ကင်ဂျုံအန် ဘာဖြစ်ချင်နေတာလဲ

0
3606

(Jean Mackenzie ၏ BBC သတင်းဆောင်းပါးကို ဘာသာပြန်သည်)

မြောက်ကိုရီးယား နှင့် တင်းမာမှုများက ဖြစ်လိုက်၊ ပြီးသွားလိုက် ချည်းပင်။ သို့သော် ယခု ကိုရီးယားကျွန်းဆွယ် အခြေအနေက ငါးနှစ်အတွင်း သွေးအဆူဆုံး ဖြစ်ကာ၊ ထို့ထက် ပိုဆိုးသွားရန်သာ ရှိပေသည်။

ပြီးခဲ့သည့် လ က မြောက်ကိုရီးယား သည် ဂျပန်ပေါ်က ကျော်ပြီး ဒုံးပျံပစ်လွှတ်လိုက်ရာ ဒေသခံများ ဗုံးခိုကျင်းသို့ ပြေးဝင်လိုက်ရသည်။ ကြမ်းတမ်းသော ရန်လိုသည့် လုပ်ရပ် ဖြစ်သည်။

မြောက်ကိုရီးယားသည် ပဲ့ထိန်းဒုံးပျံလက်နက်များစွာ ပစ်ခဲ့ကာ တောင်ကိုရီးယား နယ်စပ်နားအထိ တိုက်လေယာဉ်များ ပျံခဲ့ပြီး ပင်လယ်ထဲသို့ ဒုံးလက်နက် ရာနဲ့ချီကာ ကျဲချခဲ့လေရာ ငြိမ်းချမ်းရေး ထိန်းသိမ်းရန် ၂၀၁၈ က သက်မှတ်ခဲ့သော စစ်မဲ့ဇုန်ထဲအထိ ကျခဲ့သည်။

တောင်ကိုရီးယား နှင့် မြောက်ကိုရီးယား သည် သဘောတရားအရ စစ်ဖြစ်နေသော နှစ်နိုင်ငံ ဖြစ်သည်။ ပြီးခဲ့သည့် တနင်္လာနေ့က မြောက်ကိုရီးယား ကုန်သည် သင်္ဘောတစ်စင်းက ပင်လယ်ရေပြင် နယ်နမိတ် ကျော်လွန်ပြီး ဝင်လာရာ နှစ်ဖက်လုံးက သတိပေး ပစ်ခတ်မှုများ ပြုလုပ်ခဲ့ရသည်။

တမင်ဝင်လာခြင်း ဖြစ်သည်ဟု တောင်ကိုရီးယား က ပြောထားသည်။ ဆိုတော့ ကင်ဂျုံအန် ဘာဖြစ်ချင်နေပါသနည်း။

မြောက်ကိုရီးယား က ဒုံးကျည်များ ပစ်ချင်နေရခြင်း အကြောင်းရင်းက (၃) ခုရှိသည်။ သူ့ လက်နက် နည်းပညာ တိုးတက်အောင် စမ်းသပ်လိုခြင်း၊ ကမ္ဘာကြီးသို့ (အမေရိကန်များသို့) နိုင်ငံရေးအရ သတင်းစကားပါးလိုခြင်း၊ နှင့် သူ့ပြည်သူများ သဘောကျကာ အာဏာရှင်အုပ်ချုပ်ရေးကို ပိုပြီး သစ္စာရှိလာစေရေး တို့ ဖြစ်ပါသည်။

ပြုံးယမ်း အစိုးရက ဘာလိုချင် လို့ ခုလို ထထ လုပ်သည်ကို အဓိပ္ပါယ်ကောက်ရ ခက်ခဲပါသည်။ သို့သော် ယခုတစ်ခေါက်မှာတော့ မစ္စတာကင်၏ သဘောက ရှင်းလင်းသည်။

