တစ်ပတ်အတွင်း ကမ္ဘာ့ရေးရာ

0
3462

ကမ္ဘာ့တစ်ဝန်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် စနေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။

အောက်တိုဘာ ၁၅ ရက်နေ့မှ ၂၁ ရက်နေ့အထိ

ယူကေဝန်ကြီးချုပ် လစ်ဇ်ထရပ်စ် နုတ်ထွက်

ယူကေဝန်ကြီးချုပ် လစ်ဇ်ထရပ်စ်ဟာ ဒေါင်းနင်းလမ်းနေအိမ်ရှေ့ကို ထွက်လာပြီး သူရာထူးက နုတ်ထွက်မယ့်အကြောင်း အောက်တိုဘာလ ၂၀ ရက်နေ့မှာ ကြေညာခဲ့ပါတယ်။

ဘုရင်ကြီးကို သူနုတ်ထွက်မယ့်အကြောင်း အသိပေး အကြောင်းကြားခဲ့ပြီးပြီလို့လည်း သူကပြောပါတယ်။

စီးပွားရေးနဲ့ နိုင်ငံတကာရေးရာတွေမှာ မသေချာမရေရာမှုတွေ အများကြီးရှိနေချိန်မှာ သူဒီရာထူးကို ရယူခဲ့တာဖြစ်ပါတယ်။

သူ့ကို ရွေးချယ်တင်မြှောက်ခဲ့တဲ့ ကွန်ဆားဗေးတစ်ပါတီ ပါတီဝင်တွေကပေးအပ်တဲ့ တာဝန်တွေကနေ ရလဒ်တွေရအောင် ဆက်ထမ်းဆောင်နိုင်စွမ်း မရှိတော့လို့ သူ နုတ်ထွက်မယ်လို့ ပြောခဲ့ပါတယ်။

လစ်ဇ်ထရပ်စ်က ဘုရင်မကြီး အဲလိဇဘက်ထံ ဝန်ကြီးချုပ်ခန့်အပ်လွှာပေးအပ်ခဲ့ပြီး ၂ရက်အကြာ ဘုရင်မကြီးကံကုန်သွားခဲ့သလို ယခုလည်းဝန်ကြီးချုပ် သက်တမ်း ၄၄ ရက်အပြီး မှာ ရာထူးကနေနုတ်ထွက်လိုက်တာဖြစ်ပါတယ်။

Ref: CNN

………………………………..

လူပေါင်း ၁၃၀ ကျော်သေဆုံးခဲ့တဲ့ အင်ဒိုနီးရှားဘောလုံးကွင်း ဖြိုချမယ်

လူအုပ်ပြိုကျမှုနဲ့အတူ ရဲတပ်ဖွဲ့ရဲ့ မီးခိုးဗုံးတွေကြောင့် လူပေါင်း ၁၃၀ ကျော် သေဆုံးခဲ့တဲ့ ဘောလုံးကွင်းကို ဖြိုချပြီး ပြန်လည်တည်ဆောက်သွားမယ်လို့ အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီဒိုဒိုက အောက်တိုဘာ ၁၈ ရက်နေ့မှာ အတည်ပြုပြောကြားလိုက်ပါတယ်။

ဂျိုကိုဝီဟုလူသိများတဲ့ သမ္မတဟာ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် ဖီဖာရဲ့ အကြီးအကဲ ဂျာနီအင်ဖန်တီနိုနဲ့ တွေ့ဆုံပြီးတဲ့နောက် မာလန်းမှာရှိတဲ့ Kanjuruhan အားကစားကွင်းကို ဖြိုချပြီး ဖီဖာ စံနှုန်းအတိုင်း ပြန်လည်တည်ဆောက်မှာပါလို့ နိုင်ငံ့နန်းတော်မှာရှိတဲ့ သတင်းထောက်တွေကို ပြောကြားခဲ့တာဖြစ်ပါတယ်။

