ချောင်းဆိုးပျောက်ဆေးကြောင့် လူသေဆုံးခဲ့မှုနှင့် အိန္ဒိယနိုင်ငံထုတ် ဆေးဝါးများအန္တရာယ်

0
3711

ပြီးခဲ့သည့် (၂၀၁၉) ခုနှစ် ဆောင်းရာသီအတွင်း အိန္ဒိယနိုင်ငံ ဂျမူးဒေသမှ ကလေးငယ် တချို့သည် ထူးဆန်းသော ဝေဒနာဆန်းကြောင့်ဟု ယူဆရသည့် နာမကျန်းမှုများ ဖြစ်ခဲ့ကြသည်။

ကလေးများသည် အအေးမိကာ ချောင်းဆိုး ခဲ့ကြသဖြင့် ချောင်းဆိုးပျောက်ဆေးရည်တစ်မျိုး ကို ဆေးညွှန်းပေးခဲ့သည်ဟု ဒေသခံ ဆရာဝန်များက ပြောကြားသည်။

ချောင်းဆိုးပျောက်ဆေးသောက်ပြီး ပြန်လည်သက်သာလာရမည့်အစား ကလေးများသည် ပြင်းပြင်းထန်ထန် နေမကောင်း ဖြစ်ကြကာ၊ အန်ခြင်း၊ အဖျားတက်ခြင်း၊ ကျောက်ကပ် အလုပ်မလုပ်ခြင်း တို့ ဖြစ်သွားခဲ့ကြသည်။

ယင်းပြဿနာကို အဖြေရ သည့် အခါမှာတွင်ကား အသက် (၂)လမှ (၆)နှစ်ကြား ကလေး (၁၁)ဦး သေဆုံးသွားခဲ့ရပြီး ဖြစ်သည်။

စစ်ဆေးမှုများအရ တွေ့ရှိရသည်မှာ အိန္ဒိယ ဆေးဝါးကုမ္ပဏီ Digital Vision က ထုတ်လုပ်သော ချောင်းဆိုးပျောက်ဆေးရည် (၃)မျိုးတွင် အိမ်သုတ် သင်္ဘောဆေး၊ မင်ရည်၊ ဘရိတ်ဆီ တို့ ထုတ်လုပ်ရာတွင် သုံးသော စက်မှုလုပ်ငန်းသုံး ဓာတုအဖျော်ပစ္စည်း ဒိုင်အီသိုင်လင်းဂလိုင်ကော ခေါ် DEG များ ပါဝင်နေကြောင်း တွေ့ရှိခဲ့ရသည်။

ယင်းသို့ အဆိပ်အတောက်ရှိသော အယ်ကိုဟော ကို သောက်သုံးမိသည့်အခါ ကျောက်ကပ် ပျက်စီးတတ်ပေသည်။

ယခုလ အစောပိုင်းတွင် WHO က ဂမ်ဘီယာနိုင်ငံတွင် ဖြစ်ပွါးသော ကလေး (၆၆) ဦး သေဆုံးမှုနှင့် ဆက်စပ်၍ အိန္ဒိယနိုင်ငံလုပ် ချောင်းဆိုးပျောက်ဆေးရည် (၄) မျိုးကို ကမ္ဘာလုံးဆိုင်ရာအဆင့် သတိပေးချက် ထုတ်ပြန်ခဲ့သည်။

လုပ်ငန်းသက်တမ်း (၃၂)နှစ်ကြာပြီဖြစ်သော Maiden Pharmaceuticals လုပ်ငန်းကြီးက ထုတ်လုပ်သည့် ချောင်းဆိုးပျောက်ဆေးရည် နမူနာများကို ဓာတ်ခွဲခန်းက စစ်ဆေးကြည့်ရာ ဒိုင်အီသိုင်လင်းဂလိုင်ကော နှင့် အခြား အဆိပ်ရှိ အယ်ကိုဟော အီသိုင်လင်းဂလိုင်ကော တို့ လက်မခံနိုင်လောက်စရာ ပမာဏအထိ ပါဝင်နေကြောင်း တွေ့ရှိရသည်။

