တနင်္သာရီ ဘန်လောရွာတွင် စစ်မှုထမ်းဟောင်းတစ်ဦး အသတ်ခံရ

0
3871

မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်၊ ဘန်လောရွာတွင် စစ်မှုထမ်းဟောင်းတစ်ဦး ဖမ်းဆီးသတ်ဖြတ်ခံရကြောင်း ဒေသခံများထံမှ သိရသည်။

စစ်မှုထမ်းဟောင်းတစ်ဦးဖြစ်သူ အသက် ၄၀ ကျော်အရွယ် ဦးကျော်သူရအား အမည်မသိအဖွဲ့က အောက်တိုဘာလ ၁၈ ရက်က ဖမ်းဆီး ခေါ်ဆောင်သွားခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။

ယင်းနောက်တွင် အသတ်ခံရသည်ဟု သတင်းကြားရကြောင်း ၎င်းတို့က ဆိုသည်။

“ဖမ်းသွားပြီတော့ သတ်ပစ်လိုက်ပြီလို့တော့ ကြားရတယ်” ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

ဦးကျော်သူရသည် စစ်တပ်တွင် ဆေးမှူးအဖြစ်တာဝန်ထမ်းဆောင်ခဲ့သည်ဟု ကြားသိရပြီး ဘန်လောရွာသူနှင့် အိမ်ထောင်ကျကာ ကျေးရွာအတွင်း ဆေးကုနေသည့် ဆေးဆရာတစ်ဦးဖြစ်ကြောင်း ဒေသခံများက ဆိုသည်။

စစ်ကောင်စီတပ်နှင့် ထိတွေ့ဆက်ဆံလေ့ရှိသူဖြစ်သည်ဟုလည်း ဒေသခံအချို့က ပြောသည်။

၎င်းကို တနင်္သာရီပြည်သူ့ကာကွယ်ရေးအဖွဲ့က ရှင်းလင်းလိုက်ခြင်းဖြစ်ကြောင်း ယင်းအဖွဲ့က အောက်တိုဘာလ ၂၀ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

၎င်းသည် စစ်ကောင်စီသတင်းပေးတစ်ဦးဖြစ်ပြီး အကြိမ်ကြိမ်သတိပေးခဲ့သော်လည်း သတင်းပေးမှု ဆက်လက် လုပ်ဆောင်နေသည့်အတွက် အောက်တိုဘာလ ၁၉ရက် ညနေပိုင်းတွင် ရှင်းလင်းလိုက်ကြောင်း ယင်းထုတ်ပြန်ချက် တွင် ဖော်ပြထားသည်။

ဘန်လောကျေးရွာအုပ်စုတွင် စက်တင်ဘာ ၂၈ မှ အောက်တိုဘာ ၁ ရက်အထိ နှစ်ဖက်တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်က တပ်သားအချို့ သေဆုံးကာ အနည်းဆုံး ကျေးရွာ လေးရွာနေပြည်သူများ ဘေးလွတ်ရာ ထွက်ပြေးခဲ့ ကြရသည်။