ဂျိုကိုဝီနဲ့ အင်ဖန်တီနိုတို့ ဆွေးနွေးပွဲဟာ အင်ဒိုနီးရှား ဘောလုံးကွင်း ဖြစ်ရပ်ဆိုးကြောင့် ဖီဖာ နဲ့ ပူးတွဲအဖွဲ့တစ်ဖွဲ့ဖွဲ့စည်းဖို့ သဘောတူညီခဲ့ပြီးတဲ့နောက် လာမယ့်နှစ် ယူ -၂၀ ကမ္ဘာ့ဖလားပြိုင်ပွဲကို အိမ်ရှင်အဖြစ် လက်ခံကျင်းပရန် ပြင်ဆင်နေချိန်တဲ့အချိန် ဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်။

Ref: CNN

………………………………..

မြောက်ကိုးရီးယားက ကမ်းရိုးတန်းအရှေ့အနောက်ကို အမြောက်ပစ်ခတ်

မြောက်ကိုရီးယားက သူ့နိုင်ငံရဲ့ အရှေ့ဘက်နဲ့ အနောက်ဘက်ကမ်းရိုးတန်းတွေကို အောက်တိုဘာ ၁၈ ရက်နေ့က အမြောက်တွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ တောင်ကိုရီးယားစစ်တပ်က ပြောကြားခဲ့ပါတယ်။

မြောက်ကိုရီးယားက ဒေသစံတော်ချိန်ည ၁၀ နာရီဝန်းကျင်လောက်မှာ အနောက်ဘက်ကမ်းရိုးတန်းပင်လယ်ထဲကို ကျည် ၁၀၀ ခန့်ပစ်ခတ်ခဲ့ပြီး အရှေ့ဘက်ကမ်းရိုးတန်းကို နောက်ထပ်ကျည် ၁၅၀ ကိုထပ်မံပစ်ခတ်ခဲ့တယ်လို့ တောင်ကိုးရီးယားစစ်ဦးစီးချုပ်ရုံးကနေ အောက်တိုဘာ ၁၉ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

“ဆက်တိုက်ဆိုသလိုဖြစ်လာနေတဲ့ မြောက်ကိုရီးယားရဲ့ ရန်စမှုတွေဟာ ကိုရီးယားကျွန်းဆွယ်ရဲ့ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးကိုထိခိုက်စေတဲ့အပြင် နိုင်ငံတကာအသိုက်အဝန်းကိုပါ ထိခိုက်စေတဲ့လုပ်ရပ်တွေပါပဲ” လို့ JCSက ဆိုထားပါတယ်။

မြောက်ကိုရီးယားရဲ့ နျူကလီးယားနဲ့ ဒုံးကျည်ခြိမ်းခြောက်မှုတွေကို တုံ့ပြန်နိုင်ဖို့ တောင်ကိုရီးယားရဲ့ Hoguk ကာကွယ်ရေး စစ်ရေးလေ့ကျင့်မှုကို အောက်တိုဘာ ၁၇ ရက်နေ့မှာ စတင်ခဲ့ပြီးတဲ့နောက် မြောက်ကိုရီးယားရဲ့ နောက်ဆုံးစစ်ရေးလှုပ်ရှားမှုတွေ ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

Ref: Al Jazeera

………………………………..

ကမ္ဘာ့ဖလားပရိသတ်တွေကို စိတ်ရှည်သည်းခံဖို့ ကာတာကို အမေရိကန်တိုက်တွန်း

တစ်လကြာကျင်းပမယ့် ကာတာကမ္ဘာ့ဖလားပြိုင်ပွဲကို လာရောက်ကြည့်ရှုကြမယ့် ဘောလုံးပရိသတ်တစ်သန်းကျော်ကို စီမံခန့်ခွဲရာမှာ စိတ်ရှည်သည်းခံပြီး ပွင့်လင်းမြင်သာမှုရှိဖို့ အမေရိကန်သံအမတ်က အောက်တိုဘာ ၁၈ ရက်နေ့မှာ ပြန်လည်တိုက်တွန်းပြောကြားထားပါတယ်။

