ဒီကလေးတွေနဲ့ ဖြစ်ပါ့မလား”

“ဒီကိစ္စမှာ ငါတို့လက်ချက်ဆိုတာကို တရုတ်တွေဘက်က သိလို့မဖြစ်ဘူး.ငါတို့လူဟောင်းထဲက သုံးလို့ တစ်ခုခုအဆင်မပြေဖြစ်ရင်….မင်းနဲ့ငါ တရုတ်တွေလက်ချက်နဲ့ ရှောဖို့သေချာတယ်…ဒါကြောင့် ငါဒီကလေးတွေကို သုံးမှာ..သူတို့ဆို အဆင်မပြေဖြစ်လဲ.ဒီကောင်လေးတွေကိုထိုးကြွေးလိုက်ပြီး.ငါတို့လူမဟုတ်ဘူးလို့ ငြင်းလို့ရနေတာပဲ…ဒီကိစ္စကို မင်းက နောက်ကနေ လိုတာရှိတာကို အကွက်ချပေးရမှာ..မိုးကျော်”

“ဟောင်ကောင် ဝူအုပ်စုက ခေါင်းဆောင်က ဦးကျင်းကုတ် မဟုတ်လား…ဘာလို့ အားကျိုင်းကို သတ်ရမှာလဲ”

“အားကျိုင်းဟာ ဦးကျင်းကုတ်ရဲ့ အဓိကလူပဲ..အားကျိုင်းပြိုရင် ဦးကျင်းကုတ် ဘာမှ မလုပ်တတ်တော့ဘူး..ဒါကြောင့် အားကျိုင်းကို သတ်ရမှာ”

“အဲ့ဒီတော့ ကျွန်တော်တို့က ဘာရမှာလဲ”

“ကမ်းနားက မှောင်ခိုသင်္ဘောလိုင်းကို ငါတို့ရမယ်တဲ့”

“သေချာလား…အကိုကြီး”

“အဘိုးကြီးတွေကိုယ်တိုင် ကတိပေးထားတယ်…စစ်တပ်နဲ့လည်း သူတို့ပြောပြီးဆိုပြီးပြီ”

“အင်းလေ..အဘိုးကြီးတွေ ပါလာမှတော့..ကျွန်တော်တို့ ဘယ်နေလို့ရပါ့မလဲ”

“အေး…အဲ့ဒါကြောင့် ကောင်လေးတွေကို ရအောင်ထုတ်ခဲ့လို့ ငါပြောတာပေါ့..သွားတော့..မိုးကျော်”

………………………………..

ဗိုလ်ချုပ်နေဝင်း၏ တော်လှန်ရေးကောင်စီ အာဏာသိမ်းပြီး တစ်နှစ်အကြာတွင် နိုင်ငံ၏ စီးပွားရေးဝင်ငွေများမှာ သိသိသာသာယုတ်လျော့လာသည်။

၁၉၆၃ ခုနှစ်တွင် ယခင်က ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းများနေရာတွင် ပြည်သူပိုင်သိမ်းပြီး စစ်ဗိုလ်များမှ တာဝန်ဝင်ယူလိုက်ကြသည်။

နာမညကြှီးစီးပှားရေးလုပငြနြးမွားမှ စကမြှုလုပငြနြးရှငမြွား၊ ပညာရှငမြွား၊ စှနြံဦးတီထှငလြုပကြိုငသြူမွားကိုလညြး ဖမြးဆီးလိုကပြှီး သူတို့ပိုငဆြိုငသြည့စြီးပှားရေးမွားကို သိမြးလိုကကြှသညြ။

စီးပွားရေးစျေးကွက်သဘောကို နားမလည်သော တပ်ဘက်အရာရှိများမှာ မသမာသည့်နည်းဖြင့်အချောင်လမ်းကို စောင့်နေသော စီးပွား‌ရေးသမားအချို့ ကိုပင် ပြန်လည်အားကိုးရသည့်အခြေအနေဖြစ်လာ၏။

ထို့ကြောင့် တရားဝင်နိုင်ငံတော်အခွန်ရရှိမှု နည်းပါးသွားပြီး လုပ်ငန်းများကိုကိုင်တွယ်ရသောစစ်ဗိုလ်များနှင့် စီးပွားရေးသမားများအကြား တရားမဝင်လာဘ်ပေးလာဘ်ယူများဖြစ်ပေါ်လာတော့သည်။

၁၉၆၄ ခုနှစ်၊ ရန်ကုန်မြို့။

စစ်ဘက်အရာရှိများမှာ ကျေးလက်ဒေသနှင့် နယ်ဘက်မှလာသော အောက်ခြေလူတန်းစား၊ လူလတ်တန်းစားအများစုဖြစ်သည်။

