CDM များ နိုင်ငံကူးလက်မှတ် လျှောက်ခွင့်မရဟုဆို

0
3566

အာဏာဖီဆန်ရေးလှုပ်ရှားမှု CDM တွင် ပါဝင်ထားသည့် နိုင်ငံ့ဝန်ထမ်းများ နိုင်ငံကူးလက်မှတ် (Passport) လျှောက်ထားခွင့် မရဘဲ ကန့်သတ်ခံနေရကြောင်း ပွဲစားအချို့ထံမှ သိရသည်။

ပွဲစားမှတစ်ဆင့် နိုင်ငံကူးလက်မှတ် လျှောက်ထားပါက CDM ဝန်ထမ်း ဟုတ်၊ မဟုတ် ဦးစွာမေးလေ့ရှိပြီး CDM ဝန်ထမ်းဆိုပါက လက်ခံလေ့မရှိကြောင်း ထားဝယ်မြို့ခံ ပွဲစားတစ်ဦးက ပြောသည်။

“ပုဂ္ဂလိက လုပ်ငန်းကနေပြီး CDM လုပ်ထားတဲ့သူဆိုရင်တော့ ဘာမှမဖြစ်ဘူး။ အစိုးရဝန်ထမ်း CDM ဆိုရင်တော့ မှတ်ပုံတင်နံပတ် ရိုက်ထည့်လိုက်တာနဲ့ ကွန်ပျူတာမှာ တန်းပေါ်တာ။ အဲဒါကြောင့် လက်မခံဘူး” ဟု ထားဝယ်မြို့ခံ ပွဲစားတစ်ဦးက ဆိုသည်။

နိုင်ငံ့ဝန်ထမ်းများသည် နိုင်ငံကူးလက်မှတ် လျှောက်ထားရန်အတွက် ကန့်သတ်ချက်တစ်ခုရှိသည်။

၎င်းအချက်မှာ နိုင်ငံ့ဝန်ထမ်းတစ်ဦးဦးက နိုင်ငံကူးလက်မှတ်လျှောက်ထားမည်ဆိုပါက မိမိဌာနသို့ တင်ပြရပြီး သက်ဆိုင်ရာ ဌာနအကြီးအကဲ ခွင့်ပြုချက်ရမှသာ လျှောက်ထားခွင့်ရရှိသည်။ ခွင့်ပြုချက်မရက လျှောက်ထားခွင့်မရှိပေ။

ယင်းကန့်သတ်ချက်မှာ အာဏာမသိမ်းခင်ကတည်းက သတ်မှတ်ထားသည့် စည်းကမ်းသတ်မှတ်ချက်တစ်ခုဖြစ်သည်။

ယင်းအတွက်ကြောင့် ဝန်ထမ်းအများစုတွင် နိုင်ငံကူးလက်မှတ် မရှိကြပေ။

စစ်တပ်အာဏာသိမ်ပြီးနောက်ပိုင်း နိုင်ငံတဝှမ်း ဝန်ထမ်းအမြောက်အများ အာဏာဖီဆန်ရေးလှုပ်ရှားမှု CDM ဝင်ခဲ့ကြသည်။

တနင်္သာရီတိုင်းတွင်လည်း ဝန်ထမ်းအများအပြား CDM တွင် ပါဝင်ခဲ့ကြပြီး လက်ရှိအချိန်အထိ တိုင်းအတွင်း CDM ဝန်ထမ်း သောင်းဂဏန်းအထိ ရှိနေဆဲဖြစ်သည်။

နောက်ပိုင်းတွင် CDM ဝန်ထမ်းများ မကြာခဏ ဖမ်းဆီးခံလာရသဖြင့် လုံခြုံရေးအရ စိုးရိမ်မှု၊ ဝင်ငွေမရှိဖြစ်လာပြီး စားဝတ်နေရေးခက်ခဲလာမှုကြောင့်ပါ အိမ်နီးချင်းနိုင်ငံများသို့ ထွက်ခွာသွားသူများ ရှိလာသည်။

တရားဝင် ပြည်ပထွက်ခွာ အလုပ်လုပ်ရန်မှာ နိုင်ငံကူးလက်မှတ်လိုအပ်မည်ဖြစ်သည်။ သို့သော် ဝန်ထမ်းအများစုတွင် နိုင်ငံကူးလက်မှတ် မရှိကြသဖြင့် တရားဝင်ပြည်ပထွက်ခွာရန် အခက်အခဲရှိသည်။

ယင်းအတွက်ကြောင့် တိုင်းအတွင်းရှိ CDM အများစုမှာ အောက်လမ်းဟုခေါ်သည့် တရားမဝင်နယ်စပ်ဖြတ်ကျော်ပြီး အိမ်နီးနိုင်ငံများသို့ ခက်ခက်ခဲခဲဖြင့် ထွက်ခွာခဲ့ကြရသည်။

ယင်းသို့ထွက်ခွာရာတွင် ဖမ်းဆီးခံရသူများလည်း ရှိသည်။ ပြီးခဲ့သည့် စက်တင်ဘာလထဲမှာပင် CDM ဝန်ထမ်းအချို့ ထိုင်းရဲတပ်ဖွဲ့ဝတ်စုံဝတ်ဆင်လျှက်သား ထိုင်းနိုင်ငံ ရနောင်းမြို့တွင် ဖမ်းဆီးခံခဲ့ရကြောင်း ထိုင်းသတင်းဌာနတစ်ခုတွင် ဖော်ပြသွားခဲ့သည်။

ပြည်တွင်းမှာ နေရင်းလည်း မလုံခြုံသလို မကြာခဏ ဖမ်းဆီးခံနေရသည့်သတင်းများကြောင့် တရားမဝင် ပြည်ပ ထွက်ခွာ အလုပ်လုပ်ရန်လည်း မသွားရဲကြောင်း ထားဝယ်ဒေသခံ CDM ဝန်ထမ်းတစ်ဦးကဆိုသည်။

“အောက်လမ်းကနေ သွားရတာ အဖမ်းခံရရင်မလွယ်ဘူး။ လူလည်းဒုက္ခဖြစ်၊ ပိုက်ဆံလည်းကုန်၊ အချိန်လည်း ဆုံးသေးတယ်။ ဒီမှာ (ပြည်တွင်းမှာ) နေရတာကလည်း မလုံခြုံဘူး။ အပေါ်လမ်းဆိုရင်တော့ သွားအဖမ်းခံတာနဲ့ အတူတူပဲဖြစ်မှာ” ဟု ၎င်းက ပြောသည်။

တိုင်းအတွင်းမှ နိုင်ငံကူးလက်မှတ်ရှိပြီးသား CDM ဝန်ထမ်းအချို့က တရားဝင်ပြည်ပထွက်ခွာစဉ် ရန်ကုန်လေဆိပ်၌ ဖမ်းဆီးခံရသည့် ဖြစ်စဉ်လည်းရှိသည်။