နိုင်ငံသားမှတ်ပုံတင်နှင့် အိမ်ထောင်စုစာရင်းများစတင်စိစစ်၊ တစ်ခုထက်ပိုသည်များကို ဖျက်သိမ်းရန်စီစဉ်

0
4927
မဲပေးရန်စောင့်ဆိုင်းနေသူ တစ်ဦး

မြန်မာနိုင်ငံသားများ၏ မှတ်ပုံတင်နှင့် အိမ်ထောင်စုစာရင်းများကို ဒီဂျစ်တယ်စနစ်သို့ ပြောင်းလဲမှတ်ပုံတင်ပြီးဖြစ်ရာ စတင်စိစစ်နေပြီး လူတစ်ဦးလျှင် တစ်ခုထက်ပိုသည့် မှတ်ပုံတင်နှင့် အိမ်ထောင်စုရင်းများကို ဖျက်သိမ်းသွားမည်ဖြစ်ကြောင်း လူဝင်မူကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာနထံမှ စုံစမ်းသိရှိရသည်။

မူလက စာရွက်များဖြင့်သာ မှတ်တမ်းထားရှိသဖြင့် စိစစ်ရခက်သော်လည်း လက်ရှိတွင် ဒီဂျစ်တယ်စနစ်သို့ ပြောင်းလဲစာရင်းသွင်းထားပြီဖြစ်ရာ မှတ်ပုံတင်နှင့် အိမ်ထောင်စု စာရင်းများကို ကွန်ပျူတာစနစ်ဖြင့် တိုက်ဆိုက်စစ်‌ဆေးနိုင်ပြီဟု ယင်းဌာနမှ တာဝန်ရှိသူတစ်ဦးကဆိုသည်။

နိုင်ငံသားများ၏ အချက်အလက်များကို ဒီဂျစ်တယ်စနစ်သို့ ပြောင်းလဲလိုက်မှုကြောင့် စိစစ်ရပိုမိုလွယ်ကူသွားသည့်အတွက် စစ်ကောင်စီအနေဖြင့် နိုင်ငံသားတစ်ဦးချင်းကို ပိုမိုစောင့်ကြည့် ထိန်းချုပ်သွားနိုင်မည့် အခြေအနေဖြစ်သည်။

လူတစ်ဦးတွင် မှတ်ပုံတင် သို့မဟုတ် အိမ်ထောင်စု တစ်ခုထက်ပိုပြီး လက်ဝယ်ကိုင်ဆောင် အသုံးပြုနေပါက နိုဝင်ဘာလ ၁ ရက်နေ့နောက်ဆုံးထားပြီး အမှန်တကယ်အသုံးပြုနေသည့် မှတ်ပုံတင် သို့မဟုတ် အိမ်ထောင်စုစာရင်းကို သက်ဆိုင်ရာ မြို့နယ်လဝက ဌာနတွင် သွားရောက်တင်ပြရမည်ဖြစ်သည်။

သတ်မှတ်ရက်အတွင်း လာရောက်တင်ပြခြင်းမရှိပါက နောက်ဆုံးအသုံးပြုခဲ့သည့် မှတ်ပုံတင် သို့မဟုတ် အိမ်ထောင်စုကိုသာ အတည်ယူမည်ဖြစ်ပြီး ကျန်မှတ်ပုံတင် အိမ်ထောင်စုများကို ဖျက်သိမ်းခံရမည်ဖြစ်သည်။

“ကျွန်တော်ကတော့ မှတ်ပုံတင်နှစ်ခုကိုင်ထားပါတယ်။ အိမ်ထောင်စု နှစ်ခုရှိနေပါတယ် စသဖြင့် အချိန်မီလာရောက် သတင်းပို့ရင် ကာယကံရှင်တွေရဲ့ တင်ပြချက်ပေါ်မူတည်ပြီး အဲဒီမှတ်ပုံတင်၊ အိမ်ထောင်စုစာရင်းကို ဆော့ဖ်ဝဲလ်ထဲမှာထားမယ်။ ကျန်တဲ့ဟာကို ဖျက်သိမ်းမယ်” ဟု တနင်္သာရီတိုင်း ပြောရေးဆိုခွင့်ရှိသူ ဝန်ကြီးတစ်ဦးက ဆိုသည်။