အဆိပ်အတောက်များ ပါဝင်နေသော ဆေးများနှင့် ကံမကောင်းအကြောင်းမလှ သေဆုံးကြရမှုများက စုစုပေါင်း အမေရိကန်ဒေါ်လာ (၄၂) ဘီလီယံဖိုးတန်သော ဆေးဝါးလုပ်ငန်းကြီးကို သတိထားမိစရာ ဖြစ်လာသည်။

အဆိုပါ ငွေပမာဏသည် အိန္ဒိယပို့ကုန်ဝင်ငွေ၏ ထက်ဝက်ရှိပေသည်။

ကုမ္ပဏီပေါင်း (၃၀၀၀) ကျော်သည် နာမည်ကျော်ဆေးများကို ပုံစံတူကူးထုတ်လုပ်ကာ စျေးသက်သာစွာ ရောင်းချပေးသော ဆေးဝါးများ၊ ဆရာဝန်ဆေးစာမပါဘဲ စတိုးဆိုင်တွင် ဝယ်နိုင်သော ဆေးဝါးများ၊ ထိုးဆေးများ၊ ဆေးဝါးအသုံးပြုကုန်များ ထုတ်လုပ်သော စက်ရုံ တစ်သောင်းခန့်ကို လည်ပတ်နေပြီး အိန္ဒိယသည် ကမ္ဘာ့အကြီးဆုံး ဆေးထုတ်လုပ်သည့် နိုင်ငံများထဲက တစ်နိုင်ငံ ဖြစ်လာသည်။

သို့သော် အိန္ဒိယသည် ဆေးဝါးထုတ်လုပ်ရာတွင် သုံးရသော ဓါတုပစ္စည်းများ၏ (၇၀) ရာခိုင်နူန်းကို တရုတ်ပြည်မှ သွင်းခြင်းဖြစ်သည်။

ကိုယ့်နိုင်ငံအတွင်းမှာပင် ဓာတုပစ္စည်းများ ထုတ်လုပ်နိုင်အောင်လည်း ဆောင်ရွက်လျက် ရှိသည်။

ဝန်ကြီးချုပ် နာရန်ဒြာမိုဒီက အိန္ဒိယကို ကမ္ဘာကြီး၏ ဆေးဆိုင်ဖြစ်အောင် ဦးဆောင်ဦးရွက်ပြုစေရေး ဆောင်ရွက်ခဲ့သည်။

ဆေးများကို ပုံတူပွါး ထုတ်လုပ်နိုင်သော အိန္ဒိယ၏ အစဉ်အလာ ကျွမ်းကျင်မှုက ဆေးဝါးများကို စျေးသက်သက်သာသာဖြင့် ရစေပြီး ကမ္ဘာလုံးဆိုင်ရာ ဆေးထုတ်လုပ်မှု၏ အခြေခံနေရာ ဖြစ်စေခဲ့သည်။

အမေရိက တွင် ရောင်းချနေသော ဆရာဝန် ညွှန်ကြားရန် မလိုသော ဆေးဝါးများနှင့် အာနိသင်တူပုံတူပွါး ထုတ်လုပ်ထားသော ဆေးဝါးများ ၏ (၄၀) ရာခိုင်နူန်း နှင့် ဗြိတိန်တွင် ရောင်းချနေသော ဆေးဝါးအားလုံး၏ လေးပုံတစ်ပုံမှာ အိန္ဒိယမှ လာခြင်း ဖြစ်သည်။

ကမ္ဘာလုံးဆိုင်ရာ HIV တိုက်ဖျက်ရေးတွင် anti-retroviral ဆေးဝါးများ၏ သုံးပုံနှစ်ပုံကို အိန္ဒိယ က ထုတ်ပေးခြင်း ဖြစ်သည်။

အမေရိကန်ပြည်ထောင်စု၏ ပြင်ပတွင် အိန္ဒိယသည် ဆေးဝါး ထုတ်လုပ်စက်ရုံအများဆုံး ဖြစ်ပြီး  စက်ရုံ (၈၀၀) မှာ အမေရိကန်ပြည်ထောင်စု၏ ကျန်းမာရေးနှင့် ဘေးအန္တရာယ် ကင်းရှင်းရေး လိုအပ်ချက်များ ပြည့်မီသည်။

