ထားဝယ်တွင် စားအုန်းဆီဈေးပြန်တက်

0
3780

စားအုန်းဆီဈေးနှုန်း တစ်ပုံး ကျပ်ခြောက်သောင်းကျော်အထိ ကျဆင်းခဲ့ရာမှ အောက်တိုဘာလ တတိယအပတ်မှစပြီး ကျပ်ခုနစ်သောင်းကျော်အထိ ပြန်တက်လာကြောင်း ယင်းဈေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။

စက်တင်ဘာလ ပထမအပတ်က ထားဝယ်ဈေးကွက်တွင် စားအုန်းဆီ ဆယ်ပိဿာဝင် ကော်ပုံးဝါတစ်ပုံးကို ကျပ်တစ်သိန်းငါးထောင်အထိ အမြင့်ဆုံးဈေးတက်ခဲ့ပြီးနောက် တဖြေးဖြေး ပြန်လည်ကျဆင်းလာခဲ့ကြောင်း ဈေးကွက်အတွင်းမှ သိရသည်။

ယင်းနောက် အနိမ့်ဆုံးဈေး ကျပ်ခြောက်သောင်းလေးထောင်ခန့်အထိ ကျဆင်းခဲ့ပြီး အောက်တိုဘာလ တတိယအပတ်တွင် ကျပ် ခုနစ်သောင်းလေးထောင်ကျော်အထိ ဈေးပြန်တက်လာခြင်းဖြစ်ကြောင်း ဈေးကွက်အတွင်းမှ သိရသည်။

စားအုန်းဆီမှာ ပြည်ပမှတင်သွင်းရပြီး လက်ရှိပြည်တွင်းဖြစ်ပေါ်နေသော ပဋိပက္ခများကြောင့် လမ်းကြောင်း ပိတ်ဆို့ ခြင်းနှင့် မြန်မာငွေ တန်ဖိုးမတည် ငြိမ်မှုတို့ကြောင့် ဈေးပြန်တက်လာခြင်းဖြစ်ကြောင်း ထားဝယ်မြို့ရှိ စားသုံးကုန် အမျိုးမျိုး လက်ကားဖြန့်ဝေရောင်းချသူ အမျိုးသမီးတစ်ဦးက ပြောသည်။

“အဓိကက တိုက်ပွဲတွေကြောင့် လမ်းပိတ်တာရယ်၊ ငွေကြေးမတည်ငြိမ်တာရယ် အဲဒါကြောင့်ပါ” ဟု ၎င်းက ဆိုသည်။

တိုင်းအတွင်းသို့ စားအုန်းဆီ အဓိကတင်သွင်းသည့် ထိုင်း-မြန်မာနယ်စပ် မြဝတီ ဒေါတောင်ကျော်လမ်းမှာလည်း အောက်တိုဘာလ ၁၈ ရက်နေ့က တိုက်ပွဲများကြောင့် နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းမှာ ငါးရက်အကြာ ရပ်ဆိုင်းခဲ့ပြီး အောက်တိုဘာ ၂၂ ရက်နေ့တွင် ပြန်လည်ဖွင့်လှစ်ပေးခဲ့သည်။

နိုင်ငံတကာ ငွေကြေးခဝါချမှုဆိုင်ရာ စောင့်ကြည့်အရေးယူရေးအဖွဲ့ FATF (Financial Action Task Force) က မြန်မာနိုင်ငံကို အမည်ပျက်စာရင်းကြေညာပြီးနောက် တိုင်းအတွင်း အပါအဝင် ပြည်တွင်းတွင် စားအုန်းဆီ အပါဝင် စားသုံးကုန် ပစ္စည်းများမှာလည်း ဈေးတက်သွားခဲ့သည်။

ထားဝယ်တွင် စားအုန်းဆီကိုမူ ဟင်းချက်ပြုတ်ရာတွင် အသုံးပြုကြသလို လက်ဖက်ရည်ဆိုင်နှင့် မုန့်ကြော်သည့် လုပ်ငန်းများတွင် အများဆုံး အသုံးပြုကြ ကြောင်းလည် သိရသည်။

ထားဝယ်မြို့ရှိ လက်ဖက်ရည်ဆိုင် လုပ်ငန်းလုပ်ကိုင်သူအများစုမှာ ဆီဈေးအပြင် အခြား နို့ဆီ၊ သကြား စသည့် ပစ္စည်း ဈေးနှုန်းများ မြင့်တက်လာသောကြောင့် အမြတ်နည်းကာ တွက်ခြေမကိုက်ဖြစ်လာကြောင်း ထားဝယ်မြို့က လက်ဖက်ရည်ဆိုင်ရှင် အမျိုးသားတစ်ဦးက ပြောသည်။

အဆိုပါပစ္စည်းဈေးနှုန်းများ ဆက်လက်မြင့်တက်လာမည်ကို စိုးရိမ်နေကြောင်း ၎င်းက ဆိုသည်။

“အတက်ဈေးနဲ့ လုပ်ရတာ ဘယ်သူအတွက်မှ အဆင်မပြေဘူး။ အမြတ်နည်းပေမယ့် ကိုယ်တစ်ယောက်တည်း ခံနေရတာမဟုတ်တော့လည်း ဒီလိုပဲ အဆင်ပြေသလို လုပ်ရတာပေါ့” ဟု အထက်ပါအမျိုးသမီးက ပြောဆိုသည်။

ငွေကြေးခဝါချမှုတိုက်ဖျက်ရေး စံနှုန်းများကို လိုက်နာခြင်းမရှိဟုဆိုကာ မြန်မာနိုင်ငံအား FATF (Financial Action Task Force) က အမည်ပျက်စာရင်းသွင်းပြီးတဲ့နောက် ၂၄ နာရီ မပြည့်ခင်မှာပင် ရန်ကုန်ဈေးကွက်တွင် စားအုန်းဆီဈေး တက်သွားပြီး တိုင်းအတွင်းလည်း ဈေးလိုက်ပါတက်ခဲ့သည်။