ကိုဗစ်လှိုင်းဒဏ် ခံနေရပြီလား

0
3648

ဆောင်းရာသီဝင်ရောက် လာချိန်တွင် ရာသီအကူးအပြောင်းတွင် ဖြစ်လေ့ဖြစ်ထရှိသော ဖျားနာမှုနှင့်အတူ ကိုဗစ်နိုင်တင်းရောဂါ တစ်ကျော့ပြန်ဖြစ်ပွားလာနေသည်။

မြန်မာနိုင်ငံတောင်ပိုင်း တနင်္သာရီတိုင်းတွင်လည်း ကိုဗစ်ကူးစက်ခံရသူများ ဆက်တိုက်တွေ့ရှိလာပြီး သေဆုံးမှုများလည်း ဖြစ်ပေါ်နေသည်။

တနင်္သာရီတိုင်း ထားဝယ်မြို့တွင် အောက်တိုဘာ ၂၀ ရက်နေ့မှ ၂၃ ရက်နေ့အထိ ၄ ရက်အတွင်း ကိုဗစ်ဖြင့် သေဆုံးသူရှစ်ဦးအထိ ရှိလာပြီဖြစ်ကြောင်း  နာရေးကူညီမှုအသင်း (ထားဝယ်)ထံက သိရသည်။

ယင်းသေဆုံး သူများတွင် အသက် ၆ လအရွယ်ကလေးအပါအဝင် ကလေး ၂ ဦးနှင့် အသက် ၆၈ နှစ်မှ ၉၂ နှစ်ကြားသက်ကြီးရွယ်အိုများ ပါဝင်သည်။

အိမ်တိုင်းနီးပါးတွင်လည်း ဖျားနာမှုများ ဆက်တိုက်ဆိုသလိုဖြစ်ပေါ်နေပြီး ကျန်းမာရေး စောင့်ရှောက်မှုလည်း လုံလောက်မှုမရှိသည့် အခြေအနေဖြစ်နေသည်။

ယင်းကြောင့် တောင်ပိုင်းသားများ ကြုံတွေ့နေရသည့် ဖျားနာနေမှုနှင့် ကိုဗစ်အခြေအနေကို သိရှိနိုင်စေရန် ယခုအပတ် ‘တနင်္သာရီပုံရိပ်’ အစီအစဉ်တွင် ဖော်ပြလိုက်ရပါသည်။

“နေမကောင်းဖြစ်တာကတော့ ရွာတိုင်းလိုလိုမှာ ဖြစ်နေကြတယ်”

လောင်းလုံးမြို့နယ်အတွင်း ငါးနှစ်နီးပါး အိမ်တိုင်ရာရောက် လိုက်လံဆေးကုသ ပေးနေသူတစ်ဦး

DW ။ အခုတလော နေမကောင်းတာ အဖြစ်များလာကြတယ်လို့ ပြောသံကြားရတယ်။ ဆရာက ရွာတွေလျှောက်သွားပြီး ဆေးလိုက်ကုနေတာဆိုတော့ ဘယ်လိုအခြေအနေ ရှိလဲဆိုတာ ပြောပြပေးပါ။

ဖြေ ။ နေမကောင်းဖြစ်တာကတော့ ရွာတိုင်းလိုလိုမှာဖြစ်နေကြတယ်။ ကျွန်တော်သွားနေတဲ့ရွာ(ဆေးလိုက်ကုနေတဲ့ရွာ) တွေမှာဆို တစ်အိမ်မှာဖျားပြီးရင် အိမ်နီးချင်း နောက်တစ်အိမ်မှာ ဖျားတော့တာပဲ။ ကူးကြတာပေါ့။

DW ။ သာမန်နေမကောင်းဖြစ်တာက အချိန်မရွေးဖြစ်နေတာပဲဆိုတော့ အခုနေမကောင်းဖြစ်တဲ့သူဦး‌ရေက တော်တော်များတဲ့ပမာဏရှိလား။