လူမြင်ကွင်းရှေ့ မလုံ့တလုံအဝတ်အစားဝတ်တာတွေ စုံတွဲတွေ မသင့်လျော်ဘဲ နေထိုင်တာတွေ လူအများရှေ့အရက်သောက်စားမူးယစ်တာတွေက ကာတာနိုင်ငံရဲ့ ဥပဒေအရ အဖမ်းခံရနိုင်တဲ့ အကြောင်းတရားတွေ ဖြစ်နေတာပါ။

မူလကကာတာနိုင်ငံမှာ တင်းတင်းကျပ်ကျပ် တားမြစ်ထားတဲ့ အများသူငှာ မြင်ကွင်းရှေ့ အရက်သေစာရောင်းချမှုတွေကိုလည်း ယခုကာလအထဲ ရုတ်သိမ်းပေးထားမှာဖြစ်ပြီး ပွဲမစမီနာရီအနည်းငယ်အလိုအထိ အားကစားကွင်းအနီးမှာ ဘီယာရောင်းချခွင့်ကိုလည်း ခွင့်ပြုမယ်လို့ ကာတာအာဏာပိုင်တွေကနေ ပြန်လည်ပြောကြားထားပါတယ်။

ကာတာနိုင်ငံရဲ့ ဥပဒေစည်းမျဉ်းတွေအရ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်တွေကို ကန့်သတ်ထားကာ လိင်တူဆက်ဆံတာကလည်း တရားမဝင်ဖြစ်နေပြီး အိမ်ထောင်မပြုဘဲ လိင်ဆက်ဆံခြင်းကိုလည်း ဥပဒေအရ တားမြစ်ထားပါတယ်။

Ref: Doha News

………………………………..

ဆူဒန်တောင်ပိုင်းတွင် မျိုးနွယ်စုထိပ်တိုက်တွေ့မှုကြောင့် လူ ၁၃ ဦးထပ်မံသေဆုံး

ဆူဒန်တောင်ပိုင်း ဘလူးနိုင်းပြည်နယ်မှာ ယခုသတင်းပတ်အထဲ ထပ်မံဖြစ်ပွားခဲ့တဲ့ လူမျိုးရေးအကြမ်းဖက်မှုတွေကြောင့် အနည်းဆုံးလူ ၁၃ ဦးသေဆုံးပြီး ၂၄ ဦးကျော်ဒဏ်ရာရရှိခဲ့ပါတယ်။

တမ်မြို့အနီး ဝေါ့ဒ်အောင်းမဟီ ဧရိယာမှာရှိတဲ့ မြေယာအငြင်းပွားမှုတစ်ခုမှာ ပြီးခဲ့တဲ့ ကြာသပတေးနေ့က ဟာမေးဂျိလူနှစ်ဦးသေဆုံးခဲ့တယ်လို့ ကုလသမဂ္ဂလူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (OCHA)က အောက်တိုဘာ ၁၇ ရက်က ထုတ်ပြန်ပါတယ်။

ထိုသတ်ဖြတ်မှုတွေက လေးရက်ကြာကြာမြင့်ခဲ့တဲ့ တမ်မြို့ဒေသရှိ ဟောင်းဆာ မျိုးနွယ်စုနဲ့ အခြားမျိုးနွယ်စုတွေကြား ဖြစ်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

ဟောင်းဆာ နှင့် ဟာမေးဂျိလူမျိုးစုတွေကြားတိုက်ခိုက်မှုတွေဟာ ဇူလိုင်လကနေ စတင်ခဲ့ပြီး အောက်တိုဘာလ ၆ ရက်နေ့အထိ လူပေါင်း ၁၄၉ ဦးအထိ သေဆုံးခဲ့တာပါ။

အစီရင်ခံချက်များအရ ခန့်မှန်းခြေလူပေါင်း ၁,၂၀၀ ခန့် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရပြီး တမ်မြို့ရှိစာသင်ကျောင်းတွေနဲ့ ဒုက္ခသည်စခန်းတွေမှာ ခိုလှုံနေကြရတယ်လို့ OCHA ကဆိုပါတယ်။

Ref: The Washington Post

………………………………..