မကြာသေးခင်က ပြုလုပ်ခဲ့သော ပစ်ခတ်မှုများ၊ စစ်ရေး လေ့ကျင့်မှုများသည် အမေရိကန်၊ တောင်ကိုရီးယား နှင့် ဂျပန်တို့ လုပ်ဆောင်ခဲ့သည့် စစ်ရေး လေ့ကျင့်မှုများကို တန်ပြန်ခြင်း ဖြစ်သည်ဟု မြောက်ကိုရီးယား အစိုးရ မီဒီယာ က အကြိမ်များစွာ သတင်းထုတ်ပြန်ထားသည်။

တင်းမာမှုများ မြင့်တက်လာခြင်းသည် ရန်သူများကြောင့် ဖြစ်သည်ဟု မြောက်ကိုရီးယားက ပြစ်တင်ထားပြီး ပစ်လွှတ်မှုများသည် ရန်သူများ၏ လုပ်ရပ်များ ရပ်တန့်ရန်အတွက် ရှင်းလင်းသော သတိပေးချက်ဖြစ်သည်ဟု ဆို သည်။

ဝါရှင်တန်၊ ဆိုးလ် နှင့် တိုကျို တို့က အကြီးစား စစ်ရေးလေ့ကျင့်မှုများကို သီးသန့်စီသော် လည်းကောင်း၊ ပူးပေါင်း၍ သော်လည်းကောင်း ပြီးခဲ့သည့် (၂)လအတွင်း ပြုလုပ်ခဲ့ကာ မြောက်ကိုရီးယား၏ နျူကလီးယား တိုက်ခိုက်မှု ဖြစ်လာလျှင် အဆင်သင့် တုန့်ပြန်ရန် ရှိကြောင်း ပြသခဲ့သည်။

ယင်းဖြစ်ရပ်များက မစ္စတာကင် ကို ရန်မူသည့် လုပ်ရပ်အဖြစ် မြင်သွားကောင်း မြစ်စေနိုင်သည်။ ကင် သည် စစ်ရေးလေ့ကျင့်မှု မှန်သမျှကို မြောက်ကိုရီးယားကို ကျူးကျော်ရန် လေ့ကျင့်ခြင်းများဟု အမြဲတမ်း မြင်လေ့ ရှိသည်။

မြောက်ကိုရီးယား နျူကလီးယားလက်နက် စတင်ထုတ်လုပ်သည့် မူလ ပထမ အကြောင်းရင်း ကလည်း အကျူးကျော် မခံရရေးပင် ဖြစ်သည်။

သို့သော် ကင်ဂျုံအန် ဖိအားတွေ အတင်းပေးနေရသည့် သိပ်မရှင်းလင်းသော နောက်ခံအကြောင်း တရား တစ်ခု ရှိနေသေးသည်။

ပိုပြီး ရန်လို ကြမ်းတမ်းသော စမ်းသပ်မှုတစ်ရပ်အတွက် ပြင်ဆင်နေခြင်း ဖြစ်မည်ဟု တချို့က ယုံကြည်ကြသည်။ ယခု ၅ နှစ်အတွင်း ပထမဆုံးအကြိမ် နျူကလီးယားစမ်းသပ်မှု တစ်ရပ် ပြုလုပ်ရန် သို့မဟုတ် တောင်ကိုရီးယား သို့ အသေးစား တိုက်ခိုက်မှုတစ်ရပ် ပြုလုပ်ရန်ဟု ယူဆကြသည်။

ပြီးခဲ့သည့်နှစ်က (၅)နှစ် အစီအစဉ်ကို ချပြခဲ့ပြီး ဆက်လက်ထုတ်လုပ်ရန် စီစဉ်ထားသည့် လက်နက်အသစ်များ ၏ အသေးစိတ်အခြေအနေများကို ထုတ်ပြန်ထားသည်။ ၎င်းတို့ထဲတွင် စစ်မြေပြင်သုံး အသေးစား နျူကလီးယားဗုံးများ ထုတ်လုပ်ရေးနှင့် ၎င်းတို့ကို သယ်ယူပစ်ခတ်ရန် တာတိုပစ် ဒုံးကျည်များ ထုတ်လုပ်ရန် ဖြစ်သည်။ မစ္စတာကင်သည် ၎င်း လိုချင်သော အဆိုပါ လက်နက်များ ရရေး လုပ်ဆောင်နေသည်သာမက အဆိုပါ လက်နက်များကို အသုံးပြုနိုင်စေရေး ၎င်း၏ တပ်ဖွဲ့များကို လေ့ကျင့်ပေးနေကြောင်း မကြာသေးခင်က ထွက်ပေါ် လာသည့် စမ်းသပ်ချက်များက သက်သေဖြစ်သည်။

