ပုလော ပိတတ်တံတားတွင် မိုင်းပေါက်ကွဲ၊ ကားများသွားလာ၍ မရ

0
3990

မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ ပိတတ်ကျေးရွာရှိ ပိတတ်တံတားတွင် မိုင်းပေါက်ကွဲပြီး တံတားပျက်စီးသွားသဖြင့် ကားများ သွားလာ၍ မရတော့ကြောင်း ဒေသခံများထံမှ သိရသည်။

အောက်တိုဘာလ ၂၁ ရက် ညည့် (ယနေ့ နံနက်) ၁ နာရီဝန်းကျင်တွင် ပိတတ်တံတားဘက်မှ မိုင်းပေါက်ကွဲသံ၊ သေနတ် ပစ်ခတ်သံ၊ အော်ဟစ်ဆဲဆိုသံများကြားခဲ့ရပြီး မိုးလင်းချိန် သွားရောက်ကြည့်ရှုရာ တံတားပျက်စီးနေသည်ကို တွေ့ရကြောင်း ဒေသခံများက ပြောသည်။

“အလယ်က သံမဏိပြားကြီးတွေ သုံးလေးပြား ကွာထွက်ကုန်တယ်။ ကားသွားလို့ မရတော့ဘူး။ လူနဲ့ ဆိုင်ကယ်ပဲ သွားလို့ ရတော့တယ်” ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောဆိုသည်။

ယင်းတံတားကို မည်သူတို့က မည်သည့်အကြောင်းအရင်းကြောင့် ဖောက်ခွဲသွားသည်ကို သေသေချာချာ မသိရသေးကြောင်း ဒေသခံတို့က ဆိုသည်။

ပိတတ်တံတားသည် ပုလောသို့ သွားသည့် လမ်းခွဲတစ်ခုပေါ်တွင် တည်ရှိပြီး ပြည်ထောင်စုလမ်းပေါ် စစ်ယာဉ်တန်း မကြာခဏ မိုင်းဆွဲခံရပြီးနောက် စစ်ယာဉ်တန်းများ နောက်ဆုံးအသုံးပြုလာကြသည့် လမ်းဖြစ်ကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။

“တိုရွာလမ်းခွဲကနေသွားရင် ပိတတ်တံတားကို ဖြတ်ရတယ်။ ရွာလေးငါးရွာဖြတ်ပြီးရင် ပုလောမြို့ကို ရောက်တယ်။ လမ်းခွဲပေါ့” ဟု ဒေသခံ နောက်တစ်ဦးက ပြောပြသည်။

ယင်းတံတားကို တို၊ ပိတတ်၊ ပဲ့ထောင့်၊ လက္ကူး၊ မြဒေါင်နှင့် မှော်ကျွန်း စသည့် ကျေးရွာများမှ ပြည်သူများ အသုံးပြုနေကြသည်ဟု ဒေသခံများထံမှ သိရသည်။

အောက်တိုဘာ ၂၀ ရက်ညကလည်း အဆိုပါတံတားသို့သွားသည့် လမ်းခွဲ တိုရွာရှိ စစ်ကောင်စီကင်းစခန်းအား မိုင်းဆွဲခြင်း၊ ပစ်ခတ်ခြင်းများကို တောကြီးမြွှေဟောက်အဖွဲ့နှင့် PPDF တပ်များက ပြုလုပ်ခဲ့သေးသည်။