သရက်ချောင်း ပိတောက်ငယ်ရွာတံတားပေါ်မှ စစ်ကားတစ်စီးပြုတ်ကျ၊ နှစ်ဦးသေပြီး ခုနစ်ဦးဒဏ်ရာရ

0
4736

သရက်ချောင်းမြို့နယ် ၅၈ မိုင်ရှိ ပိတောင်ငယ်ရွာတံတားပေါ်မှ စစ်ကောင်စီတပ်ကားတစ်စီး ပြုတ်ကျမှုကြောင့် စစ်သား နှစ်ဦးသေဆုံးပြီး ခုနစ်ဦးဒဏ်ရာရရှိကြောင်း ဒေသခံအချို့က ပြောသည်။

ယနေ့ အောက်တိုဘာလ ၂၈ ရက် နံနက် ၇ နာရီခန့်တွင် ထားဝယ်ဘက်မှ ပုလောဘက်သို့ မောင်းနှင်လာသည့် စစ်ကောင်စီတပ် ယာဉ်တန်း ခြောက်စီးအနက် တစ်စီးမှာ ပိတောက်ငယ်တံတားကို ဖြတ်ရာ အရှိန်မထိန်းနိုင်ဘဲ တံတားပေါ်မှ ကားတစ်စီးလုံးပြုတ်ကျကြောင်း ဒေသခံအချို့က ဆိုသည်။

အဆိုပါ ကားပြုတ်ကျမှုတွင် နှစ်ဦးသေဆုံးပြီး အရာရှိနှစ်ဦး အပါအဝင် ခုနစ်ဦး ထိခိုက်ဒဏ်ရာရသည်ဟု ကြားသိရကြောင်း မျက်မြင်တွေ့သူ ဒေသခံရွာသားတစ်ဦးက ပြောဆိုသည်။

သေဆုံးသူ စစ်သားနှစ်ဦး၏ ရာထူးများကိုမူ မသိဟု ၎င်းက ပြောသည်။

“ကားထဲမှာ လူတစ်ဆယ်ကျော်လောက်ပါတယ်။ သူ့တစ်စီးတည်း အောက်ကိုကျတာ။ တံတားကလေ နည်းနည်း ဝိုက်ပြီးမောင်းရတယ်။ ကွေ့ရတဲ့အချိန်မှာ သူက အရှိန်နဲ့တက်တော့ အရှိန်မထိန်းနိုင်ဘဲ အောက်ကိုပြုတ်ကျတာ” ဟု ဒေသခံရွာသားတစ်ဦးက ဆိုသည်။

တံတားမှာ အနည်းငယ်ကွေ့ကောက်သဖြင့် အရှိန်ဖြင့်မောင်းနှင်၍ မရဘဲ အရှိန်လျှော့ပြီးမှသာ တံတားကို ဖြတ်မောင်း၍ ရသည်ဟု ဒေသခံတို့က ပြောဆိုသည်။

သေဆုံးသူနှင့် ဒဏ်ရာရသူ စစ်သားများကို ပုလောဘက်သို့ သယ်ဆောင်သွားကြောင်း ဒေသခံအချို့က ပြောသည်။