ပုလော ဇရပ်ဆိပ်ရွာရပ်ကျေးရုံးနှင့် ပျူစောထီးခေါင်းဆောင်နေအိမ် ဗုံးခွဲမီးရှို့ခံရ

0
3754

မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ ဇရပ်ဆိပ်ရွာ ရပ်ကျေးအုပ်ချုပ်ရေးမှူးရုံးနှင့် ပျူစောထီးခေါင်းဆောင်နေအိမ် ဗုံးခွဲမီးရှို့ခံရကြောင်း ဒေသခံများထံမှ သိရသည်။

အောက်တိုဘာလ ၂၄ရက် ည ၆ နာရီခွဲဝန်းကျင်တွင် ဗုံးခွဲခံရပြီး ရုံးမှာ ပျက်စီးသွားကာ ပျူစောထီးခေါင်းဆောင် နေအိမ်သည်လည်း မီးရှို့ခံရကြောင်း ဒေသခံများက ပြောသည်။

“ရုံးကိုဗုံးခွဲပြီး အိမ်တစ်ဆောင်ကို မီးတိုက် (ရှို့) သွားတယ်။ (ရုံး) ဘေးတစ်ဖက်တစ်ချက်မှာရှိတဲ့ အိမ်နှစ်လုံးလည်း (ဗုံးဆန်) ထိသွားသေးတယ်” ဟု ဒေသခံအမျိုးသားတစ်ဦးက ဆိုသည်။

မည်သည့်အဖွဲ့မှ လာရောက်ဗုံးခွဲ မီးရှို့သွားသည်ကို တိတိကျကျမသိရသော်လည်း ယင်းအဖွဲ့ ရွာအတွင်းသို့ မရောက်မီ မိနစ်ပိုင်းအလိုတွင် အုပ်ချုပ်ရေးမှူး အပါအဝင် ပျူစောထီးများက ရွာမှ ထွက်ပြေးသွားကြကြောင်း ဒေသခံများက ပြောဆိုသည်။

“သတင်းကြိုရလိုက်တယ် ထင်တယ်။ သူတို့အုပ်စုက ပလ (မြို့နယ်ခွဲ) ဘက်ကို ဆင်းပြေးသွားကြတယ်” ဟု ဒေသခံနောက်တစ်ဦးက ပြောသည်။

ယင်းဖြစ်စဉ်ဖြစ်ပြီးနောက် နာရီအနည်းငယ်အကြာတွင် ပုလောတပ်ရင်းမှ လက်နက်ကြီးများဖြင့် ပစ်ခတ်သံများ ကြားရပြီး ဇရပ်ဆိရွာအနီးဝန်းကျင်က ကဒဲကျေးရွာအနီးတွင် လက်နက်ကြီးကျည်များ ကျရောက် ပေါက်ကွဲကြောင်း ဒေသခံများက ဆိုသည်။

ပြီးခဲ့သည့် အောက်တိုဘာလ ၁၇ ရက်နေ့ကလည်း ပဝတ်ကုန်းကျေးရွာရှိ စစ်မှုထမ်းဟောင်းတစ်ဦးဖြစ်သူ ဆရာမှတ်၏ နေအိမ် ဗုံးခွဲခံရပြီး အောက်တိုဘာလ ၂၀ ရက်နေ့တွင်လည်း ယင်းကျေးရွာရှိ ပျူစောထီးအဖွဲ့ဝင် ဦးမျိုးတင့်၏ နေအိမ် ဗုံးခွဲခံရသေးသည်။

ယင်းအိမ်နှစ်ခုစလုံးမှာ တစ်ထပ်တိုက်များဖြစ်ကြကြောင်း ဒေသခံများထံမှ သိရသည်။

ပုလောမြို့နယ်တွင် ယခုလအတွင်း နှစ်ဖက်တိုက်ပွဲပြင်းပြင်းထန်ထန် မရှိခဲ့သော်လည်း စစ်ယာဉ်တန်း၊ တံတား၊ ပျူစောထီးများ၏ နေအိမ်နှင့် စစ်ကောင်စီကင်းချသည့် နေရာများတွင်တော့ မိုင်းဆွဲတိုက်ခိုက်ခြင်းများကို ပြည်သူ့ ကာကွယ်ရေးမဟာမိတ်တပ်များက နေ့စဉ်နီးပါး ပြုလုပ်လျက်ရှိကြောင်း ဒေသခံများထံမှ သိရသည်။