စစ်ရေးလှုပ်ရှားမှုများ ရှိနေ၍ သရက်ချောင်းဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရ

0
4279

ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် ပျူစောထီးအဖွဲ့တို့ လှုပ်ရှားမှုများရှိနေပြီး စစ်ကြောင်းထိုးမည့်အခြေအနေကြောင့် ဒေသခံများထွက်ပြေးတိမ်းရှောင်နေကြကြောင်း သိရသည်။

ကနက်သီရိကျေးရွာ၊ ရငဲ၊ ပြင်းဖြူကြီး၊ ချောက်ချောင်း၊ ပဲဒက်၊ စုံစင်ဖျား၊ သဲချောင်းကြီးနှင့် ဆီတောကျေးရွာတို့တွင် စစ်ကောင်စီတပ်နှင့် ပျူစောထီးအဖွဲ့ဝင်များ ခြေရှုပ်လျက်ရှိသည်ဟု ဒေသခံအချို့က ပြောသည်။

ကနက်သီရိချောင်းဝတွင် ရေတပ်သင်္ဘော တစ်စီး၊ ပဲဝကမ်းခြေတွင် ရေတပ်သင်္ဘောတစ်စီးစီရှိနေပြီး အမြှောက်လည်း တွေ့ရကြောင်း ဒေသခံအချို့က ဆိုသည်။

ပျူစောထီးတပ်ဖွဲ့များတွင် ထားဝယ်စကားပြောသည့် နယ်ခံများ များစွာပါဝင်သဖြင့် ကျေးရွာများရှိ ဒေသခံအချို့မှာ ကြောက်ရွံ့စိုးရိမ်ပြီး ထွက်ပြေးတိမ်းရှောင်နေ ကြခြင်းဖြစ်သည်။

“အခြေနေမကောင်းလို့ ရှောင်နေရတယ်၊ တပ်နဲ့ ပျူပူးပေါင်းလာတာဖြစ်တယ်၊ ပျူအဖွဲ့ထဲမှာ နယ်ခံ(ထားဝယ်သား)တွေပါလို့ ပိုဂရုစိုက်နေရတယ်၊ ဘာကိစ္စနဲ့ လာတယ်ဆိုတာ ဘာမှန်းမသိကြသေး” ဟု ရငဲကျေးရွာမှ တိမ်းရှောင်နေသူ အမျိုးသားတစ်ဦးက ပြောသည်။

အောက်တိုဘာ ၂၄ ရက် မနက်ကတည်းက လှုပ်ရှားသွားလာမှုများရှိနေပြီး နံနက် ၁၁ နာရီခန့်တွင် ကနက်သီရိကျေးရွာတွင် စစ်ကောင်စီတပ်နှင့် ပျူစောထီးအဖွဲ့တို့ ကားလေးစီးဖြင့်ရောက်လာပြီး (ရွာအခေါ်) ဘဲစားတန်းဘက်တွင် စခန်းလာချသွားသည်ဟု ဒေသခံအချို့က ပြောသည်။

ညနေ ၄ နာရီခန့်တွင် တပ်ဖွဲ့တချို့ ပြန်ထွက်သွားပြီး ဆယ်ယောက်ခန့်ကျန်ခဲ့သည်ဟု ကနက်သီရိကျေးရွာမှ အမျိုးသမီးတစ်ဦးက ပြောသည်။

“ညကအထိတော့ တညလုံး အေးအေးဆေးဆေးပါပဲ၊ အခု မနက်မှာတော့ အဲ့ဒီ တစ်ဆယ်ကျော်လုံးပြန်ထွက်သွားပြီ၊ ရွာကလှေတစ်စင်းကို ချောဆွဲပြီး ပဲဝကိုပို့ခိုင်းတယ်ဆိုပြောတယ်၊ ရွာမှာအခု တစ်ယောက်မှ မရှိတော့ဘူး” ဟု အထက်ပါ အမျိုးသမီးက ပြောသည်။