မကြာသေးခင်က ပြုလုပ်ခဲ့သော စစ်ရေးလေ့ကျင့်မှုများသည် တောင်ကိုရီးယားကို နျူကလီးယား တိုက်ခိုက်မှု အတု တစ်ခု လေ့ကျင့်ခြင်း ဖြစ်ကြောင်း ၎င်းကိုယ်တိုင် ပြောကြားခဲ့သည်။ ယခုအချိန်တွင် မစ္စတာကင် သည် အာရုံစိုက် မှု ကိုလည်း လိုချင်နေပေသည်။

သူ့တိုင်းပြည်အပေါ် နိုင်ငံတကာက ချမှတ်ထားသော ပြင်းထန်သော ပိတ်ဆို့မှုများ ဖယ်ရှားရန် လိုအပ်ပါလျှင်မူ သူရရှိထားသော တိုးတက်ဖြစ်ထွန်းမှုများကို ကမ္ဘာက သတိထားမိဖို့ သူလိုအပ်သည်။ မြောက်ကိုရီးယား လက်နက် ထုတ်လုပ်ခြင်းကို စီးပွါးရေး ပိတ်ဆို့မှုက မရပ်တန့်နိုင်ပေ။ သို့သော် စီစဉ်ထားသည့်အတိုင်း မြောက်ကိုရီးယား၏ စီးပွါးရေးကိုတော့ ထိခိုက်စေသည်။

အဆိုပါ ပိတ်ဆို့မှုများကို လျှော့ချပေးရန် ညှိနိူင်းမှုများက ကာလရှည်ကြာ ရှေ့မရောက်ဖြစ်နေကာ မြောက်ကိုရီးယား က ကမ္ဘာ့အစီအစဉ်များကို ဆွဲချလျက်ရှိသည်။

ကမ္ဘာကြီးက ယူကရိန်း က စစ်ပွဲနှင့် တရုတ်တွင် အာဏာရှင်စနစ်ပိုပြီး ကြီးထွားလာခြင်းကို အာရုံရနေသည်။ မြောက်ကိုရီးယားအနေဖြင့် နျူကလီးယားလက်နက်များ အစီအစဉ်ကို စွန့်လွှတ်မှ စီးပွါးရေး ပိတ်ဆို့မှုများကို ဖြေလျော့ ပေးမည်ဟု သမ္မတဘိုင်ဒင်က ရပ်တည်ထားသည်။

တချိန်တည်းမှာပင် ဝါရှင်တန်အစိုးရ နှင့် ဆိုးလ် အစိုးရတို့က ကိုရီးယားကျွန်းဆွယ် ကာကွယ်ရေးကို တိုးမြှင့်ရန် ပူးပေါင်း စစ်ရေးလေ့ကျင့်မှုများ ဆောင်ရွက်ဖို့ သဘောတူထားသည်။ စစ်ရေးလေ့ကျင့်မှုများကို မြောက်ကိုရီးယား အစိုးရက သိပ်မုန်းပါသည်။ အင်နဲ့အားနဲ့ ပြန်လည် ရန်မူလေ့ရှိသည်။

မြောက်ကိုရီးယားမှ ဒုံးကျည်ပစ်ခတ်မှုများ စစ်ရေးလှုပ်ရှားမှုများ ပြုလုပ်အပြီးတွင် တောင်ကိုရီးယားက စစ်လေယာဉ်များ လွှတ်တင်ခဲ့ကာ ကိုယ့်ဘက်က လက်နက်စင်ကို ပြန်ပစ်မိခဲ့သည်။