ထိုကဲ့သို့ အောင်မြင်ဖြစ်ထွန်းမှုများဖြင့် ဆေးဝါးလုပ်ငန်းသည် နှစ်စဉ် ၉ရာခိုင်နူန်းဖြင့် တိုးတက်လာနေသည်မှာ ဆယ်စုနှစ် တစ်ခုရှိပြီ ဖြစ်ပြီး ယခုအခါ အရည်အသွေးပြသနာနှင့် ကြီးကြပ်စစ်ဆေးမှု အားနည်းချက်များ ထောက်ပြစွပ်စွဲမှု များပြားလာခဲ့သည်။

အိန္ဒိယသည် ဆေးဝါးအတုများကို နှိမ်နင်းနေရသည့် ပြဿနာရှိကြောင်း အများအပြားက ယုံကြည်ထားကြသည်။

 အဆိုပါ ဆေးများကို အများအားဖြင့် မြို့ငယ်လေးများနှင့် ကျေးရွာများတွင် ရောင်းချနေသည်။ ဆရာဝန်များ နှင့် လူနာများက အရည်အသွေးမမီသော ဆေးများနှင့် ဆေးဝါးအတုများကို တပုံစံတည်းအဖြစ် ယူဆထားကြောင်း လေ့လာသုံးသပ်သူများက ဆိုသည်။

ပြည်နယ်များရှိ အစိုးရပိုင် ဆေးဝါး စစ်ဆေးရေး ဓာတ်ခွဲခန်းများသည် ရန်ပုံငွေ နည်းပါးကာ ဝန်ထမ်းလည်း နည်းပြီး၊ ကိရိယာတန်ဆာပလာလည်း မစုံလင်ပေ။

ကြီးကြပ်စစ်ဆေးမှုများ၊ အရေးယူ မှုများက အားနည်းချက်တွေ ရှိနေသည်။ ၂၀၁၄ ခုနှစ်ကဆိုလျှင် အိန္ဒိယထိပ်တန်း စစ်ဆေးကြီးကြပ်သူ တစ်ဦး ၏ သတင်းစာတစ်စောင်ကို ပြောကြားသော နာမည်ကျော် စကားတစ်ခွန်း ရှိခဲ့သည်။ “အမေရိကန်စံနူန်းကိုသာ ကျွန်တော် လိုက်နာရမယ်ဆိုရင် ဆေးစက်ရုံ အားလုံးကို ကျွန်တော် ပိတ်ပစ်ရပါလိမ့်မယ်” ဟူ၍ ဖြစ်ပေသည်။

၁၉၇၂ ခုနှစ်ကတည်းက ကလေးအများစု ဖြစ်သော လူ (၇၀)ကျော် သည် DEG ဆေးဝါးများနှင့် ဆက်စပ်ပြီး အုပ်စုလိုက် အဆိပ်သင့်မှုများ ဖြစ်ကာ သေဆုံးခဲ့ရပြီး ဖြစ်သည်။

၇ နှစ်ကြာ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီး နောက် ၂၀၁၃ ခုနှစ်တွင် အိန္ဒိယထိပ်တန်း ဆေးဝါးထုတ်လုပ်သည့် Ranbaxy Laboratories က ဒဏ်ငွေ အမေရိကန်ဒေါ်လာ သန်း ၅၀၀ ပေးဆောင်ရန် အမေရိကက ပြစ်ဒဏ်ချမှတ်ခဲ့သည်။

မသင့်လျော်သော ထုတ်လုပ်ပုံ၊ သိုလှောင်ပုံနှင့် ဆေးဝါးစမ်းသပ်မှုများ အတွက် အဆိုပါ အကြီးဆုံး ပုံတူဆေးဝါး ထုတ်လုပ်သည့် ကုမ္ပဏီကို အရေးယူခြင်း ဖြစ်သည်။