ယခင်ကမူ မှတ်ပုံတင် သို့မဟုတ် အိမ်ထောင်စုတစ်ခုထက်ပို ကိုင်ဆောင်ထားပါက အရေးယူလေ့ရှိသော်လည်း နိုဝင်ဘာလ ၁ ရက်မတိုင်မီ လာရောက်ပြင်ဆင်သူများကိုမူ အရေးယူမည်မဟုတ်ကြောင်း ၎င်းကပြောသည်။

မှတ်ပုံတင် သို့မဟုတ် အိမ်ထောင်စုစာရင်း ဖျက်သိမ်းခံရပါက ဖျက်သိမ်းခံလိုက်ရသည့် မှတ်ပုံတင်နံပါတ်ဖြင့် ပြုလုပ်ထားသော ယဉ်မောင်းလိုင်စင်၊ ဘဏ်အကောင့်နံပါတ်၊ အိမ်ပိုင်ဆိုင်မူ၊ အရောင်းအဝယ်စာချုပ်များ၊ နိုင်ငံကူးလက်မှတ် စသည်တို့ပါ အလိုအလျောက် ပယ်ဖျက်ပြီးသား ဖြစ်သွားမည်ဖြစ်ကြောင်း ၎င်းကဆိုသည်။

တနင်္သာရီတိုင်းတွင် နှစ်ပေါင်း ၄၀ ခန့်အတွင်း (၁၉၈၂ နိုင်ငံသားဥပဒေ စတင်အသက်ဝင်သည့်နေ့မှ ယနေ့အချိန်အထိ) မှတ်ပုံတင်ထုတ်ပေးထားသူ ၁၅၈၀၀၀၀ ကျော်ရှိပြီးဖြစ်ကြောင်း တိုင်းလဝက စာရင်းအရ သိရသည်။

ရှုပ်ထွေးလှသည့် လုပ်ထုံးလုပ်နည်းများကြောင့် ကျေးလက်ဒေသနှင့် နယ်မြို့များတွင် နေထိုင်သူများမှာ မှတ်ပုံတင် ပျက်စီးပျောက်ဆုံးပါက အသစ်ထပ်လုပ်လေ့ရှိသဖြင့် မှတ်ပုံတင်တစ်ခုထက်ပိုမို ပိုင်ဆိုင်ထားလေ့ရှိသည်။

ယခု စစ်ကောင်စီက စီစဉ်နေသည့် ကိုင်‌ဆောင်ထားသည့် မှတ်ပုံတင် သို့မဟုတ် အိမ်ထောင်စုစာရင်းများ အချိန်မီအကြောင်းမကြားပါက ဖျက်သိမ်းမည်ဆိုသည့်အပေါ် သိသူနည်းပါးကြသည်။

“အဲဟာတွေ သိလည်းမသိဘူး။ ပြောသံလည်းမကြားရဘူး။ မြို့မှာနေတဲ့ကျွန်မတို့တောင် အဲဒါတွေမကြားရဘူးဆို နယ်မှာနေတဲ့သူတွေဆို ပိုဆိုးမှာပေါ့” ဟု ထားဝယ်မြို့ ဈေးကြီးထဲရှိ ဆိုင်ပိုင်ရှင်တစ်ဦးက ဆိုသည်။

တော်လှန်ရေး အင်အားစုဘက်ကမူ ၎င်းအစီအစဉ်သည် ပြည်သူများကို နှိပ်ကွပ်ဖမ်းဆီးရာတွင် ပိုမိုလွယ်ကူစေရန် လုပ်ဆောင်မှုတစ်ခုသာဖြစ်ကြောင်း ပြောဆိုသည်။