သူတို့သည် စီးပွားရေးလုပ်ငန်းကော်ပိုရေးရှင်းများတွင် ရာထူးအာဏာကို ရုတ်တရက်ရသွားသောအခါ လက်သိပ်ထိုးဝင်လာသည့်ဝင်ငွေများအပေါ် သာယာလာကြတော့၏။

ဒီမိုကရေစီခေတ်က ပုံမှန်လည်ပတ်နေသော စျေးကွက်စီးပွားရေးနေရာတွင် ဗဟိုမှ ချုပ်ကိုင်သည့် စီးပွားရေးပေါ်ပေါက်လာပြီး စစ်ဘက်ဗျူရိုကရက်လူတန်းစားတစ်ရပ်ပေါ်လာတော့သည်။

ထိုလူတန်းစားနှင့်အတူ တရားမဝင်မှောင်ခိုလုပ်ငန်းများဖြစ်လာတော့သည်။ နိုင်ငံခြားသားပိုင် ဘဏ်များကို ပြည်သူပိုင်သိမ်းယူလိုက်ခြင်းပင် ပြည်ပမှ ရင်းနှီးမြုပ်နှံမှုများ ပြန်လည်ထွက်ခွာသွားကြသည်။

သို့သော် အစိုးရသည် နိုင်ငံခြားသုံးငွေရန်ပုံငွေမှ ပေါင်စတင်လင်များကို ရောင်းချပြီး ဒေါ်လာများဝယ်ယူခြင်းဖြင့် ပေါင်စျေးအကျတွင် ဝင်ငွေများရရှိလာသည်။

နိုင်ငံခြားကုန်သွယ်မှုအားလုံးကို အစိုးက ချုပ်ကိုင်လိုက်ပြီးနောက် အမြတ်ငွေ ကုဋေလေးဆယ်ဖြင့် အမေရိကန်ဗဟိုဘဏ်မှ ရွှေတုံးများ ဝယ်ယူလိုက်သည်။

အခြားနိုင်ငံများသည် အရန် ရန်ပုံငွေအဖြစ် ရွှေတုံးများကိုဝယ်ယူပြီး အမေရိကန်ဗဟိုဘဏ်တွင်ပင် အပ်နှံကာ မိမိတို့နိုင်ငံ၏ ငွေကြေးတန်ဖိုးကို မြှင့်တင်ထားကြသည်။

မြန်မာနိုင်ငံကမူ ရွှေတုံးများကို ဝယ်ယူပြီး ရန်ကုန်ဗဟိုဘဏ်သို့ ပို့ဆောင်ခဲ့ရသဖြင့် အမေရိကန်ဘဏ်သမိုင်းတွင် မြန်မာသည် ပထမဆုံးရွှေတုံးများကို ထုတ်ယူခဲ့သောနိုင်ငံဖြစ်ခဲ့သည်ဟု ပြောစမှတ်ဖြစ်ခဲ့သည်။

ကမ္ဘာတွင် မြန်မာနိုင်ငံသည် ငွေကြေးရွှေဘောင်အာမခံချက်နည်းသွားသဖြင့် မြန်မာနိုင်ငံ၏ ငွေကြေးတန်ဖိုးသည်လည်း တဖြည်းဖြည်းကျဆင်းလာသည်။

ထိုသို့နိုင်ငံတကာစီးပွားရေးတွင် မြန်မာအစိုးရသစ်ကြောင့် မတည်ငြိမ်မှုများဖြစ်လာသည့်နည်းတူ ပြည်တွင်းတွင်လည်း ပုဂ္ဂလိကလုပ်ငန်းများအား ပြည်သူပိုင်ပြုလုပ်မှုများ၊ နိုင်ငံခြားသားနှင့် လူမျိုးခြားစီးပွားရေးသမားများကို ဆန့်ကျင်မှုများ၊ အမျိုးသားရေးဝါဒကိုရှေ့တန်းတင်လာမှုများဖြစ်ပေါ်နေသည်။

ထို့ကြောင့် ပြည်တွင်းမှ နိုင်ငံခြားသားလုပ်ငန်းရှင်များ၊ ဗမာမဟုတ်သောလုပ်ငန်းရှင်များ မှာ အန္တရာယ်အနံ့အသက်ကြောင့် ၄င်းတို့၏ ပိုင်ဆိုင်မှုနှင့် ငွေကြေးများကို ပြည်ပသို့ အလုံးလိုက်အထည်လိုက်ထုတ်ယူနေကြသည်။

ထောက်လှမ်းရေးအစီရင်ခံစာများအရ ထုထည်ကြီးလှသောငွေကြေးအလုံးအရင်းများသည် တရုတ်၊ ထိုင်း၊ အိန္ဒိယ၊ ဟောင်ကောင်နှင့် စင်ကာပူ တို့ထံ စီးဆင်းနေကြောင်းသိရသည်။