အင်ဒိုနီးရှားမှာ ကျောက်ကပ်ရောဂါတစ်မျိုးကြောင့် ကလေး ၁၀၀ ခန့်သေဆုံး

အင်ဒိုနီးရှားနိုင်ငံမှာ ချောင်းဆိုးပျောက်ဆေးရည်မှာပါဝင်တဲ့ ပစ္စည်းတစ်မျိုးကြောင့် အခုနှစ်အတွင်း ကျောက်ကပ်ရောဂါခံစားခဲ့ရတဲ့ ကလေးငယ် ၁၀၀ နီးပါး သေဆုံးခဲ့တယ်လို့ ကျန်းမာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူက အောက်တိုဘာ ၁၉ ရက်မှာ ပြောကြားလိုက်ပါတယ်။

အောက်တိုဘာ ၁၈ ရက်အထိ အင်ဒိုနီးရှားအာဏာပိုင်တွေဟာ ကလေးငယ်တွေကြားမှာ ကျောက်ကပ်ရောဂါဖြစ်ပွားမှု ၂၀၆ ခုကို တွေ့ရှိခဲ့ပြီး ၉၉ ဦး သေဆုံးခဲ့တယ်လို့ ကျန်းမာရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ မိုဟာမက်ဒ်ဆေယာရေးလ်က ပြောကြားလိုက်တာပါ။

ကြိုတင်ကာကွယ်မှုအနေနဲ့ သုတေသနနဲ့ စုံစမ်းစစ်ဆေးမှု မပြီးမချင်း ဘယ်လိုဆေးအရည်ကိုမှ ဆေးညွှန်းမပေးကြဘဲ ယာယီရပ်ထားပေးဖို့ ကျန်းမာရေးဝန်ကြီးဌာနကနေ ကြေညာထားခဲ့ပါတယ်။

ဂမ်ဘီယာနိုင်ငံမှာတော့ ဒိုင်အက်သလင်းဂလိုက်ကောလ်နဲ့ အက်သလင်း ဂလိုက်ကောလ် ပိုမိုပါဝင်နေတဲ့ အိန္ဒိယနိုင်ငံထုတ် ချောင်းဆိုးပျောက်ဆေးရည်တစ်မျိုးကြောင့် ကလေးငယ် အယောက် ၇၀ သေဆုံးမှုကို စုံစမ်းစစ်ဆေးနေဆဲဖြစ်ပါတယ်။

အင်ဒိုနီးရှားမှာတော့ အဲဒီထုတ်ကုန်တွေ ပြည်တွင်းမှာ မရနိုင်ကြောင်းနဲ့ နိုင်ငံတွင်းမှာ ရောင်းချနေတဲ့ ကလေး ချောင်းဆိုးပျောက်ဆေးရည်တွေ အားလုံးကို တားမြစ်လိုက်ပြီဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ်။

Ref: CNN

………………………………..

ရုရှားသိမ်းယူထားသော ယူကရိန်းနယ်မြေများကို မာရှယ်လောကြေညာ

ရုရှားသမ္မတ ပူတင်က ပြီးခဲ့တဲ့လက သိမ်းယူခဲ့တဲ့ ယူကရိန်းဒေသတွေဖြစ်တဲ့ ဒိုနက်စ်ခ်၊ လူဟန့်စ်ခ်၊ ခါဆန်နဲ့ ဇာပိုရီရှာ တို့မှာ စစ်အုပ်ချုပ်ရေး ဥပဒေ ခေါ် မာရှယ်လောကို အောက်တိုဘာလ ၁၉ ရက်နေ့မှာ ထုတ်ပြန်ကြေညာခဲ့ပါတယ်။

ထိုဒေသတွေကို ရုရှားနိုင်ငံထဲ ထည့်မပေါင်းစည်းရသေးခင် စစ်အုပ်ချုပ်ရေးအာဏာ တည်သွားပြီလို့ ပူတင်က သူ့ရဲ့လုံခြုံရေးကောင်စီအဖွဲ့ဝင်တွေကို ရုပ်မြင်သံကြားကနေ မိန့်ခွန်းပြောကြားရာမှာ ပြောဆိုခဲ့တာပါ။