ဖြေ ။ ခုဏကပြောသလိုပဲပေါ့။ အိမ်သားတစ်ယောက် ဖျားပြီဆို နောက်ထပ်အိမ်သားတွေလည်း ဖျားတော့တာပဲ။ အိမ်နီးချင်းတွေလည်း နေမကောင်းဖြစ်ကြတော့တာပဲ။ တစ်ယောက်နဲ့တစ်ယောက် ကူးကြတာလေ။ အဲတစ်ယောက်ကနေ တစ်ယောက်ကူးကြတော့ ဖျားတဲ့သူတွေနေမကောင်းတဲ့သူတွေ များလာကြတာပေါ့။ အခုဆိုရင်ဟိုအိမ်ကဖုန်းဆက်၊ ဒီအိမ်က ဖုန်းဆက်နဲ့ နားကိုမနားဘူး ပတ်သွားနေရတာ။ ဆေးထိုးအပ်တန်းလန်းနဲ့ ဖုန်းလာနေလို့ မကိုင်ဘဲပစ်ထားရတယ်။ တစ်ခါတလေဆို မနက်အိပ်ယာတောင်မထရသေးဘူး သူတို့အိမ်လာပါဦးဆိုပြီး ဖုန်းကလာနေပြီ။ အဲလိုမျိုးဆို မနက်စာတောင်မစားဘဲ ထသွားလိုက်ရတာတွေရှိတယ်။

DW ။ အဲဒီနေမကောင်းတဲ့သူတွေက ရိုးရိုးနေမကောင်းတာပဲလား။ ကိုဗစ်လက္ခဏာတွေ တွေ့ရလား။

ဖြေ ။ သာမန်နေမကောင်းတဲ့သူနဲ့ ကိုဗစ်ကြောင့်နေမကောင်းတဲ့သူနဲ့က လက္ခဏာက သိပ်မကွာဘူးလေ။ အဲတာကြောင့် ကျွန်တော်ဆိုနေမကောင်း လူနာအိမ်သွားရင် အကာအကွယ်နဲ့သွားတယ်။ ဘာဖြစ်လို့လဲဆိုတော့ မစစ်လို့သာ မသိတာ။ စစ်လိုက်ရင် ကိုဗစ်ကတွေ့မှာပဲ။ အရင်တုန်းကတော့ စစ်ပေးတယ်။နောက်ပိုင်း ကျွန်တော်တို့လည်း မစစ်ပေးတော့ဘူး။ သိနေပြီလေ။ စစ်လိုက်ရင်ကိုဗစ်တွေ့မယ်ဆိုတာ။ ကိုဗစ်တွေ့လည်း ကိုယ်ခံအားကောင်းအောင်နေမယ်။ ဆေးပုံမှန်သောက်မယ်ဆို ပျောက်သွားတာပဲ ဆိုတော့ စစ်လဲမထူးဘူး။ ပိုက်ဆံပိုကုန်တာပဲ အဖတ်တင်မယ်ဆိုပြီး အခုနောက်ပိုင်းဆို ကိုဗစ်စစ်တဲ့ ပစ္စည်းတောင် မယူသွားတော့ဘူး။

DW ။ တကယ်လို့ နေမကောင်းတဲ့သူက ကိုဗစ်ဖြစ်နေတယ်။ ဆေးရုံတက်ပြီး စနစ်တကျ ကုမှုခံယူဖို့လိုနေတယ်ဆို ဘယ်လိုလုပ်လဲ။

ဖြေ ။ လူနာအခြေအနေကိုကြည့်ရတာပေါ့။ ဆေးရုံသွားမှရမယ်ဆိုရင် ဆေးရုံတင်ဖို့ ပြောလိုက်တယ်။ တချို့ကျတော့လည်း သိတဲ့အတိုင်းပဲလေ။ ဆေးရုံမသွားချင်ကြဘူး။ ဆေးရုံတင်ဖို့ပြောရင် တခြား(ဆေးကုပေးသူတစ်ဦးဦး) တစ်ယောက်ကိုခေါ်ပြီး အိမ်မှာပဲကုနေကြတယ်။ အသည်းအသန်ဖြစ်မှ ဆေးရုံတင်ကြတာတွေရှိတယ်။ အဲလိုမျိုးက ကိုယ်ခံအားလည်းကောင်းတယ်၊ ရောဂါအခံလည်းမရှိတဲ့သူဆို ပြဿနာမဟုတ်ဘူး။ ကိုယ်ခံအားလည်းမကောင်းဘူး။ ရောဂါအခံကလည်းရှိတဲ့သူတွေ အသက်ကြီးပိုင်းတွေအတွက်က အဆင်မပြေဘူး။ အသက်အန္တရာယ် ရှိနိုင်တယ်ပေါ့နော်။ ကျွန်တော်တို့ဆိုတာက ဆေးဝါးပစ္စည်း လုံလောက်တာ မဟုတ်ဘူးလေ။ ဆေးရုံမှာက ဆေးဝါးပစ္စည်းလုံလောက်တယ်။ သေသေချာချာကုလို့ရတယ်။ ။ အဲတော့ သိတဲ့သူက ဆေးရုံသွားဖို့ပြောရင် သွားလိုက်တာ အကောင်းဆုံးပဲ။