အမေရိကန်နှင့် ဆွေးနွေးရာတွင် ကိုယ့်ဘက်က အသာစီး ရလိုလျှင် မစ္စတာကင်သည် ၎င်း၏ တိုင်းပြည်က မည်မျှ အန္တရာယ်ပေးနိုင်ကြောင်း ပြသ ထားရန် လိုသည်။ ပြီးခဲ့သည့်လက ကင်ဂျုံအန် သည် မြောက်ကိုရီးယားအား နျူကလီးယားလက်နက်ပိုင်ဆိုင်သော နိုင်ငံအဖြစ် ကြေညာလိုက်သည်။ ယင်းအခြေအနေသည် လုံးဝ နောက်မဆုတ် သော ခိုင်မာသည့် အခြေအနေဖြစ်သည်ဟုလည်း ဆိုသည်။

“သူတို့ အနေနဲ့ ဘယ်လောက်အထိထိ ယုံကြည်မှုရှိရှိ တည်ဆောက်ပြီးသလဲ ဆိုတာကို ကျွန်တော်တို့ စိတ်ပူရပါလိမ့်မယ်” ဟု တောင်ကိုရီးယား ကာကွယ်ရေး အကြံပေးဟောင်း ကင်ဂျုံဒေး က ပြောကြားသည်။ လက်စားချေ တိုက်ခိုက်မှုများ မလုပ်ခင် အမေရိကန်တပ်ဖွဲ့များ စစ်ရေးလေ့ကျင့်မှု အပြီးကို မြောက်ကိုရီးယား က စောင့်ဆိုင်းခဲ့သည့် အတိတ်က အခြေအနေများကို ၎င်းက ထောက်ပြသည်။ ယခုအကြိမ်တွင်မူ စစ်ရေး လေ့ကျင့် နေစဉ်မှာပင် ပင်လယ်ထဲကို ဒုံးလက်နက်များ ပစ်လွှတ်ခဲ့သည်။

“ဒီလို ရဲတင်း ရန်လိုမှုကို အရင်တုန်းက မမြင်ခဲ့ရဖူးပါဘူး။ ဒါဟာ ကွဲပြားပါတယ်။ မြောက်ကိုရီးယားဟာ နျူကလီးယားပိုင်တဲ့ နိုင်ငံတစ်ခုလို ပြုမူနေတာဖြစ်ပါတယ်” ဟု ၎င်းက ဆိုသည်။

ခုနှစ်ကြိမ်မြောက် နျူကလီးယား လက်နက် စမ်းသပ်ရန်အတွက် မြောက်ကိုရီးယားက ပြင်ဆင်ပြီးဖြစ်ကာ နိုင်ငံရေးအရ လုပ်ပြရမည့် အချိန်ကို စောင့်ဆိုင်းနေခြင်း ဖြစ်သည်ဟု အမေရိကန်ပြည်ထောင်စုနှင့် တောင်ကိုရီးယား အစိုးရများက ယုံကြည်ထားကြသည်။

ယခုအခါ လုပ်လို့ကိုင်လို့ ကောင်းသည့် နိုင်ငံရေးကာလကို ရောက်နေသည်။ တရုတ်ကွန်မြူနစ်ပါတီညီလာခံက ပြီးသွားပြီ။ အမေရိကန် နှစ်လယ် ရွေးကောက်ပွဲက လာနေသည်။

ထိုအချိန်တွင် တောင်ကိုရီးယား သည် နောက်ထပ် စစ်ရေးလေ့ကျင့်မှု အကျော့ကို ဆောင်ရွက်ရမည့် ကာလဖြစ်ကာ အမေရိကန်က ပူးပေါင်းပါဝင်လိမ့်မည်။ ထိုအခြေအနေသည် ကင်ဂျုံအန် ဖြစ်ချင်နေသည့် အနေအထားလည်း ဖြစ်ပေသည်။