စစ်အုပ်ချုပ်ရေး ဥပဒေအရ လုပ်ဆောင်ရမဲ့ အရာတွေကို အသေးစိတ် မပြောခဲ့ပေမဲ့ စီးပွားရေး၊ စက်မှုလုပ်ငန်းနဲ့ ကုန်ထုတ်လုပ်မှုတွေ တည်ငြိမ်မှု တိုးမြှင့်စေဖို့ ရည်ရွယ်လုပ်ဆောင်ခဲ့တာလို့ဆိုပါတယ်။

ယူကရိန်းသမ္မတအကြံပေး Mykhailo Podolyak ကတော့ ထိုလုပ်ရပ်ကို ပယ်ချခဲ့ပြီး ယူကရိန်းရှိ ရုရှားတပ်ဖွဲ့တွေကို တန်ပြန်ထိုးစစ်တွေ ဆက်လက် လုပ်ဆောင်သွားမယ်လို့ ပြောကြားခဲ့ပါတယ်။

Ref: CNN

………………………………..

တူရကီကျောက်မီးသွေးမိုင်းပေါက်ကွဲမှု ၄၁ ဦးသေဆုံး

တူရကီနိုင်ငံမြောက်ပိုင်း ဘာတင်ပြည်နယ်မှာ ကျောက်မီးသွေးမိုင်းတွင်း ပေါက်ကွဲမှုကြောင့် ထိခိုက် သေဆုံးသူ ၄၁ ဦးရှိခဲ့ပြီး ဒဏ်ရာရရှိသူ ၁၁ ဦးရှိခဲ့ကြောင်း ကျန်းမာရေးဝန်ကြီး ဖာ့ဟာရာတင် ကိုဂျာက အတည်ပြုပါတယ်။

နိုင်ငံပိုင်တူရကီ Hard Coal Enterprises က ပိုင်ဆိုင်တဲ့ ဒီမိုင်းတွင်းပေါက်ကွဲမှုဟာ အောက်တိုဘာ ၁၄ ရက် မွန်းလွဲပိုင်းလောက်မှာ မိုင်းတွင်းဝင်ပေါက်အောက် မီတာ ၃၀၀ (၉၈၅ ပေ) ဝန်းကျင်မှာ ဖြစ်ပွားခဲ့တာပါ။

ပေါက်ကွဲမှု ဖြစ်ပွားချိန်မှာ မြေအောက် မီတာ ၃၀၀ နဲ့ ၃၅၀ မီတာ အကွာမှာ လူ ၁၁၀ ဦး ခန့်အလုပ်လုပ်နေခဲ့ကြပါတယ်။

ပေါက်ကွဲမှုဟာ ကျောက်မီးသွေးတွင်းတွေမှာ ရှိတတ်တဲ့ မီးလောင်လွယ် မီသိန်း မီးခိုးငွေ့တွေ ကြောင့် ဖြစ်တာလို့ အာဏာပိုင်တွေက ဆိုထားပါတယ်။

Ref: AP

………………………………..

ယူကရိန်း-ရုရှား အကျဉ်းသားလဲလှယ်ရေးတွင် ယူကရိန်းအမျိုးသမီး ၁၀၀ ကျော်ပါဝင်

ယူကရိန်းနဲ့ရုရှား ပထမဆုံး အမျိုးသမီးအကျဉ်းသား လဲလှယ်မှုမှာ ယူကရိန်းအမျိုးသမီး ၁၀၈ ဦး လွတ်မြောက်ခဲ့တယ်လို့ ယူကရိန်းသမ္မတရုံးခန်း ဝန်ထမ်းအကြီးအကဲ အန်ဒရီယာမတ်ခ်က အောက်တိုဘာ ၁၇ ရက်က ကြေညာခဲ့ပါတယ်။

