ထားဝယ်တွင် ကိုဗစ်ကာကွယ်ဆေး သာသနာ့ဗိမာန်တွင် လာရောက်ထိုးနိုင်

0
3799

ထားဝယ်တွင် ကိုဗစ်ကာကွယ်ဆေးထိုးလိုသူများသည် ထားဝယ်မြို့ အခွန်လွတ်ဈေးရှေ့မှ သာသနာ့ဗိမာန်တွင် လာရောက်ထိုးနိုင်ကြောင်း ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ယခုနှစ် အောက်တိုဘာလတွင် ကိုဗစ်-၁၉ ရောဂါဖြင့် သေဆုံးသူ ပြန်လည်များပြားလာနေပြီး သေဆုံးသူမှာ တစ်နေ့ တစ်ဦးမှ သုံးဦးအထိ နေ့စဉ်ရက်ဆက်ရှိနေသည်။

ကိုဗစ်ကြောင့် သေဆုံးသူများတွင် အသက် ၆၀ ကျော်မှ ၉၂ နှစ်အရွယ် သက်ကြီးရွယ်အိုများ၊ ရောဂါအခံရှိသူများ အပြင် ၆ လသားအရွယ် ကလေးငယ်တစ်ဦးနှင့် အသက် ၄နှစ်အရွယ် ကလေးငယ်တစ်ဦးတို့ပါ သေဆုံးခဲ့သည်။

ကိုဗစ်ကူးစက်မှုနှင့်အတူ သေဆုံးမှုများပါ တကျော့ပြန်ဖြစ်လာသဖြင့် ကိုဗစ်ကာကွယ်ဆေး လုံးဝ မထိုးရသေးသူများ၊ ကာကွယ်ဆေးအကြိမ်ရေ အပြည့်မထိုးထားသူများ၊ သက်ကြီးရွယ်အိုများ၊ ရောဂါအခံရှိသူများအနေဖြင့် ကိုဗစ် ကာကွယ်ဆေး အကြိမ်ပြည့်ထိုးထားသင့်ကြောင်း ထားဝယ်ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူက ပြောသည်။

“ကာကွယ်ဆေးထိုးလည်း ကူးတာပဲဆိုပေမယ့် ဘာပဲဖြစ်ဖြစ် သူများထက် ရောဂါပြင်းထန်မှုနှုန်းက သက်သာတယ်ပေါ့ နော်။ ကာကွယ်ဆေးထိုးထားရင်တော့ ကူးစက်မှုနှုန်းနဲ့ သေဆုံးမှုနှုန်းကို လျှော့ချနိုင်တာပေါ့” ဟု ၎င်းက ဆိုသည်။

လက်ရှိထိုးပေးနေသည့် ကာကွယ်ဆေးမှာ တရုတ်နိုင်ငံထုတ် ဆိုင်နိုဖန်း (Sinopharm) နှင့် ရန်ကိုဖန်းဖြစ်ပြီး ပထမဆုံး အကြိမ်နှင့် ဒုတိယအကြိမ်ကို လေးပတ်ခြားပြီးပါက တတိယအကြိမ်နှင့် စတုတ္ထအကြိမ်ကို ခြောက်လစီခြား ထိုးပေးနေကြောင်း အထက်ပါဌာနထံမှ သိရသည်။

ရောဂါအခံရှိသူများ၊ သက်ကြီးရွယ်အိုများနှင့် ကျောင်းပြင်ပရှိ အသက် ၅ နှစ်အထက် ကလေး၊ လူကြီးများအားလုံး ကိုဗစ်ကာကွယ်ဆေးကို အကြိမ်ပြည့်ထိုးထားသင့်ကြောင်း တာဝန်ရှိသူက ဆက်လက်ပြောဆိုသည်။

ယခုကာလတွင် ကိုဗစ်ကူးစက်မှုနှင့် သေဆုံးမှုများရှိနေသေးသဖြင့် ကျန်းမာရေးဝန်ကြီးဌာနက လမ်းညွှန်ထားသည့် စည်းကမ်းချက်များအတိုင်း နေထိုင်သင့်သည်ဟုလည်း ၎င်းက ပြောသည်။

ထားဝယ်မြို့၊ သာသနာ့ဗိမာန်တွင် တနင်္ဂနွေတစ်ရက်မှ လွဲ၍ ကိုဗစ်ကာကွယ်ဆေးကို နေ့တိုင်းထိုးပေးနေပြီး သက်ဆိုင်ရာမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနများတွင်လည်း သွားရောက်စုံစမ်းကာ ကာကွယ်ဆေး ထိုးနိုင်ကြောင်း ထားဝယ်ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

အောက်တိုဘာလ ၁ ရက်မှ ၂၇ ရက်နေ့အထိ တနင်္သာရီတိုင်းတွင် ကိုဗစ်ပိုးတွေ့သူ ၂၂၈ ဦးရှိသည့်အနက် သေဆုံးသူဦးရေမှာ ၁၂ ဦးရှိသည်။

မြန်မာနိုင်ငံတွင် ကိုဗစ်ကာကွယ်ဆေး လုံးဝ ထိုးနှံခြင်းမရှိသူနှင့် ကာကွယ်ဆေး အကြိမ်ပြည့်ထိုးမထားသူ ၉၀ ဒသမ ၄ ရာခိုင်နှုန်းရှိပြီး ကာကွယ်ဆေးအကြိမ်ပြည့်ထိုးနှံထားသူ ၉ ဒဿမ ၆ ရာခိုင်နှုန်းသာရှိသည်ဟု စစ်ကောင်စီ၏ ကျန်းမာရေးဝန်ကြီးဌာနက အောက်တိုဘာ ၁၈ ရက်စွဲဖြင့် ထုတ်ပြန်ထားသည်။