DW ။ အခုဆိုရင် ထားဝယ်မှာ ကိုဗစ်ကြောင့် သေဆုံးတဲ့သူတွေရှိလာတယ်။ နယ်တွေမှာရော ကိုဗစ်ကြောင့် သေဆုံးတဲ့သူတွေ ရှိနိုင်လား။

ဖြေ ။ ရှိနိုင်တာပေါ့။ မစစ်လို့သာ ကိုဗစ်မှန်းမသိကြတာလေ။ အခုလူတွေကလည်း ကိုဗစ်ကို သိပ်မကြောက်သလိုပဲ။ နှာခေါင်းစည်းတပ်တာလည်း မတွေ့ရတော့ဘူး။ ဒီလိုပဲ အလှူတွေသွားနေကြတာပဲ။ ကျွန်တော်လည်းသွားတာပဲ။ အလှူတွေမှာ လက်ဆေးဖို့နေရာတွေ ထားပေးတာလဲ မတွေ့ရဘူး။ နှာခေါင်းစည်းလည်းမတပ်ကြဘူး။ တစ်ယောက်မှာတွေ့ရင် အများကြီးကူးကြမှာ။ အခုနေမကောင်းတဲ့သူ ဖျားတဲ့သူတွေများတယ်။ များတယ်ဆိုတာ အဲဒါတွေကြောင့်လည်းပါတယ်။

DW ။ အခုနေမကောင်းတဲ့သူတွေ များလာတယ်။ ညဘက်ကလည်း အပြင်ထွက်လို့မရတော့ ဆရာ့အနေနဲ့ ဘယ်လိုအခက်အခဲတွေကြုံရတာရှိလဲ။

ဖြေ ။ အမှန်တိုင်းပြောရင် ညဘက်တော့ ကျွန်တော်လဲ မလိုက်ရဲဘူး။ ညဘက် ဖုန်းဆက်ခေါ်တာတွေတော့ ရှိတာပေါ့နော်။ ပွင့်ပွင့်လင်းလင်း‌ပြောရင် ညဘက်ဆို ဖုန်းပိတ်ထားလိုက်ရတယ်။ ညဖက်ကြီး နေမကောင်းဖြစ်လို့ ဖုန်းဆက်ခေါ်ရင် အရေးကြီးလို့ပဲဆိုတာသိတယ်။ ဖုန်းကိုင်လိုက်ရင် ရင်ထဲမှာယူကျုံးမရဖြစ်ရတယ်။ ကိုယ်ကလဲသွားလို့ကမရဲဘူး။ အဲကြောင့်ဖုန်းပိတ်ထားလိုက်တာ။ ခေါ်တဲ့သူက အားကိုးတစ်ကြီးနဲ့ ခေါ်တယ်ဆိုတာသိပေမယ့် ကိုယ့်မှာလည်း ကိုယ့်အန္တရာယ်ကို ကြည့်ရသေးတယ်လေ။ နေ့ဖက်မှာတော့ တတ်နိုင်သလောက် ခေါ်တဲ့အိမ်တွေ သွားပေးတယ်။

DW ။ အခုရွာတွေမှာ နေမကောင်းဖြစ်နေကြတာနဲ့ ပတ်သက်ပြီး ဘာများဖြည့်စွက် ပြောချင်တာရှိလဲ။