လွတ်မြောက်လာသူတွေထဲမှာ အရပ်သား ၁၂ ယောက် ပါဝင်ပြီး တချို့ဟာ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလမှာ ရုရှားကျူးကျော်မှု မစတင်မီကတည်းက ထောင်ချခံထားရသူတွေ ဖြစ်နေကြတာပါ။

အကျဉ်းသားလဲလှယ်ရေးအစီအစဉ်မှာ အမျိုးသမီးအများစုပါဝင်တဲ့ ယူကရိန်းနိုင်ငံသား ၁၁၀ ဦးကို လွှတ်ပေးရမှာဖြစ်ပြီး ၂ ဦးကတော့ ရုရှားနိုင်ငံထဲ ကျန်ရှိနေသေးပါတယ်။

အလဲအလှယ်အနေနဲ့ ရုရှားနိုင်ငံသား အယောက် ၈၀ ကို ပြန်လွှတ်ပေးရမှာဖြစ်ပြီး ရုရှား အယောက် ၈၀ ထဲမှာ အရပ်သားသင်္ဘောသားတွေနဲ့ စစ်မှုထမ်း အယောက် ၃၀ ဖြစ်ကြောင်း ပြောပါတယ်။

Ref: NDTV

………………………………..

စိန့်နီကိုးလပ်ရဲ့သင်္ချိုင်းဂူနေရာကို တူရကီနိုင်ငံက ဘုရားကျောင်း‌အောက်မှာ ရှာဖွေတွေ့ရှိ

ရှေးဟောင်းသုတေသီတွေဟာ အလယ်ခေတ်အတွင်း မြေထဲပင်လယ်မှာ ပင်လယ်ရေမျက်နှာပြင် မြင့်တက်မှုကြောင့် နစ်မြုပ်သွားခဲ့တဲ့ တူရကီနိုင်ငံက ရှေးဟောင်းဘုရားကျောင်းတစ်ခုရဲ့အပြိုအပျက်တွေကို ဖော်ခဲ့ပြီးနောက် ဆန်တာကလော့စ် (ခရစ်စမတ်ဘိုးဘိုး) လို့ယုံကြည်ထားကြတဲ့ စိန့်နီကိုးလပ်ရဲ့ သင်္ချိုင်းဂူနေရာကို တွေ့ရှိခဲ့ပါတယ်။

စိန့်နီကိုးလပ်ရဲ့သင်္ချိုင်းဂူကိုကာကွယ်ဖို့အတွက် နစ်မြုပ်သွားတဲ့ ရှေးဟောင်း ဘုရားကျောင်းရဲ့ အုတ်မြစ်ပေါ်ကနေ အခြားအရှေ့ရောမအင်ပါယာဘုရားကျောင်း ကို ဆောက်လုပ်ခဲ့တာပါ။

အခုလိုရှာဖွေတွေ့ရှိမှုကြောင့် စိန့်နီကိုးလပ်က တူရကီမှာ နေထိုင်ပြီး သေဆုံးခဲ့တယ်လို့ ဆိုလို့ရပါတယ်။

ရှေးဟောင်းသုတေသီအဖွဲ့က ကျောက်အလွှာတွေရဲ့အောက်မှာ ပုန်းကွယ်နေတာ တွေ့ရတဲ့ ပုံစံတူကျောက်ကြမ်းခင်းမှာ ခရစ်ယာဘုန်းတော်ကြီး စိန့်နီးကိုးလပ်ရဲ့ရုပ်ပုံကားချပ်ကိုလည်း တွေ့ရှိခဲ့ရတယ်လို့ ဆိုပါတယ်။

အေဒီ ၂၇၀ နဲ့ ၃၄၃ ကြား နေထိုင်ခဲ့တဲ့ ကက်သလစ် ခရစ်ယာန်ဘုန်းတော်ကြီး စိန့်နီကိုးလပ်က ဆင်းရဲနွမ်းပါးသူတွေကို ပေးကမ်းရက်ရောတာကြောင့် နာမည်ကြီးပါတယ်။

Ref: Metro

………………………………..