ပုလော ကဒဲရွာတွင် လက်နက်ကြီးကျည်စ ထိမှန်ပြီး ရွာသားတစ်ဦး ဒဏ်ရာရ

0
4337

မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ ကဒဲကျေးရွာတွင် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲသဖြင့် ရွာသားတစ်ဦး ဒဏ်ရာရရှိသွားကြောင်း ဒေသခံများထံမှ သိရသည်။

အောက်တိုဘာလ ၂၄ ရက်ည ၉ နာရီဝန်းကျင်တွင် ကဒဲကျေးရွာထိပ်သို့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့ပြီး ရွာသားတစ်ဦး ခြေသလုံးထိမှန်သွားကြောင်း ဒေသခံများက ပြောသည်။

“နာမည်က ကရင်အိုလို့ ခေါ်တယ်။ ခြေသလုံးကြွက်သားမှာထိပြီး အသားကြေသွားတယ်။ အရိုးတော့ ထိခိုက်မှုမရှိဘူးလို့ သိရတယ်” ဟု ဒေသခံအမျိုးသားတစ်ဦးက ဆိုသည်။

ကဒဲကျေးရွာတွင် ရွာသားအများစုနေထိုင်ခြင်းမရှိသည်မှာ လအတန်ကြာပြီဖြစ်သော်လည်း ဥယျာဉ်ခြံစောင့်အဖြစ် နေထိုင်နေကြသူအချို့လည်း နေထိုင်နေသေးကြောင်း ဒေသခံများက ပြောပြသည်။

“လက်နက်ကြီးက တစ်ချက်ပစ်ရင် နှစ်လုံးတွဲ၊ နှစ်လုံးတွဲနှင့် ခြောက်လုံးပစ်ခဲ့တယ်။ ရွာထိပ်မှာပဲ ကျတာ” ဟု ဒေသခံနောက်တစ်ဦးက ပြောသည်။

လက်နက်ကြီးဖြင့် မပစ်ခတ်ခင် နှစ်နာရီခန့်က ဇရပ်ဆိပ်ကျေးရွာရှိ ရပ်ကျေးအုပ်ချုပ်ရေးမှူးရုံးနှင့် ပျူစောထီးခေါင်းဆောင် နေအိမ်တို့ ဗုံးခွဲ၊ မီးရှို့ခံခဲ့ရကြောင်း ဒေသခံတို့ထံမှ သိရသည်။

ယင်းနောက် ကဒဲရွာဖက်သို့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့ခြင်းဖြစ်ကြောင်း ၎င်းတို့က ပြောသည်။

ကဒဲ၊ ပဝတ်ကုန်း၊ သင်္ကန်းတော စသော ကျေးရွာများရှိ ရွာသားများ ထွက်ပြေးတိမ်းရှောင်နေသည်မှာ လအတန်ကြာပြီ ဖြစ်သော်လည်း ယင်းအနီးအနားရှိ မင်းထိန်ကျေးရွာတွင်မူ ရွာသားများ ပုံမှန်နေထိုင်နေကြ ဆဲဖြစ်ကြောင်း ဒေသခံများက ဆိုသည်။

ထို့ကြောင့် ရွာအတွင်းသို့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမည်ကို စိုးရိမ်လျှက်ရှိကြောင်း ၎င်းတို့က ပြောဆိုသည်။

“ရွာအပြင်ဖက်တော့ မကြာမကြာ လာကျတာမျိုးရှိတယ်။ ရွာထဲတော့ မကျသေးဘူး။ ဒါပေမဲ့ ဘယ်အခါလာကျမလဲ စိုးရိမ်နေကြတာပေါ့” ဟု မင်းထိန်ရွာနေ အမျိုးသားတစ်ဦးက ပြောသည်။

ပုလောအရှေ့ဖျားရွာများတွင်လည်း တိုက်ပွဲဖြစ်စဉ်အတွင်း ပုလောစစ်ကောင်စီတပ်မှ လက်နက်ကြီးဖြင့် မကြာခဏ ပစ်လေ့ရှိပြီး လူနေအိမ်နှင့် အရပ်သားအချို့ ထိခိုက်သေဆုံးမှုများလည်း ရှိခဲ့ကြောင်း ဒေသခံများ၏ ပြောဆိုချက်အရ သိရသည်။