ဖြေ ။ အဓိကကတော့ ကိုဗစ်တွေပြန်ဖြစ်လာနေတယ်။ မပေါ့ကြပါနဲ့။ ဆေးဝါးတွေ ဈေးအရမ်းကြီးလာတယ်။ နေမကောင်းဖြစ်ပြီဆိုရင် ပိုက်ဆံပိုကုန်မယ်။ အဲဒေါကြောင့် ကျန်းမာရေး ပိုဂရုစိုက်စေချင်တယ်။ နှာခေါင်းစည်းတွေ ပြန်တပ်စေချင်တယ်။ နှာခေါင်းစည်းတစ်ခု ဘယ်လောက်မှမပေးရပါဘူး။ နေမကောင်းဖြစ်တာထက် စာရင်လေ။ အဲဒါပါပဲ။

DW ။ ကျေးဇူးတင်ပါတယ်။

“ကိုဗစ်လူနာတွေက နယ်ကနေ ဆေးလာကုတဲ့လူနာတွေ အများဆုံးပဲ”

ထားဝယ်ခရိုင်ကြက်ခြေနီအဖွဲ့မှတာဝန်ရှိသူတစ်ဦး

DW ။ ထားဝယ်မှာ ဖျားနာတဲ့သူတွေ များနေတယ်လို့သိရတယ် ဆရာတို့ သယ်ဆောင်ပေးတဲ့ထဲမှာ ဖျားနာတဲ့သူ အခြေအနေဘယ်လိုရှိလဲ။

ဖြေ ။ စက်တင်ဘာထက် အောက်တိုဘာမှာ ပိုများလာတယ် ပထမလ က ဖျားနာသူဦးရေ အယောက်နှစ်ဆယ်ကျော် သယ်ပေးရတယ်။ အခုစာရင်းအရဆိုရင် အယောက်ခုနှစ်ဆယ်နီးပါးလောက် ဖြစ်နေပြီ ။

DW ။ အဲဒီလူနာတွေက ရိုးရိုးဖျားတာလား ကိုဗစ်လူနာတွေလား။

ဖြေ ။ ကျွန်တော်ပြောပြမယ် ဖျားနာတာပဲဖြစ်ဖြစ် တစ်ခြားရောဂါပဲဖြစ်ဖြစ် သက်ဆိုင်ရာဆေးရုံက ‌စစ်ဆေးလို့ ကိုဗစ်ပိုးတွေ့တဲ့သူတွေဆို ကျွန်တော်တို့က ဆက်လက်ပြီး ကိုဗစ်ကုသတဲ့ ဆေးရုံကို ပို့ပေးရသူတွေပါ။

DW ။ ကိုဗစ်အခြေအနေက‌ရော ဘယ်လိုရှိလဲခင်ဗျား။

ဖြေ ။ အခုကတော့ ခရီးသွားနဲ့ ဆေးရုံတက်တဲ့လူနာတွေကို စစ်တာပေါ့နော် အခုဆိုရင် နှစ်လအတောအတွင်းမှာ အယောက်ခုနှစ်ဆယ်လောက်ရှိတယ်။ အခုအောက်တိုဘာ တစ်ပတ်နှစ်ပတ်အတွင်း ပိုများလာတယ်။

DW ။ ဘယ်လိုလူမျိုးတွေမှာအများဆုံးတွေ့ရလဲ။

ဖြေ ။ အဓိကကတော့ ကျွန်တော်တို့သယ်ပေးရတဲ့ ကိုဗစ်လူနာတွေက နယ်ကနေ ဆေးလာကုတဲ့လူနာတွေ အများဆုံးပဲ။ မြို့ပေါ်ကလည်းရှိတယ်။ ကျွန်တော်တိုအတတ်နိုင်ဆုံး ကာဗာယူပြီးသယ်ရတာပေါ့ ဥပမာ PPE Level အဆင့်ဆင့်ပေါ့ level 2 လောက်ထိဝတ်ပြီးသယ်ပေးပါတယ်။ ရှိမရှိဆိုတာကတော့ ဆေးရုံရောက်မှ ဆရာဝန်စစ်မှပဲသိရပါတယ်။

DW ။ တစ်နေ့ကို လူနာဘယ်နှစ်ယောက်လောက် တွေ့နေရလဲ ဘယ်အသက်အရွယ်တွေက အများဆုံးလဲ။

ဖြေ ။ နှစ်ယောက်တွေ့တဲ့နေ့ရှိတယ်။ သုံးယောက်တွေ့တဲ့‌ နေ့ရှိတယ်။ ငါးယောက်တွေ့တဲ့နေ့ရှိတယ်။ နှစ်လသားကနေ အသက်ကိုးဆယ်ကျော် အရွယ်အထိပါတယ်။

