မြိတ်တွင် ကိုဗစ်ဖြင့် အမျိုးသမီးတစ်ဦးထပ်မံသေဆုံး

0
4769

မြိတ်မြို့တွင် ယနေ့ (အောက်တိုဘာ ၂၅) အသက် ၇၆နှစ်အရွယ် အမျိုးသမီးတစ်ဦးသည် ကိုဗစ်ရောဂါဖြင့် သေဆုံး သွားသဖြင့် ယခုလအတွင်း ကိုဗစ်ဖြင့် သေဆုံးသူ သုံးဦးအထိရှိလာပြီဖြစ်ကြောင်း နာရေးကူညီမှုအသင်းတို့မှ သိရသည်။

အောက်တိုဘာလ ၆ ရက်နေ့မှ ၂၅ ရက်နေ့အထိ ကိုဗစ်ရောဂါဖြင့် သေဆုံးသူ ၃ ဦးရှိပြီဖြစ်ကြောင်း ၎င်းတို့ထံမှ သိရသည်။

အောက်တိုဘာလ ၆ ရက်နေ့က မြိတ်ပြည်သူ့ဆေးရုံကြီးရှိ ကိုဗစ်ကုသရေးဆောင်တွင် ဆေးဝါးကုသမှုခံယူနေသည့် သက်ကြီးရဟန်းတစ်ပါးနှင့် အောက်တိုဘာလ ၂၁ ရက်နေ့က ကိုးလသားအရွယ် ကလေးငယ်တစ်ဦးတို့ သေဆုံးခဲ့ သည်။

ယနေ့ အောက်တိုဘာလ ၂‌၅ ရက်တွင် ပုဂ္ဂလိကဆေးရုံတစ်ခုဖြစ်သည့် ဒက္ခိဏဒီပါဆေးရုံတွင် အသက် ၇၆ နှစ်ရှိ အမျိုးသမီးတစ်ဦးသည် ကိုဗစ်ရောဂါဖြင့် ထပ်မံသေဆုံးခဲ့ရကြောင်း ၎င်းတို့အား ကူညီဆောင်ရွက်ပေးနေသည့် နာရေးကူညီမှုအသင်းတစ်သင်းမှ အဖွဲ့ဝင်တစ်ဦးက ပြောပြသည်။

မြိတ်မြို့တွင် ယခုလအစမှ အောက်တိုဘာလ၂၄ ရက်နေ့အထိ ကိုဗစ်ပိုးတွေ့ရှိသူ ၃၉ ဦးရှိကြောင်း တိုင်းကျန်းမာရေးဌာန၏ ထုတ်ပြန်ထားသည့် စာရင်းတွင် ဖော်ပြထားသည်။

ယင်းကဲ့သို့ ကိုဗစ်ပိုးတွေ့သူများလာပြီး သေဆုံးသူသုံးဦးအထိရှိခဲ့သော်လည်း လူစုလူဝေးဖြင့်ပြုလုပ်ကြသည့် အလှူပွဲ၊ မင်္ဂလာပွဲ၊ ကထိန်ပွဲ စသည်တို့အား ကျင်းပပြုလုပ်နေကြဆဲဖြစ်သည်။

သေဆုံးသူတို့အား ကလွင်သုသာန်တွင် မီးသင်္ဂြိုဟ်ပေးခဲ့ကြောင်း နာရေးကူညီအသင်းတို့မှ သိရသည်။