သမ္မတဘိုင်ဒင်နှင့် ဗြိတိန်ဝန်ကြီးချုပ်သစ်တို့ ပထမဆုံးအကြိမ်ဆွေးနွေး၊ တရုတ်ကို ရင်ဆိုင်ကြရန် သဘောတူ

0
3436

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်နှင့် ဗြိတိန်ဝန်ကြီးချုပ်သစ် ရီရှီဆူနက်ခ် တို့ အင်္ဂါနေ့က နာရီအတန်ကြာ ဆွေးနွေးခဲ့ကြပြီးနောက်  ယူကရိန်းကို ဆက်လက်ထောက်ပံ့ရန် နှင့် တရုတ်ကို ရင်ဆိုင်ကြရန် သဘောတူခဲ့ကြောင်း အိမ်ဖြူတော်က ထုတ်ပြန်ထားသည်။

ဝန်ကြီးချုပ် လစ်ဇ်ထရပ်စ် (၄၉) ရက်ကြာ ရာထူးရယူပြီး နူတ်ထွက်ခဲ့ပြီးနောက် ဗြိတိန်၏ ဝန်ကြီးချုပ် ဖြစ်လာသူ ရီရှီဆူနက်ခ် သည် စီးပွါးရေးအကျပ်အတည်းကိုပါ ဖြေရှင်းရန် လက်ခံရရှိပြီးနောက် အမေရိကန်သမ္မတနှင့် ပထမဆုံးအကြိမ် ဆွေးနွေးစကားပြောခဲ့ခြင်း ဖြစ်သည်။

ခေါင်းဆောင်နှစ်ဦး ဆက်သွယ် တွေ့ဆုံခဲ့ကြပြီး နှစ်နိုင်ငံ၏ အထူးဆက်ဆံရေးကို ထပ်လောင်း အတည်ပြုခဲ့ကြသည်ဟု ထုတ်ပြန်ထားသည်။

ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေး နှင့် ကြွယ်ဝဖူလုံရေးအတွက် အတူတကွပူးပေါင်းကာ ရှေ့တိုး ဆောင်ရွက်ကြမည် ဖြစ်ကြောင်းလည်း ကတိပြုခဲ့ကြသည်ဟု အိမ်ဖြူတော်က ထုတ်ပြန်ထားသည်။

“ယူကရိန်းကို ထောက်ပံ့ရန် နှင့် ရုရှား၏ ရန်လိုမှုအတွက် တာဝန်ခံရစေရန်အတွက် အတူတကွ ပူးပေါင်း ဆောင်ရွက်ကြရန် ခေါင်းဆောင်များ သဘောတူညီခဲ့သည်” ဟု ကြေညာချက်က ဖော်ပြထားသည်။

ထို့ပြင် ဘိုင်ဒင်နှင့် ဆူနက်ခ် တို့သည် တရုတ်၏ စိမ်ခေါ်မှုများအရေးကိုလည်း ကိုင်တွယ်ရန် ပြောဆိုခဲ့ကြကာ ကမ္ဘာ့ဇာတ်ခုံတွင် တရုတ်သည် ပထဝီနိုင်ငံရေးနှင့် စီးပွါးရေးတို့၌ အဓိက ပြိုင်ဘက်တစ်ရပ်ဖြစ်သည်ဟု အမေရိကန်က သုံးနူန်းထားသည်။

မစ္စတာ ဆူနက်ခ် သည် ဗြိတိန်သမိုင်းတွင် လူဖြူမဟုတ်သော ပထမဆုံး ဝန်ကြီးချုပ်ဖြစ်ကာ၊ အသက်အငယ်ဆုံးလည်း ဖြစ်သည်။