ပုလောမြို့နယ် KNU စစ်ဆေးရေးဂိတ်ကို စစ်ကောင်စီက ဒရုန်းဖြင့် ထပ်မံတိုက်ခိုက်

0
4113
ဓါတ်ပုံ K-PDF(ပုလော)

မြိတ်ခရိုင်၊ပုလောမြို့နယ်၊ KNU (ကရင်အမျိုးသားအစည်းအရုံး) ထိန်းချုပ်နယ်မြေအတွင်း ဖွင့်လှစ်ထားသည့် စစ်ဆေးရေးဂိတ်ကို စစ်ကောင်စီက ဒရုန်းဖြင့် ထပ်မံတိုက်ခိုက်ခဲ့ကြောင်း ကရင်ပြည်သူ့ကာကွယ်ရေးတပ်မတော် (K-PDF) က ထုတ်ပြန်ခဲ့သည်။

ယင်းသို့ ဒရုန်းဖြင့်တိုက်ခိုက်မှုမှာ ယခုဒုတိယအကြိမ် တိုက်ခိုက်ခံရခြင်းဖြစ်သည်။

စစ်ကောင်စီတပ်ဖွဲ့က အောက်တိုဘာ ၂၀ ရက်နေ့နံနက် ၁၀ နာရီခွဲဝန်းကျင်တွင် စစ်ဆေးရေးဂိတ်အား ဒရုန်းဖြင့် ဗုံးသီး ၄ လုံး ပစ်ချကာ တိုက်ခိုက်ခဲ့သည်ဟု  K-PDF (ပုလော) က ထုတ်ပြန်ထားသည်။

ဗုံးသီး ၄ လုံးပစ်ချမှုကြောင့် လူထိခိုက်ခြင်းမရှိသော်လည်း ဓါတ်တိုင်ဓါတ်ကြိုးများ ပျက်စီးခဲ့သည်ဟု ရေးသားထားသည်။

ပစ်ခံရသည့်ဂိတ်သည် မူးယစ်ဆေးဝါးနှင့် စစ်ကောင်စီထုတ်ကုန်များ KNU ထိန်းချုပ်နယ်မြေအတွင်း မဝင်ရောက်စေရန်အတွက် စစ်ဆေးနေသည့် ဂိတ်တစ်ခု ဖြစ်သည်။

ပြီးခဲ့သည့် အောက်တိုဘာ ၁၃ ရက်နေ့ကလည်း အဆိုပါဂိတ်အား စစ်ကောင်စီတပ်ဖွဲ့မှ ပထမအကြိမ်ဒရုန်းဖြင့် ဗုံးချခဲ့ပြီး K-PDF ရဲဘော်တစ်ဦး ဒဏ်ရာအနည်းငယ်ရရှိခဲ့သည်။

K-PDF နှင့် ပုလောပြည်သူ့ကာကွယ်ရေး မဟာမိတ်တပ်တို့မှလည်း ယခင်လများက စစ်ကောင်စီစစ်ဆေးရေး ဂိတ်ဖြစ်သည့် ပဝတ်ကုန်းကျေးရွာနှင့် နန်းတောင်ကျေးရွာ စစ်ဆေးရေးဂိတ်တို့အား ၂ ကြိမ် ပစ်ခတ်ခဲ့ပြီး စစ်ကောင်စီဘက်မှ ဒဏ်ရာရသူများ ရှိခဲ့သည်။

ယင်းအပြင် အောက်တိုဘာ ၂၀ ရက်နေ့ ညနေ ၆ နာရီခန့်တွင် ပုလောမြို့နယ်၊ တိုကျေးရွာတွင် စခန်းချနေသည့် စစ်ကောင်စီတပ်အား တောကြီးမြွေဟောက်အဖွဲ့နှင့် ပုလော PPDF တို့မှ မိုင်းဆွဲခြင်းနှင့်  အပြန်အလှန်ပစ်ခတ်ခြင်းများ ပြုလုပ်ခဲ့သေးကြောင်း ယင်းအဖွဲ့က ထုတ်ပြန်ကြေညာထားသည်။