အောက်တိုဘာ ၂၀ ရက် ည ၉ နာရီခွဲခန့်တွင် မူလတန်းကျောင်းအုပ်ဆရာကြီး ကိုနောင်စိုးနှင့် ကိုစိုးထိုက်ဆိုသည့် အမျိုးသားနှစ်ဦးကို အမည်မသိအဖွဲ့က နေအိမ်တွင် သေနတ်ဖြင့် ပစ်ခတ်ခဲ့သဖြင့် ကိုနောင်စိုး သေဆုံးခဲ့သည်။

စစ်ကောင်စီတပ်နှင့်ပျူစောထီးအဖွဲ့များ ခြေရှုပ်နေသည်မှာ အဆိုပါ လူသတ်မှုဖြစ်စဉ်ကြောင့်လော၊ ဆီတောကျေးရွာတွင် ပျူစောထီးခေါင်းဆောင် မင်းထွေးဆိုသူ ကထိန်ခင်းသဖြင့် လုံခြုံရေးတင်းကျပ်သည့်သဘောလော၊ သရက်ချောင်းမြို့နယ်ကို စစ်ကြောင်းထိုးမည့်သဘောလော စသဖြင့် တွေးတောစရာများစွာရှိနေသည်ဟု ဒေသခံအချို့က ဆိုသည်။

အောက်တိုဘာ ၂၈ ရက်နေ့တွင် ဆီတောကျေးရွာ ညောင်ပင်ရှိုင်းကျောင်းတွင် စစ်ကောင်စီထောက်တိုင် ပျူစောထီးခေါင်းဆောင် မင်းထွေး မိသားစုက ကထိန်အလှူပွဲကျင်းပမည်ဖြစ်ပြီး ယင်းအလှူကို သွားရောက်ခြင်းမပြုရန် သရက်ချောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က သတင်းထုတ်ပြန်ထားသည်။

“အခုကတော့ ခန့်မှန်းနေတာပေါ့နော်၊ စစ်ကြောင်းထိုးဖို့လည်း ဖြစ်နိုင်တယ်၊ စစ်ကြောင်းထိုးလာနိုင်တဲ့ အခြေအနေလည်း ရှိနေတယ်၊ အဓိကတော့ သူတို့ ဆိုက်ဝါး(စိတ်ဓာတ်စစ်ဆင်ရေး) လွှတ်လား ဘာလားတော့ မသိဘူး ရိက္ခာလာပို့တာလိုလို လူလဲဖို့လိုလို တပ်ချိန်းဖို့လိုလို ပြောတာတွေလည်းရှိတယ်” ဟု ကျွဲခြံရွာမှ ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

စုံစင်ဖျားကျေးရွာမီးသတ်စခန်းနှင့် သဲချောင်းကြီးရွာ ရဲကင်းစခန်းဘက်ကို အင်အားတစ်ရာခန့်ရှိသည့် စစ်ကောင်စီတပ်နှင့် ပျူစောထီးအဖွဲ့တို့ မနေ့မနက်ပိုင်းက ရောက်ရှိလာပြီး နေ့လယ်ပိုင်းတွင် ပြန်ထွက်သွားသည်ဟု စုံစင်ဖျားရွာသားတစ်ဦးက ပြောသည်။

“ကျွန်တော်ထင်တာ ရိက္ခာလာပို့တာလား ဘာလားတော့ မသိဘူး၊ ကားနှစ်စီးလာပြီး လူတွေလာချသွားတယ်၊ နေ့လယ်ပိုင်းလောက်မှာ ပြန်ထွက်သွားတယ်” ဟု အထက်ပါ အမျိုးသားက ဆိုသည်။

စုံစင်ဖျားကျေးရွာမီးသတ်ရုံးတွင် လူအင်အား အနည်းငယ်ဖြည့်တင်းချထားခဲ့တာရှိသည်ဟုလည်း ၎င်းက ပြောသည်။

စစ်ကောင်စီတပ်များ သရက်ချောင်းမြို့နယ်တခွင်ရှိ ကျေးရွာများတွင် ခြေရှုပ်နေသဖြင့် ဒေသခံများစိုးရိမ်နေကြပြီး ထွက်ပြေးတိမ်းရှောင် သူများလည်း ရှိနေသည်။