ထားဝယ်တွင် ဓနိသကြားဈေးကောင်းရ

0
3859

ထားဝယ်တွင် ယခုနှစ် ဓနိသကြားဈေးကောင်းရနေကြောင်း ယင်းလုပ်ငန်းလုပ်ကိုင်သူများထံမှ သိရသည်။

ပြီးခဲ့သည့်နှစ်က ဓနိသကြားကော်ပုံးဝါတစ်ပုံးကို တစ်သောင်းရှစ်ထောင်ကျပ်အထိ အမြင့်ဆုံးဈေးရခဲ့သော်လည်း ယခုနှစ်တွင် တစ်ပုံးကို ကျပ်နှစ်သောင်းနှင့် နှစ်သောင်းနှစ်ထောင်ကျပ်အထိ ဈေးရလာကြောင်း လောင်းလုံးမြို့နယ်က ယင်းလုပ်ငန်းလုပ်ကိုင်သူ အမျိုးသမီးတစ်ဦးက ပြောသည်။

“ဒီနှစ်ကတော့ ဈေးပိုရလာတာပေါ့။ လုပ်ရကိုင်ရတာလည်း အဆင်ပြေလာပါတယ်” ဟု ၎င်းက ဆိုသည်။

သို့သော် ကုန်ဈေးနှုန်းကြီးမြင့်နေမှုကြောင့်မူ စားဝတ်နေရေး မပြေလည်ကြောင်း ဓနိသကြား လုပ်ကိုင်သူများက ပြောသည်။

လွန်ခဲ့သည့် သုံးနှစ်ဝန်းကျင်အထိ ဓနိသကြားဈေးမှာ တစ်သောင်းအောက်တွင် ရှိနေပြီး ယခုနှစ်တွင်မူ နယ်ဒေသ အထိပါ ဆင်းဝယ်ယူသူများရှိလာကာ ရှေ့ကမ်း (ထားဝယ်မြစ် အရှေ့ဖက်ကမ်း သရက်ချောင်းနယ်) ဖက်ကပါ လာရောက်၍ ရောင်းချလာကြကြောင်း ယင်းလုပ်ငန်းလုပ်ကိုင်သူ အခြားအမျိုးသမီးတစ်ဦးက ပြောဆိုသည်။

“တစ်ဆင့်ခံဝယ်ပေးသူက တစ်လုံးကိုငါးရာရတယ်။ ဝယ်စုပေးထားရတာပေါ့နော်။ သူတို့လိုချင်တဲ့ အရေအတွက်ရရင် ကားနဲ့ လာသယ်ကြတယ်” ဟု ၎င်းက ဆိုသည်။

ဓနိသကြားကို ထားဝယ်မြစ်၏ မြစ်လယ်ကျွန်းများတွင် အဓိကထုတ်လုပ်ကြသည်။

ယမန်နှစ် စက်တင်ဘာလ ၂၈ ရက်မှ ၃၀ ရက်အထိ စစ်ကောင်စီတပ်က အဆိုပါကျွန်းများပေါ် အမြောက်ပစ်ခတ် လေ့ကျင့်မှုများကြောင့် ဓနိလုပ်ငန်းလုပ်ကိုင်သည့် ဒေသခံများ လုပ်ငန်းခွင်များကို စွန့်၍ ထွက်ပြေးခဲ့ရဖူးသည်။

ယခုနှစ်တွင် ယင်းကျွန်းများပေါ်တွင် ပြန်လည်လုပ်ကိုင်ခွင့်ရလာကြသော်လည်း လူငယ်များမှာ ဝင်ငွေနည်းပြီး ကုန်ဈေးနှုန်းကြီး မြင့်မှုဒဏ်ကြောင့် ပြည်ပထွက်ခွာသွားကြသည့်အတွက် ဓနိသကြားထုတ်လုပ်သူများ နည်းပါး လာကြောင်း ယင်းလုပ်ငန်းလုပ်ကိုင်သူများထံမှသိရသည်။

ထားဝယ်ဒေသထွက် ဓနိသကြားကို နယ်စပ်မှတစ်ဆင့် ထိုင်းနိုင်ငံအထိပါတင်ပို့ရောင်ချကြပြီး ဒေသခံအများစုမှာ ရိုးရာ အရက်ချက်လုပ်ငန်းများနှင့် မုန့်လုပ်ငန်းများတွင် အများဆုံးအသုံးပြုကြကာ ဟင်းချက်ရာတွင်လည်း ထည့်သွင်း အသုံးပြုလေ့ ရှိသည်။