လေဆိပ်နှင့် ဆိပ်ကမ်းများတွင်လည်း ဖမ်းဆီးရမိမှုများ များပြားလာသည်။

ယင်းသို့ ငွေကြေးယိုထွက်မှုတွင် အဓိကမှာ မြန်မာနိုင်ငံတွင်ခြေကုပ်ယူထားပြီးဖြစ်သော တရုတ်ရာဇဝတ်ဂိုဏ်းခွဲများ နှင့် ထိုင်ဝမ်၊ဟောင်ကောင်တို့ဆီ တရုတ်ရာဇဝတ်ဂိုဏ်းကြီးများ ချိတ်ဆက်လုပ်ဆောင်နေခြင်းဖြစ်ကြောင်း စစ်ထောက်လှမ်းရေးမှ ခြေရာခံမိကြသည်။

၁၉၆၀ ခုနှစ်နောက်ပိုင်းတွင် ထိုင်ဝမ်နှင့် ဟောင်ကောင် အခြေစိုက် ကမ္ဘာ့အဆင့်တရုတ်ရာဇဝတ်ဂိုဏ်းကြီးများဖြစ်သည့် 14K အုပ်စု၊ လူအန်အုပ်စု(Luen Group)၊ ဝူအုပ်စု (Wo Group) တို့သည် မြန်မာနိုင်ငံ၏ မြို့ကြီးများဖြစ်သော ရန်ကုန်၊ မန္တလေး၊ ပဲခူး၊ ပုသိမ်၊ မော်လမြိုင်၊ လားရှိုး၊ ကျိုင်းတုံ၊ ထားဝယ်၊ မြိတ်တို့ရှိ တရုတ်တန်းများ၊တရုတ်လူနေရပ်ကွက်များတွင် လျှို့ဝှက်စိမ့်ဝင်ဖြန့်ကြက်နိုင်ခဲ့ကြသည်။

သက်ဆိုင်ရာမျိုးနွယ်စုအလိုက် သက်ဆိုင်ရာ ဂိုဏ်းခွဲများ ထူထောင်လာကြပြီး လျှို့ဝှက်ဂိုဏ်းသားအင်အားများလည်း ရှိလာခဲ့သည်။

တရုတ်ဂိုဏ်းများသည် လျှို့ဝှက်စွာနေထိုင်ကြပြီး စီးပွားရေးတွင် တစ်ဦးနှင့်တစ်ဦးအချိတ်အဆက်မိမိ လုပ်ဆောင်နိုင်ခဲ့ကြသည်။

တနည်းအားဖြင့် တရုတ်ဂိုဏ်းတို့သည် နိုင်ငံရပ်ခြားမှ တရုတ်စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်ကာ ကြီးမားသောစီးပွားရေးကွန်ရက်ကြီးကို တည်ဆောက်နိုင်ခဲ့ကြသည်။

ထိုအခြေအနေတွင် တပ်မတော်၏ အာဏာသိမ်းမှုသည် မြန်မာပြည်ရှိ တရုတ်လျို့ဝှက်ဂိုဏ်းတို့အကြား အကြီးအကျယ်ဂယက်ရိုက်ခဲ့တော့သည်။

ပုဂ္ဂလိကပိုင်လုပ်ငန်းများကို ပြည်သူပိုင်သိမ်းမှုများနှင့် နိုင်ငံခြားကုန်သွယ်မှုများကို အစိုးရက ချုပ်ကိုင်မှုတို့ကြောင့် တရုတ်ဂိုဏ်းတို့သည် ပိုင်ဆိုင်သမျှ ငွေကြေးအရင်းအမြစ်များအားလုံးကို ပြည်ပသို့ နည်းမျိုးစုံဖြင့် ထုတ်လာကြသည်။

အခြားလုပ်ငန်းရှင်များ၏ ငွေကြေးများကိုလည်း ပြည်ပသို့ ပို့ရာတွင် တရုတ်ဂိုဏ်းတို့က အခကြေးငွေဖြင့်ယူကာ လုပ်ဆောင်ပေးခဲ့ကြသည်။

တစ်ဆက်တည်းတွင်ပင် အာဏာသိမ်းခံလိုက်ရသော ပထစအစိုးရဘက်တော်သားများ၊ မြေအောက်နိုင်ငံရေးသမားများကို တရုတ်ဂိုဏ်းများ၊ တရုတ်လုပ်ငန်းရှင်များက သိသိသာသာအကူအညီပေးလာကြသည်။

