မြိတ်အခြေခံရေလုပ်သားများ လုပ်ခလစာအနည်းငယ်တိုးလာ

0
3555

မြိတ်ခရိုင်အတွင်းရှိ အခြေခံရေလုပ်သားများ လုပ်ခလစာအနည်းငယ်တိုးလာကြောင်း ရေလုပ်သားများ ထံမှသိရသည်။

ပြီးခဲ့သည့်နှစ်က အခြေခံရေလုပ်သားတစ်ဦး တစ်လလုပ်ခလစာ ကျပ်နှစ်သိန်းခွဲရှိရာမှ လက်ရှိတွင် ကျပ်သုံးသိန်းသို့တိုးလာသည်ဟု ရေလုပ်သား များကပြောသည်။

“လခကတိုးလာတယ်ဆိုပေမယ့် ခုခေတ်ကုန်စျေးနှုန်းနဲ့ မလောက်ငဘူး။ တစ်နေ့တစ်နေ့ အလျဉ်မီအောင် မနည်းကိုချွေတာပြီး စားနေရတယ်”ဟု မြိတ်မြို့နေ၊အခြေခံရေလုပ်သား တစ်ဦး၏ အိမ်ရှင်မကပြောသည်။

ပြီးခဲ့သည့်နှစ်က လစာနှစ်သိန်းခွဲရပြီး ဆန်ကြမ်းတစ်ပြည် တစ်ထောင်ကျပ်ဖြင့်ဝယ်စားရကာ လက်ရှိအချိန်တွင် ဆန်ကြမ်းတစ်ပြည်ကို နှစ်ထောင့်နှစ်ရာကျပ်ဖြင့် ဝယ်စားနေရသည်။

ယင်းအပြင် အခြားသော အခြေခံစားသောက်ကုန်များလည်း အလားတူ နှစ်ဆသုံးဆဈေးတက်နေသဖြင့် ရသည့်လစာ တစ်ခုတည်းဖြင့် မလုံလောက်ဟု အိမ်ရှင်မတစ်ချို့ ကပြောသည်။

“အိမ်လခ၊မီးဖိုး ရေဖိုး ကရှိသေးတော့ အဲဒီဖိုးလေးရအောင် မုန့်ပဲသရေစာလုပ်ပြီး ရောင်းချနေရသေးတယ်’ဟု ရေလုပ်သား၏ ဇနီးဖြစ်သူ နောက်အိမ်ရှင်မက ပြောသည်။

အခြေခံရေလုပ်သားများအား လစာတိုးပေးလိုက်ခြင်းသည် ရေလုပ်ငန်းတွင်အမြတ်ပိုမိုရရှိ၍ တိုးပေးခြင်းမဟုတ်ဘဲ လုပ်ငန်းအရှံးပေါ်နေသည့်ကြားမှ စားဝတ်နေရေးဖူလုံအောင် တိုးပေးခဲ့ရကြောင်း ရေလုပ်ငန်းရှင်များ ကပြောသည်။

“ကုန်ဈေးနှုန်းကြီးလာတော့ တိုးပေးမှပဲရမယ်။ ကုမ္ပဏီအလိုက်တော့မတူဘူးပေါ့။ နှစ်သိန်းကနေ နှစ်သိန်းခွဲ တိုးပေးတာတွေလည်းရှိတယ်။ နဲနဲတော့ ကွဲလွဲမှုတွေရှိတယ်”ဟု ကမ်းဝေးငါးဖမ်းလှေလုပ်ငန်းရှင်တစ်ဦး ကပြောသည်။

မြိတ်ခရိုင်အတွင်း အဓိကအားထားနေရသည့် ငါးဖမ်းလုပ်ငန်းမှာ စက်သုံးဆီဈေးကြီးမြင့်ခြင်း၊ ငါးအရနည်းခြင်း၊ စားသောက်ကုန်စရိတ် ကြီးမြင့်ခြင်းကြောင့် ထက်ဝက်ခန့်သာ ပင်လယ်ပြင်လုပ်ငန်းခွင်သို့ သွားရောက် အလုပ်လုပ်နေရကြောင်း ရေလုပ်ငန်းရှင်များ ကပြောသည်။

“မလုပ်ဘဲနေရင်လည်း ရေလုပ်သားတွေက အလုပ်အကိုင်မရှိ စားဝတ်နေရေး အခက်အခဲဖြစ်ကြမယ်။ လှေရှင်ကတော့ တည်းပြီးတော့ ထွက်ပေးနေရတာပေါ့။ တစ်ခေါက်ရှံးလိုက် တစ်ခေါက်မြတ်လိုက်နဲ့။ ဆက်တိုက်ရှံးရင်တော့ နားမှရတော့မှာပေါ့”ဟု မြိတ်မြို့နေ၊ကမ်းဝေးငါးဖမ်းလုပ်ငန်းရှင် ကပြောသည်။

တနင်္သာရီတိုင်းအတွင်း ကမ်းဝေးငါးဖမ်းလှေ ၁၅၀၀ ကျော်ရှိပြီး လက်ရှိအချိန်တွင် အထွေထွေကုန်ကျစရိတ်များ ကြီးမြင့်နေခြင်းကြောင့် ထက်ဝက်ခန့်သာ လုပ်ငန်းလည်ပတ်လျက်ရှိသည့် အနေအထားရောက်နေကြောင်း မြိတ်ခရိုင်ငါးလုပ်ငန်းရှင်များအသင်း ထံမှသိရသည်။