ပိုနေသည့် မှတ်ပုံတင်၊ အိမ်ထောင်စုစာရင်း ပြင်ဆင်ရမည့် နောက်ဆုံးရက်ထုတ်ပြန်

0
4026
မဲပေးရန်စောင့်ဆိုင်းနေသူ တစ်ဦး

မှတ်ပုံတင်၊ ‌အိမ်ထောင်စုစာရင်း တစ်ခုထက်ပို‌ ကိုင်ဆောင်အသုံးပြုနေသူများ နိုဝင်ဘာလ ၁၅ ရက်နေ့ နောက်ဆုံးထားပြီး ပြင်ဆင်ရမည်ဖြစ်ကြောင်း စစ်ကောင်စီက ထုတ်ပြန်လိုက်သည်။

မှတ်ပုံတင်၊ အိမ်ထောင်စုစာရင်းများကို ကွန်ပျူတာစနစ်ဖြင့် မှတ်တမ်းတင်ထားပြီး ဖြစ်သောကြောင့် လူပုဂ္ဂိုလ် တစ်ဦးတည်းက မှတ်ပုံတင် အပိုကိုင်ဆောင်ထားခြင်း ရှိ မရှိ၊ အိမ်ထောင်စုစာရင်း တစ်ခုထက်ပို ထည့်သွင်းထားခြင်း ရှိ မရှိကို စိစစ်‌ စစ်ဆေးနိုင်နေပြီဟု စစ်ကောင်စီက ဆိုသည်။

အကယ်၍ လူပုဂ္ဂိုလ်တစ်ဦးတည်းက မှတ်ပုံတင်၊ အိမ်ထောင်စုစာရင်း တစ်ခုထက်ပို ကိုင်ဆောင် အသုံးပြုနေလျှင် သက်ဆိုင်ရာ မြို့နယ် လဝက ရုံးများတွင် သွားရောက် ပြင်ဆင်ရမည်ဖြစ်ကြောင်း ထုတ်ပြန်သည်။

သတ်မှတ်ရက်အတွင်း ပြင်ဆင်ခြင်းမရှိက တစ်ခုထက်ပိုကိုင်ဆောင်အသုံးပြုနေသည့် မှတ်ပုံတင်၊ အိမ်ထောင်စု စာရင်းများအနက် နောက်ဆုံးထုတ်ယူခဲ့သည့်တစ်ခုကိုသာ ကျွန်ပျူတာစနစ်ထဲတွင် ချန်ထားပြီး ကျန်အရာများအားလုံး ဖျက်သိမ်းပစ်မည်ဟု ထုတ်ပြန်ထားသည်။

ယင်းသို့ ဖျက်သိမ်းခံရပါ ဖျက်သိမ်းခံရသည့် မှတ်ပုံတင်နံပါတ်၊ အိမ်ထောင်စုရင်းတို့ဖြင့် ပြုလုပ်ထားသော စာချုပ် စာတန်းများ၊ အောင်လက်မှတ်၊ ဘွဲ့လက်မှတ်၊ နိုင်ငံကူးလက်မှတ်များ၊ ဘဏ်စာအုပ်များ စသည်တို့ အားလုံးပါ ပယ်ဖျက်ခံရမည်ဖြစ်ကြောင်း စစ်ကောင်စီက ဆိုသည်။

ယခင်ကမူ မှတ်ပုံတင်၊ အိမ်ထောင်စုစာရင်းပြင်ဆင်ရမည့်နောက်ဆုံးရက်မှာ နိုဝင်ဘာလ ၁ ရက်နေ့ဟု ထုတ်ပြန်ထားရမှ အချိန်နောက်ထပ်နှစ်ပတ် ထပ်တိုးပေးလိုက်ခြင်းဖြစ်သည်။

အိမ်၊ ခြံ စသည့် ပိုင်ဆိုင်မှုစာချုပ်စာတမ်းများ၊ အောင်လက်မှတ်များ၊ ဘဏ်စာအုပ်များ၊ တယ်လီဖုန်း ဆက်သွယ်ရေး ကိစ္စများနှင့် ဆက်စပ်ပတ်သတ်နေသဖြင့် ယင်းကဲ့သို့ အချိန် နှစ်ပတ်ထပ်တိုးပေးခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

တနင်္သာရီတိုင်းအတွင်းမူ ယင်းကိစ္စနှင့်ပတ်သတ်ပြီး သိသူအတော်နည်းပါးလျှက်ရှိနေဆဲဖြစ်သည်။

နှစ်ပေါင်း ၄၀ ခန့်အတွင်း တနင်္သာရီတိုင်းတွင် မှတ်‌ပုံတင်ထုတ်ပေးထားသူစုစုပေါင်း ၁၆ သိန်းနီးပါး (၁,၅၈၀,၀၀၀ ကျော်) ရှိကြောင်း တနင်္သာရီတိုင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန၏ စာရင်းအရ သိရသည်။