ပြည်တွင်းငွေကြေးဂယက်ကြောင့် ဘတ်ငွေဝယ်လိုသူများ

0
3681

မြန်မာနိုင်ငံကို နိုင်ငံတကာ ငွေကြေးခဝါချမှုဆိုင်ရာ စောင့်ကြည့်အရေးယူရေးအဖွဲ့ FATF  က အမည်ပျက်စာရင်းသွင်းလိုက်မှုကြောင့် ကျပ်ငွေတန်ဖိုး ကျဆင်းမည်ကိုကြောက်ပြီး ဘတ်ငွေဝယ်ယူလိုသူများလာကြောင်း စျေးကွက်အတွင်းမှသိရသည်။

ထိုင်းနိုင်ငံအတွင်း ကျပ်-ဘတ်လဲလှယ်သည့် လုပ်ငန်းများတွင် ဘတ်ဝယ်လိုသူများနေပြီး ဘတ်အရောင်းမရှိသလောက် ဖြစ်နေကြောင်း၊ အဝယ်များနေ၍ ဘတ်ပေါက်စျေးမှာ အမျိုးမျိုးဖြစ်နေကြောင်း ငွေလဲလုပ်ငန်းလုပ်သူတစ်ဦးကဆိုသည်။

လတ်တလောတွင် စျေးမငြိမ်သဖြင့် မှန်မှန်ကန်ကန် လုပ်သူများမှာ အရောင်းအဝယ် ရပ်ထားကြပြီး စျေးငြိမ်မှသာ အရောင်းအဝယ် ပြန်လုပ်ကြဖွယ်ရှိကြောင်း၊ အချို့အရောင်းအဝယ် ပြုနေသည့်နှုန်းမှာ ဖြစ်သင့်သည်ထက်များနေသည်ကို တွေ့ရကြောင်း ၎င်းကဆိုသည်။

ဘတ်ဝယ်လိုသူ များနေသဖြင့် တစ်ဘတ်လျှင် ကျပ် ၁၀၀ နှုန်းဖြင့် လဲပေးနေသူများပင် ရှိနေသည်ဖြစ်ရာ မလိုအပ်ဘဲ မဝယ်သင့်သေးကြောင်း ငွေလဲလုပ်ငန်းလုပ်ကိုင်နေသူ တစ်ဦးကဆိုသည်။

“အဲ့စျေးပေါက်မပေါက် ဘယ်သူမှမပြောနိုင်ဘူးလေ။ ပါးစပ်ထဲရှိရာပြောပြီး ရောင်းနေတာ” ဟု၎င်းကဆိုသည်။

အောက်တိုဘာလ ၂၁ ရက်နေ့(မနေ့) ညနေပိုင်းအထိ ဘတ်ပေါက်စျေးမှာ တစ်ဘတ်လျှက် ၇၅ ကျပ်ဝန်းကျင်သာရှိနေသေးသည်။

စိတ်ချရသည့် ဘတ် ဝယ်ရောင်းလုပ်သူ အများစုကမူ အရောင်းအဝယ် ရပ်ထားသည်ဟု ကြေညာထားကြပြီး အခြေအနေကို စောင့်ကြည့်နေကြသည်။

နိုင်ငံတကာ ငွေကြေးခဝါချမှုဆိုင်ရာ စောင့်ကြည့်အရေးယူရေးအဖွဲ့ FATF  က မြန်မာနိုင်ငံကို အမည်ပျက်စာရင်းသွင်းကြောင်း အောက်တိုဘာလ ၂၁ ရက်နေ့ ညပိုင်းက ကြေညာလိုက်အပြီးတွင် ညတွင်းချင်း ငွေလဲနှုန်းများ ပြောင်းသွားခြင်းဖြစ်သည်။

မြန်မာနိုင်ငံကို ငွေကြေးခဝါချမှုဆိုင်ရာ အန္တရာယ်ကြီးမားမှု အညိုရောင်စာရင်းတွင် ထည့်သွင်းထားရာမှ မြောက်ကိုရီးယားနှင့် အီရန်နိုင်ငံတို့ကိုသာ ထည့်သွင်းထားသော  အမည်ပျက် စာရင်းထဲ ထည့်သွင်းလိုက်ခြင်းဖြစ်သည်။