မြန်မာ အမည်ပျက်စာရင်းသွင်းခံရပြီးနောက် ထားဝယ်တွင် ရွှေဈေး ကျပ်ငါးသိန်းနီးပါးထိုးတက်

0
3960

မြန်မာနိုင်ငံကို နိုင်ငံတကာငွေကြေးခဝါချမှုဆိုင်ရာ စောင့်ကြည့်အရေးယူရေးအဖွဲ့ (FATF) က အမည်ပျက်စာရင်း သွင်းလိုက်ပြီးနောက် ယနေ့ အောက်တိုဘာလ ၂၂ ရက် နံနက်စောစောတွင် အခေါက်ရွှေ တစ်ကျပ်သားလျှင် ကျပ်ငါးသိန်းနီးပါးအထိ ဈေးထိုးတက်သွားကြောင်း ထားဝယ်ဈေးကွက်အတွင်းမှ သိရသည်။

မြန်မာနိုင်ငံကို FATF က အောက်တိုဘာလ ၂၁ ရက်ညက အမည်ပျက်စာရင်း သွင်းလိုက်ခြင်းဖြစ်သည်။

ထိုကဲ့သို့ အမည်ပျက်စာရင်းသွင်းလိုက်သည့်အတွက် ကျပ်ငွေတန်ဖိုး ထပ်မံကျဆင်းမည်ကို စိုးရိမ်လာကြပြီး ရွှေ၊ ထိုင်းဘတ်နှင့် အမေရိကန်ဒေါ်လာဝယ်လိုအားများလာကာ ဈေးတက်လာခဲ့ခြင်းဖြစ်ကြောင်း ဈေးကွက်အတွင်းမှ စုံစမ်သိရှိရသည်။

အောက်တိုဘာလ ၂၁ ရက်နေ့လယ်က အခေါက်ရွှေတစ်ကျပ်သားလျှင် နှစ်ဆယ့်ငါးသိန်းခြောက်သောင်း (၂၅၆၀၀၀၀ ကျပ်) ဈေးပေါက်နေခဲ့သည်။

အမည်ပျက်ကြေညာပြီး အောက်တိုဘာလ ၂၂ ရက် နံနက်တွင်မူ ထားဝယ်ဈေးကွက်အတွင်း အခေါက်ရွှေ တစ်ကျပ်သားလျှင် သုံးဆယ်သိန်းငါးသောင်းကျပ်အထိ ဈေးတက်သွားကြောင်း ရွှေဆိုင်ပိုင်ရှင်တစ်ဦးက ပြောသည်။

“(ဈေးကတော့) ကြိုက်ရောင်း ကြိုက်ဝယ်သဘောမျိုးပါ။ ကျွန်မကတော့ အဲဒီဈေးနဲ့ ရောင်းဖြစ်သွားတယ်ရှင့်” ဟု အထက်ပါ ရွှေဆိုင်ပိုင်ရှင်က ဆိုသည်။

လက်ရှိ ရွှေဈေးမှာ သိန်းသုံးဆယ်ကျော်ဖြစ်သွားသော်လည်း ဒေါ်လာဈေးအတက်အကျ အပေါ်မူတည်ကာ ရွှေဈေး ထပ်တက်ခြင်း သို့မဟုတ် ဈေးပြန်ကျခြင်းဖြစ်နိုင်ကြောင်း ၎င်းက ပြောဆိုသည်။

ရွှေနှင့်အတူ ထိုင်းဘတ်ငွေဈေး၊ အမေရိကန်ဒေါ်လာလဲလှယ်နှုန်းထားများလည်း မြင့်တက်နေပြီး ဈေးကွက်အတွင်း အရောင်းမရှိဘဲ ဝယ်လိုသူသာ များနေကြောင်း ဈေးကွက်အတွင်းမှ သိရသည်။

ဈေးကွက်အတွင်း ဘတ်နှင့် ဒေါ်လာရောင်းချသူ မရှိသလောက်ဖြစ်နေပြီး အရောင်းအဝယ် ရပ်ထားသူများလည်း ရှိနေသည်။