ထိုင်းသို့ တရားမဝင် ဝင်လာသော ထားဝယ်ဒေသခံများအပါအဝင် မြန်မာလုပ်သား ၄၅ဦးဖမ်းဆီးခံရ

0
4259

ထိုင်းနိုင်ငံ ကန်ချနဘူရီခရိုင်တွင် တရားမဝင်လမ်းကြောင်းဖြင့် နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာသော မြန်မာအလုပ်သမား ၄၅ ဦးကို ထိုင်းအာဏာပိုင်များက အောက်တိုဘာလ ၂၃ ရက်နေ့တွင် ဖမ်းဆီးခဲ့ကြောင်း Bangkok Post သတင်းဌာနတွင် ဖော်ပြထားသည်။

ကန်ချနဘူရီခရိုင် မောင်ဒေသတွင် တရားမဝင် နယ်စပ်ဖြတ်ကျော်လာသော မြန်မာအလုပ်သမား အုပ်စုနှစ်စုကို နေရာနှစ်ခုတွင် ဖမ်းမိခဲ့သည်ဟု ရဲတပ်ဖွဲ့ဝင်များက ပြောကြားကြောင်း ရေးသားထားသည်။

ပထမအုပ်စုတွင် အမျိုးသား၂၄ ဦး၊ အမျိုးသမီး ၅ ဦး စုစုပေါင်း မြန်မာအလုပ်သမား ၂၉ ဦးကို ယင်းနေ့ ညနေ ၅ နာရီခန့်တွင် မောင်ဒေသ ဘန်ကောင်းရွာအနီးရှိ ခြုံပုပ်ထဲတွင် ပုန်းအောင်းနေစဉ် ဖမ်းဆီးရမိသည်ဟု ဆိုသည်။

ဒုတိယအုပ်စုဖြစ်သော အမျိုးသား ၁၂ ဦး၊ အမျိုးသမီး ၄ ဦး စုစုပေါင်း မြန်မာအလုပ်သမား ၁၆ ဦးကို ယင်းနေ့ည ၉ နာရီခန့်တွင် ဘန်ကောင်းရွာအနီးတွင်ပင် ဖမ်းဆီးရမိခဲ့ကြောင်း ဖော်ပြသည်။

ဖမ်းဆီးခံရသော မြန်မာအလုပ်သမားများမှာ ထားဝယ်ဒေသခံများ အပါအဝင် နေပြည်တော်၊ ပဲခူး၊ ရန်ကုန်၊ မကွေး နှင့် မော်လမြိုင်တို့မှ ဖြစ်ကြကြောင်း ထိုင်းအာဏာပိုင်များက ပြောဆိုထားသည်။

၎င်းတို့သည် တနင်္သာရီတိုင်း ထီးခီးမှ ထိုင်းနိုင်ငံ ကန်ချနဘူရီခရိုင်အတွင်းသို့ တောလမ်းမှတဆင့် နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာခဲ့ကြပြီး နောက်ခရီးစဉ်အတွက် ထပ်မံလာခေါ်မည့် ပွဲစားများကို စောင့်ဆိုင်းနေချိန်တွင် ဖမ်းဆီးရမိခြင်းဖြစ်ကြောင်း ရေးသားထားသည်။

မြန်မာအလုပ်သမားများသည် စမူပရကန်၊ ပထုံဌာနီ၊ ခွန်ဘူရီနှင့် စရာဘူရီခရိုင်များတွင် အလုပ်လုပ်ကိုင်နိုင်ရန် အတွက် လာရောက်ကြခြင်းဖြစ်ပြီး ထိုခရီးစဉ်အတွက် ပွဲစားများကို ဘတ် ၁၈၀၀၀ မှ ၂၅၀၀၀ အထိ ပေးချေရမည်ဖြစ်ကြောင်း သတင်းတွင် ဖော်ပြသည်။

ဖမ်းဆီးခံရသော မြန်မာအလုပ်သမားအားလုံးကို တရားဥပဒေအရ ဆက်လက်အရေးယူဆောင်ရွက်နိုင်ရေးအတွက် ကန်ချနဘူရီခရိုင်အတွင်းရှိ မောင်ရဲစခန်းသို့ ပို့ဆောင်ခဲ့ပြီး အရေးယူပြီးချိန်တွင် ပြည်နှင်ဒဏ်ပေးမည်ဖြစ်ကြောင်း ရေးသားထားသည်။

ပြည်တွင်း မလုံခြုံမှု၊ အလုပ်အကိုင် ရှားပါးလာမှု၊ စားဝတ်နေရေးကျပ်တည်းလာမှုတို့ကြောင့် မြန်မာအလုပ်သမားများသည် ငွေကြေးများစွာ အကုန်ကျခံကာ ထိုင်းနိုင်ငံ၊ မလေးရှားနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်လုပ်ကိုင်လျက် ရှိနေခဲ့ပြီး ဖမ်းဆီးခံရမှုများသည် နေ့စဉ်နီးပါးအထိ ကြုံတွေ့နေခဲ့ကြရသည်။

ပြီးခဲ့သော အောက်တိုဘာလ ၂၂ ရက်နေ့တွင် ကန်ချနဘူရီခရိုင်နှင့် ရတ်ခ်ျဘူရီခရိုင်များတွင် တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာသော မြန်မာအလုပ်သမား ၉၆ ဦးအထိ ဖမ်းဆီးရမိခဲ့ကြောင်း ထိုင်းတော်ဝင်တပ်မတော်က ထုတ်ပြန်ထားသည်။

Ref: Bangkok Post, หนังสือพิมพ์รายวัน.สยามประชา