ထားဝယ်တွင် ကွမ်းသီးသစ်ဈေး ပြီးခဲ့သည့်နှစ်ထက် နှစ်ထောင်ကျော် ဈေးလျော့

0
3803

ထားဝယ်ခရိုင်တွင် ကွမ်းသီးဈေး ပြီးခဲ့သည့်နှစ်ထက် နှစ်ထောင်ကျော် ဈေးလျော့နေကြောင်း ထားဝယ်မြို့တွင်းရှိ ပွဲရုံအချို့နှင့် ဒေသခံတောင်သူအချို့က ပြောသည်။

ပြီးခဲ့သည့်နှစ်က အောက်တိုဘာ ၂၀ ရက်ခန့်တွင် ကွမ်းသီးသစ် တစ်ပိဿာ ငွေကျပ် ၆၅၀၀ မှ ၆၇၀၀ ကျပ်ခန့်အထိ ဖြစ်နေပြီဖြစ်သော်လည်း ယခုနှစ်တွင် တစ်ပိဿာ ၄၀၀၀ ကျပ်မှ အများဆုံး ၅၀၀၀ ကျပ်ခန့်သာရှိကြောင်း ပွဲရုံအချို့နှင့် တောင်သူအချို့က ပြောသည်။

မြန်မာကျပ်ငွေတန်ဖိုး ကျဆင်းနေချိန်တွင် ကွမ်းသီးသစ်စျေးမှာ ယခင်နှစ်ထက် နိမ့်နေမှုကြောင့် ကွမ်းသီးစိုက်သူများမှာ ထပ်ဆင့်ရှုံးနေကြသည့် သဘောဖြစ်သည်။

သရက်ချောင်းမြို့နယ်တွင် ကွမ်းသီးသစ်တစ်ပိဿာ ငွေကျပ် ၄၀၀၀ မှ ၄၅၀၀ ကျပ်ခန့်သာရှိသည်ဟု သရက်ချောင်းမြို့နယ်၊ ဆင်ကူးကျေးရွာမှ ကွမ်းသီးခြောက် အရောင်းအဝယ်ပြုလုပ်သူ မဝင်းခက်က ပြောသည်။

“အခုလာတဲ့ဈေးဆို မနှစ်ကနဲ့စာရင် ဈေးနည်းနေတာပေါ့၊ မနှစ်တုန်းက အရောင်းအဝယ်အရမ်းသွက်တယ်၊ စဝယ်တာနဲ့ကို တဖြည်းဖြည်း ဈေးကထိုးတက်သွားတယ်” ဟု မဝင်းခက်က ပြောသည်။

ယခုနှစ်တွင် ရာသီမမှန်သေးတာကြောင့် ပွဲရုံအများစုမှာ ကွမ်းသီးသစ် အရောင်းအဝယ် မလုပ်သေးဟု ပွဲရုံအချို့နှင့် နယ်ဘက်မှ အရောင်းကိုယ်စားလှယ်တို့၏ ပြောပြချက်အရ သိရသည်။

ပြီးခဲ့သည့်နှစ်က ကွမ်းသီးသစ်စပေါ်သည့် စက်တင်ဘာလဆန်းခန့်တွင် ကွမ်းသီးသစ် စဝယ်နေပြီဖြစ်သော်လည်း ယခုနှစ်တွင် သီတင်းကျွတ်ကာလလွန်သည်အထိ မိုးမပြတ်သေးတာကြောင့် အရောင်းအဝယ်မလုပ်သေးခြင်းဖြစ်သည်ဟု ပွဲရုံပိုင်ရှင် အချို့က ပြောသည်။

“မိုးလည်း ရွာနေတယ်ဆိုတော့ အေးဆေးမှ ဝယ်မယ်ဆိုတာမျိုး၊  ဟုတ်တယ် ဈေးကလည်း ၅၀၀၀ လောက်ပဲရှိတယ်လို့ ကြားတယ်” ဟု ထားဝယ်မြို့၊ ဝဲကျွန်းထိန်သစ်ရပ်ကွက်ရှိ ကွမ်းသီးပွဲရုံပိုင်ရှင် အမျိုးသမီးတစ်ဦးက ပြောသည်။

ရာသီမမှန်သေးချိန်တွင် ကွမ်းသီးခြောက်ကို နေကောင်းကောင်းလှန်းမရသဖြင့် ထွက်ရှိလာသည့် ကွမ်းသီးမှာ မျက်နှာပြင်မည်းခြင်း၊ မှိုတက်ခြင်း၊ အရောင်မလှခြင်းများဖြစ်သဖြင့်လည်း ဈေးကောင်းမရတာဖြစ်သည်ဟု သရက်ချောင်းမြို့နယ်၊ သရက်နှစ်ခွကျေးရွာမှ ကွမ်းသီးစိုက်တောင်သူ အမျိုးသမီးတစ်ဦးက ပြောသည်။

“ကွမ်းသီးဈေးက ပြောစားလို့တောင် မရဘူး၊ နည်းနည်းတောင် မရောင်းရသေးဘူး၊ ဈေးမကောင်းဘူးဆိုတော့ မရောင်းရသေးဘူး” ဟု အထက်ပါ အမျိုးသမီးက ဆိုသည်။

ပြီးခဲ့သည့်နှစ်က ရာသီစသည့်ကာလတွင် ကွမ်းသီးသစ်များအဝယ်လိုက်ပြီး တစ်ပိဿာလျှင် ငွေကျပ် ၄၀၀၀ ဖြင့် ဈေးစဖွင့်ခဲ့ပြီး ကွမ်းသီးရာသီကုန်ချိန်တွင် တစ်ပိဿာ ၉၅၀၀ ကျပ်ခန့်အထိ ဈေးကောင်းရခဲ့သည်။

ပွဲရုံများက ကွမ်းသီးခြောက်မဝယ်သေးခြင်း၊ မိုးမပြတ်သေးခြင်း၊ ဈေးကျနေခြင်းတို့ကြောင့် အဝယ်လည်း နည်းနေသေးသလို အရောင်းလည်း နည်းနေသေးသည်ဟု ဈေးကွက်အတွင်းမှ သိရသည်။