မြိတ်တွင် အခေါက်ရွှေ ဈေးပြန်ကျ၊ အရောင်းအဝယ် ပြန်ငြိမ်

0
4120

တစ်ကျပ်သားလျှင် ကျပ် ၃၃ သိန်းအထိမြင့်တက်ခဲ့သည့် အခေါက်ရွှေဈေးနှုန်းသည် အောက်တိုလာလ ၂၄ ရက်နေ့တွင် ၂၇ သိန်းကျော်သို့ ပြန်လည်ကျဆင်းနေပြီဖြစ်ကြောင်း မြိတ်မြို့ရှိ လက်ဝတ်ရတနာအရောင်းဆိုင်တချို့က ပြောပြသည်။

ပြီးခဲ့သည့် အောက်တိုဘာလ ၂၁ ရက်နေ့ မနက်ပိုင်းအချိန်က အခေါက်ရွှေ တစ်ကျပ်သားလျှင် ကျပ် ၂၅ သိန်းမှ မွန်းလွှဲပိုင်းတွင် ကျပ် ၂၆ သိန်းနီးပါးအထိ မြင့်တက်ခဲ့သည်။

ယင်းနောက် အောက်တိုဘာလ ၂၂ ရက်နေ့ မနက်ပိုင်းအချိန်တွင် အခေါက်ရွှေတစ်ကျပ်သား ကျပ် ၃၃ သိန်းအထိ မြင့်တက်လာကြောင်း လက်ဝတ်ရတနာအရောင်းဆိုင်တချို့က ပြောပြသည်။

နိုင်ငံတကာငွေကြေးခဝါချမှု စောင့်ကြည့်ရေးအဖွဲ့ (Financial Action Task Force – FATF)က မြန်မာနိုင်ငံအား အမည်ပျက်စာရင်းအဖြစ် ထည့်သွင်းကြောင်း အောက်တိုဘာလ ၂၁ ရက်က ကြေညာခဲ့သည်။

ယင်းကဲ့သို့ အမည်ပျက်စာရင်းတွင် ထည့်သွင်းကြေညာပြီးနောက် အောက်တိုဘာလ ၂၂ ရက်နေ့တွင် အခေါက်ရွှေ တစ်ကျပ်သားလျှင် ၃၃ သိန်းအထိ ဈေးထိုးတက်သွားကြောင်း ယင်းဈေးကွက်မှ သိရသည်။

တစ်ကျပ်သားလျှင် ၃၃ သိန်းအထိ မြင့်တက်သည့်နေ့က အလှအယက် ပြေးဝယ်နေကြသဖြင့် လက်ဝတ်ရတနာအရောင်းဆိုင်တို့မှာ အရောင်းအဝယ် ရပ်နားခဲ့ရကြောင်း သိရသည်။

ရွှေဈေးနှုန်း ထိုးတက်ပြီး တစ်ရက်ကျော်အကြာ အောက်တိုဘာလ ၂၄ ရက်နေ့တွင် တစ်ကျပ်သားလျှင် ၂၇၃၀၀၀၀ ကျပ်သို့ ပြန်လည် ကျဆင်းလာနေပြီဖြစ်ကြောင်း လက်ဝတ်ရတနာအရောင်းဆိုင်တချို့က ပြောပြသည်။

” ၃၃ သိန်းကနေ ဈေးထပ်တင်ရောင်းတာမျိုး မတွေ့ရဘူး၊ တချို့က နှစ်ဆယ်ရှစ်သိန်းအထိနဲ့ ရောင်းဝယ်နေကြတယ်၊ အရောင်းအဝယ်က နည်းနည်းလေး ပြန်တည်ငြိမ်လာနေပါပြီ” ဟု ဆိပ်ငယ်ဈေးကြီးရှိ လက်ဝတ်ရတနာ အရောင်းဆိုင်ရှင်တစ်ဦးက ပြောသည်။

မြိတ်တွင် အခေါက်ရွှေတစ်ကျပ်သားလျှင် ရောင်းဈေးနဲ့ ဝယ်ဈေးတို့သည် အနည်းဆုံး လေးသောင်းကျပ်မှ အများဆုံး တစ်သိန်းကျပ်အထိ ကွာဟလေ့ရှိကြသည်။