DW ။ ကိုဗစ်နဲ့ပတ်သက်ပြီး ကြက်ခြေနီက ဆောင်ရွယ်နေတာရှိလား ဘယ်လိုမျိုးလဲ။

ဖြေ ။ အခုက ဆေးရုံမှာနေ့ည အဖွဲ့ကနေ ငါးယောက်လောက် တာဝန်ချပြီး ကူညီပေးနေတာတွေရှိတယ်။ လူနာလိုအပ်ချက် ဆရာဝန်တွေရဲ့ လိုအပ်လျက်တွေကို ကူညီပေးနေတာတွေရှိတယ်။ ကွင်းဆင်းပြီး အသိပညာပေး လက်ကမ်းစာစောင်တွေ ဖြန့်ဝေပေးနေတာရှိတယ်။

DW ။ အခုပြည်သူတွေကရော အရင်နဲ့အခု ကိုဗစ် စည်မျဉ်းစည်းကမ်းတွေကို လိုက်နာမှုအပေါ် ဘယ်လိုမြင်လဲ။

ဖြေ ။ နည်းတယ်လို့ယူဆရမှာပေါ့ အရင်နဲ့စာရင် အသွားအလာဆင်ခြင်မှု နည်းတယ် အဓိကကတော့ ကိုယ့်ကိုကိုယ်ဆင်ခြင်ပြီး ကိုယ်အသိတရားနဲ့ကိုယ် လုပ်နိုင်မှပဲ ကောင်းတယ်လေ Mask တပ် လက်ဆေး ခြောက်ပေကွာနေ တက်နိုင်ဆုံး လူစုလူဝေးရှောင်ရှားရင်တော့ ပိုကောင်းတာပေါ့နော် ကျွန်တော်တို့က အသိပညာပေးလို့ပဲရတာ တကယ်တမ်းတော့ ကျမ်းမာရေးဝန်ကြီးဌာနကနေ တိတိကျကျ နို့တစ်ပေးမှပဲရမှာလေ။

DW ။ အခုထားဝယ်မှာ ကိုဗစ်အတွေ့များလာတဲ့အပေါ်မှာ ပြည်သူတွေကို စေတနာ့ ဝန်းထမ်းတစ်ဦးအနေနဲ့ ဘယ်လိုသတင်းစကားပေးချင်လဲ။

ဖြေ ။ အဓိကက ကိုဗစ်စည်းကမ်းနဲ့အညီ ဆက်နေဖို့လိုအပ်တယ် ကိုယ်ကိုယ်ကိုယ် ကိုယ်ခံအားကောင်းအောင် ကျန်းမာရေးကောင်းနေအောင် နေဖို့လိုအပ်တယ်။ ကိုယ်ကိုယ်ကို ဂရုစိုက်ဖို့လိုအပ်သလို ကိုယ်မိသားစုကိုလည်း ဂရုစိုက်ဖို့လိုအပ်တယ်။ အချင်းချင်းပြောပြဆိုပြပြီး လက်ဆင့်ကမ်းဖို့လည်း လိုအပ်ပါတယ်။ အဓိကကတော့ တစ်ဦးခြင်းအနေနဲ့ ကိုယ်ကိုယ်ကို အရင်ထိန်းသိမ်းဖို့လိုအပ်တယ် ကိုဗစ်စည်းမျဉ်းစည်းကမ်းအတိုင်း ဆက်လက်ပြီး လိုက်နာရင်ပိုကောင်းတာပေါ့။

DW ။ ကျေးဇူးတင်ပါတယ်။

“တကိုယ်လုံးနီးပါးပဲကိုက်တယ် ပြီးတော့ တက်လိုက်ကျလိုက်ဖျားတယ်”

လောင်းလုံးဒေသခံတစ်ဦး

 DW ။ အခု ဖျားနာတဲ့သူတွေ များလာတယ်လို့ကြားတယ် ဘယ်လိုအခြေအနေရှိလဲ။

ဖြေ ။ ဟုတ်တယ် ကျွန်မတို့ရွာမှာဆို ကလေးရော‌ လူကြီးရောဖျားကြတယ်။ ဖျားတာ ကလဲ တစ်အိမ်ဆောင်လုံး လူစေ့နီးပါးပါပဲ။