သမ္မတစဝ်ရွှေသိုက်၊ ဝန်ကြီးချုပ်ဦးနုအပါအဝင် ပြည်သူရွေးကောက်တင်မြှောက်ထားသည့်အစိုးရတစ်ဖွဲ့လုံးကို ဖမ်းဆီးထောင်ချထားနိုင်ခဲ့သော်လည်း မြေအောက်နိုင်ငံရေးအဖွဲ့အစည်းများကို ဖမ်းဆီးရန် ခက်ခဲနေခဲ့သည်။

ထိုအခြေအနေကို အာဏာသိမ်းစစ်အစိုးရက စိုးရိမ်မကင်းဖြစ်လာသည်။

နောက်ဆုံးတွင် အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်ကြီးနေဝင်းက တရုတ်ဂိုဏ်းများအား အမြစ်ဖြုတ်ချေမှုန်းရန် စစ်ထောက်လှမ်းရေးအဖွဲ့မှ ဗိုလ်မှူးကြီးမောင်လွင်(နှုတ်ခမ်းမွှေး)အား အမိန့်ပေးခဲ့သည်။

ထို့နောက် စစ်ထောက်လှမ်းရေးအဖွဲ့မှ ကာနယ်ဂလက်စ် ခေါ် ဒုတိယဗိုလ်မှူးကြီးတင်ဦး မှ ခေါင်းဆောင်ပြီးနောက် “အမှောင်ထဲမှ မင်းသားများ” စီမံချက်ကို စတင်ရေးဆွဲခဲ့ကြသည်။

ထိုစီမံကိန်း၏ ပထမအဆင့်အရ အင်အားကောင်းနေသော တရုတ်ဂိုဏ်းများမှ ထိပ်ပိုင်းခေါင်းဆောင်မဟုတ်သည့် အဓိကအားထားရသူအချို့ကို အပြတ်ရှင်းရန်၊ ထိုသို့ရှင်းရာတွင် တပ်မတော်နှင့် ရဲတပ်ဖွဲ့ပါဝင်နေပါက တရုတ်၊ တိုင်ပေတို့ရှိ အစိုးရများမှ လက်ညိုးထိုးလာနိုင်စရာရှိသည့်အတွက် သီးခြားအရပ်သားအင်အားစုတစ်ခုကိုသုံးရန်၊ ဒုတိယအဆင့်တွင် မြန်မာပြည်အနှံ့ တရုတ်ဂိုဏ်းများမှ ခေါင်းဆောင်များကို ထောက်လှမ်းရေးမှ ရုတ်တရက်ဝင်ရောက်ဖမ်းဆီးပြီး ငွေကြေးရင်းမြစ်များကို ဖော်ထုတ်သိမ်းဆည်းရန်၊ တတိယအဆင့်တွင် တရုတ်တန်းများအားလုံးမှ တရုတ်ဂိုဏ်းသားများကို ဖမ်းဆီးထောင်ချပြီး ပြည်နှင်ရန် တို့ဖြစ်သည်။

ယင်းစီမံကိန်းအရ…မြန်မာနိုင်ငံမြို့ကြီးအသီးသီးရှိ မြန်မာလူမျိုးလူမိုက်ဂိုဏ်းများ၊ လက်စလက်နရှိသူများကို စစ်ထောက်လှမ်းရေးမှ ဆက်သွယ်စည်းရုံးပြီး လက်ရွေးစင်လူများပါဝင်သော “အမှောင်ထဲမှ မင်းသားများအဖွဲ့” ကို ဖွဲ့စည်းရန်ဖြစ်သည်။

“အမှောင်ထဲမှ မင်းသားများ”သည် 14K အုပ်စု၊ လူအန်အုပ်စု(Luen Group)၊ ဝူအုပ်စု (Wo Group) တို့မှ အားထားရသည့် အဓိကလူများကို ပထမအဆင့်အနေဖြင့် တာဝန်ယူ သုတ်သင်ပေးရမည်ဖြစ်သည်။

ရန်ကုန်လူမိုက်လောက၏ အထင်ကရ ပန်းဆိုးတန်းကျော်ဝင်းကြီးသည် စစ်ထောက်လှမ်းရေးနှင့် တရုတ်ဂိုဏ်းများအကြား လက်တစ်လုံးခြားအနေဖြင့် ရပ်တည်လျက်ရှိသည်။

ထိုခြားနေသည့် လက်တစ်လုံးသည် ကြေးမုံ နှင့် ဧရာ ဖြစ်လာခဲ့ပြီဖြစ်သည်။

ကြေးမုံနှင့် ဧရာ ဟူသော နာမည်နှစ်ခုသည် ရန်ကုန်အမှောင်လောကသို့ စတင်ချဉ်နင်းခဲ့ပေပြီ။

ခက်ဇော်

အခန်း (၅) >>>>>