ခြေထောက်နှစ်ဖက်လုံးဆုံးရှုံးသွားသည့် မြန်မာလုပ်သားတစ်ဦး ထိုင်းဘတ် ၁၄သိန်း နစ်နာကြေးရ

0
4648

ထိုင်းနိုင်ငံ ချွန်ဘူရီခရိုင်တွင် ကားမတော်တဆမှုကြောင့် ခြေထောက်အစုံ ကားကြိတ်ခံရသဖြင့် ပေါင်အရင်းမှ ဖြတ်ထုတ်လိုက်ရသော မြန်မာအလုပ်သမားတစ်ဦးအတွက် လျော်ကြေးငွေ ဘတ် ၁၄ သိန်းရရှိကြောင်း အလုပ်သမားကူညီစောင့်ရှောက်ရေး AAC မဟာမိတ်အဖွဲ့ထံမှ သိရသည်။

ချွန်ဘူရီခရိုင် ဖိနပ်နီကွန်မြို့နယ်ရှိ ဖိနပ်စက်ရုံတွင် လုပ်ကိုင်ခဲ့သော မြန်မာအလုပ်သမားတစ်ဦးသည် ၂၀၂၁ ခုနှစ် မေလ ၅ ရက်တွင် အလုပ်မှ စက်ဘီးဖြင့် အိမ်ပြန်ချိန် ၁၈ ဘီးကားနှင့် ငြိပါသွားရာ ကားဖြင့်ကြိတ်မိသဖြင့် ခြေထောက် နှစ်ဖက်စလုံး ဖြတ်လိုက်ရခြင်းဖြစ်သည်။  

စက်ရုံပြင်ပတွင် ဖြစ်ပွားခဲ့သဖြင့် အလုပ်ရှင်မှ လုပ်ငန်းခွင်အတွင်းဖြစ်ပွားခြင်း မဟုတ်ဟုဆိုကာ တာဝန်ယူပေးခဲ့ခြင်း မရှိခဲ့ကြောင်း AAC ထံမှ သိရသည်။

မြန်မာအလုပ်သမားမှာ မပပဝင်းအမည်ရှိသူဖြစ်ပြီး ၂၀၂၀ ပြည့်နှစ်ကတည်းက နှစ်နိုင်ငံနားလည်မှုစာချွန်လွှာ MoU စာချုပ်ဖြင့် အဆိုပါစက်ရုံသို့ တရားဝင် လာရောက်လုပ်ကိုင်ခဲ့သူဖြစ်ကြောင်း ယင်းအဖွဲ့ထံမှ သိရသည်။

ကားကြိတ်မှုကြောင့် ဒဏ်ရာများကို ဆေးရုံတွင် ၄ လခန့်အထိ ထိုင်းလူမှုဖူလုံရေးအာမခံ (ပကန်စခွန်) စရိတ်ဖြင့် လချီကုသခဲ့ရကြောင်း AAC ထံမှ သိရသည်။

မြန်မာအလုပ်သမားသည် AAC မဟာမိတ်အဖွဲ့တစ်ဆင့် အကူညီတောင်းခံခဲ့သဖြင့် ပြင်ပရှေ့နေငှားကာ ကားသမား ကို တရားစွဲဆိုခဲ့ရပြီး နစ်နာကြေးရရှိသည်အထိ ရက် ၈၀ ကျော်ကြာ ညှိနှိုင်းခဲ့ရကြောင်း ယင်းအဖွဲ့ထံမှ သိရသည်။

ကားသမားက ၎င်းမှားယွင်းခဲ့သည်ဟု ဝန်ခံခဲ့သဖြင့် ၁၈ ဘီးတပ်ကားနှစ်တွဲအတွက် လျော်ကြေး ဘတ် ၁၀ သိန်းနှင့် လူမှုဖူလုံရေးအာမခံ ဘတ် ၄ သိန်း စုစုပေါင်း ၁၄ သိန်းကို မြန်မာအလုပ်သမားက ရရှိကြောင်း AAC မဟာမိတ်အဖွဲ့မှ ဒါရိုက်တာ ဦးလှခိုင်က ပြောသည်။

ယင်း လျော်ကြေးငွေကို အောက်တိုဘာလ ၁၉ ရက်နေ့တွင် ဘန်ကောက်ဘဏ်မှတစ်ဆင့် ရရှိခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။

“ကျွန်တော်တို့က ရဲစခန်းသွားပြီး အကူညီတောင်းတော့ ထိုင်းရဲတွေကလည်း ကလေးမလေးကို သနားပြီး ကူညီကြ ပါတယ်။ အစက ကားသမားက ငြင်းသေးတယ်။ အမှားဝန်မခံဘူး။ အဲဒီတော့ ကျွန်တော်တို့လည်း ရှေ့နေတွေနဲ့ ပြန်လိုက်ရတယ်။ တရားရုံးတက်မယ်လုပ်မှ ကားသမားက ဝန်ခံပြီးတော့ အာမခံအတိုင်းလျော်ပေးတာ။ တရားရုံးတက်တဲ့ အဆင့်ထိ မရောက်လိုက်ဘူး” ဟု ၎င်းက ပြောဆိုသည်။

ယခုလျော်ကြေး ရရှိခဲ့ပြီးနောက် မြန်မာအလုပ်သမားသည် ယမန်နေ့ အောက်တိုဘာလ ၂၇ ရက်နေ့တွင် မြန်မာနိုင်ငံသို့ ပြန်သွားပြီဖြစ်ကြောင်း ဦးလှခိုင်က ဆိုသည်။

အလုပ်သမားများသည် ယခုကဲ့သို့ ဖြစ်ရပ်မျိုးကြုံလာပါက ဆက်သွယ်ကာ ကူညီတောင်းခံနိုင်ပြီး နစ်နာကြေးရရှိရန် အတွက် အချိန်ကာလတစ်ခုအထိ စိတ်ရှည်စွာစောင့်ရန်လိုအပ်ကြောင်း ယင်းအဖွဲ့အစည်းထံမှ သိရသည်။