DW ။ ဘယ်လိုလက်က္ခဏာမျိုးတွေလဲ။

ဖြေ ။ သာမန် ဖျားတဲ့လက်က္ခဏာမျိုးတော့မဟုတ်ဘူး။ ပိုပြီးကိုက်ခဲ့တယ် တကိုယ်လုံးနီးပါးပဲကိုက်တယ် ပြီးတော့ တက်လိုက်ကျလိုက်ဖျားတယ်။ ကျွန်မဆို တစ်နေ့လုံးနီးပါး တက်လိုက်ကျလိုက်ဖျားတယ်။ အအေးမိတဲ့ပုံစံမဟုတ်ဘူး ပြီးတော့လည်ချောင်းနာတယ် ချောင်းဆိုးတယ်။ ကိုက်ခဲတာကတော့ တော်တော်ဆိုးတယ်။ ကျွန်မတို့အိမ်မှာဆို တစ်ညတွင်းချင်းမိသားစု လေးယောက်စလုံးဖျားတယ်။ သက်သာတဲ့လူက ပြုစုပေးရတာပေါ့ သူကိုလည်း မလုပ်ပေးနိုင် ကိုယ့်ကိုလည်း မလုပ်ပေးနိုင် အဲလို့ဖြစ်တယ်။

DW ။ ကိုဗစ်စစ်ဆေးဖြစ်သေးလား။

ဖြေ ။ ကျွန်မဆေး(ကိုဗစ်ကာကွယ်ဆေး) နှစ်ကြိမ်ထိုးပြီးပြီဆိုတော့ စစ်တော့မစ်ဖြစ်ဘူး။ လက်က္ခဏာကတော့ အားလုံးတူတယ်။ ကျွန်မကလည်း ကိုဗစ်ဖြစ်ခဲ့ဖူးတယ်ဆိုတော့ ကိုဗစ်ဖြစ်တုန်းကတောင် ဒီလောက် မဖြစ်ဘူး အခုကပိုခံစားရတယ်။ အခုကမစစ်တော့ ကိုဗစ်ဟုတ်လား မဟုတ်လားဆိုတာတော့ မသိရဘူး အနံမပျောက်တာတစ်ခုပဲ။

DW ။ ဘယ်နှစ်ရက်ဖျားလဲ ဘယ်လိုကုသမှုခံယူလဲ။

ဖြေ ။  ငါးရက်လောက်ရှိတာပေါ့။ ပထမကတော့ ပါရာစီတမောသောက်တယ်။ မပျောက်ဘူး။ လူက ခြေတွေလက်တွေညောင်းတယ်။ ကိုက်ခဲတယ်။ အဲဒါနဲ့ အရပ်ဆရာခေါပြီး ဆေးထိုးလိုက်မှ အဖျားပျောက်သွားတယ်။ ဒါပေမဲ့ လူက  နုံးချည့်နေတုန်း ခြေတွေလက်တွေက အမြဲတမ်း အထဲက တစစ်စစ်ကိုက်နေတယ်။

DW ။ ကိုဗစ်လို့ ခံစားမိလား။

ဖြေ ။ ကိုဗစ်လို့တော့ထင်တာပဲ စစ်တော့မစစ်ဖြစ်ဘူး။ အရင်က Test Kit အလွယ်တကူဝယ်ပြီးစစ်လို့ရတော့ စစ်လိုက်တယ်ပေါ့နော် အခုကတော့ ဘယ်မှာဝယ်လို့ရမှန်းလည်းမသိဘူး။ အရင်ကကိုဗစ်ကာလတုန်းကတော့ ဘယ်နေရာမှ စစ်ပေးတယ် ဘယ်မှာဝယ်လို့ရတယ်ဆိုတာ အွန်လိုင်းမှ တွေ့နေရတာဘဲ့ အဲဒါမှာပြီးကိုယ့်ဘာသာကိုယ်စစ် အိမ်ထဲမှာ နေလိုက်တာပဲ။ အခုက အဲဒါတွေ ဘယ်မှာဝယ်လို့ရမှန်းမသိတော့ မဝယ်ဖြစ်တော့ဘူး။

DW ။ ကျေးဇူးတင်ပါတယ်။