၂၀၀၇ ခုနှစ်မှ ၂၀၂၀ ကြား အစိုးရ မှတ်တမ်းများ၏ ထုတ်ပြန်ချက်အရ၊ အိန္ဒိယ ပြည်နယ် ၂၈ ခုနှင့် ပြည်ထောင်စု နယ်မြေ သုံးခုအတွင်းမှ ဆေးဝါးနမူနာ ၇၅၀၀ ကျော်သည် အရည်အသွေး စစ်ဆေးမှု မအောင်မြင်ခဲ့ကာ စံနူန်းမပြည့်မီကြောင်း ကြေညာခံခဲ့ရသည်ဟု အိန္ဒိယဆေးထုတ်လုပ်မှု အမှုဆောင်အဖြစ်မှ ပြည်သူ့ ကျန်းမာရေး ကျွမ်းကျင်သူ ဖြစ်လာခဲ့သူ ဒီနက်ရှ်သာကူရာ ၏ သုတေသနတွင် ဖော်ပြထားသည်။

အဆိုပါ ဆေးဝါးများကို စစ်ဆေး ကြည့်ရာတွင် လိုအပ်သော ဓာတုပစ္စည်းများ မလုံလောက်ခြင်း၊ လူနာ၏ သွေးထဲတွင် ပျော်ဝင်နိုင်သည့် စွမ်းရည် မပြည့်ဝခြင်း သို့မဟုတ် အခြားပစ္စည်းများ ပါဝင်နေခြင်းတို့ တွေ့ရသည်။

ယင်းသို့ စစ်ဆေးကြည့်သည့် နမူနာများသည် ဆေးဝါးများထဲမှ တစ်သုတ်ကို ယူပြီး စစ်ကြည့်ခြင်း ဖြစ်ကာ၊ သောင်းနဲ့ချီသော ဆေးပြားများ၊ ဆေးတောင့်များ၊ ထိုးဆေးများတွင် ယင်းသို့ တွေ့နိုင်ပေသည်။

“ဒီလိုမျိုး မပြည့်မီတဲ့ ဆေးဝါးတွေကြောင့် ထိခိုက်ရတဲ့ လူနာအရေးအတွက်ဟာ ပြီးခဲ့တဲ့ ဆယ်စုနှစ် အတွင်း သိန်းနဲ့ သန်းနဲ့ ချီပါလိမ့်မယ်” ဟု တကယ့်ဆေးဝါးများ ဟု အမည်ရသည့် စာအုပ်ကို ပူးတွဲရေးသားသူ မစ္စတာ သာကူရာ က အိန္ဒိယ ရှိ ဆေးဝါးကွပ်ကဲရေးကို ဝေဖန်ရေးသားခဲ့သည်။

အိန္ဒိယလုပ်ငန်းများသည် ထုတ်လုပ်ရေးဆိုင်ရာ ကောင်းမွန်သော ကျင့်ထုံးများကို မလိုက်နာခြင်းအား စိုးရိမ်မိ ကြောင်း မစ္စတာသာကူရာ က ဆိုသည်။ ဒိုင်အီသိုင်ဂလိုင်ကော အဆိပ်သင့်မှုဖြစ်ရပ်များသည် အိန္ဒိယတွင်သာ မက နိုင်ငံခြားတွင်ပါ ဖြစ်နေကြောင်း၊ အဘယ့်ကြောင့်ဆိုသော် အချို့သော လုပ်ငန်းများက ကုန်ကြမ်းများကို သော်လည်းကောင်း နောက်ဆုံး ရောစပ်မှုကိုသော်လည်း နိုင်ငံခြားစျေးကွက်သို့ မတင်ပို့ခင် စစ်ဆေးရန် ပျက်ကွက် တတ်၍ ဖြစ်ကြောင်း ၎င်းက ဆိုသည်။

“ပြီးခဲ့သည့် ဆယ်စုနှစ်အတွင်း စျေးကွက်ထဲတွင် စံနူန်းမမှီသော အရည်အသွေးအဖြစ် ဆေးဝါးများကို စစ်ဆေးတွေ့ရှိရသဖြင့် စက်ရုံများဟာ ထုတ်လုပ်ရေးဆိုင်ရာ ကောင်းမွန်သော ကျင့်ထုံးများ ဖြစ်တဲ့ အရည်အသွေးနဲ့ ထုတ်လုပ်ရေးဆိုင်ရာ လုပ်ငန်းစဉ်တွေကို လုံးဝ ချိုးဖောက်နေပါတယ်” ဟု မစ္စတာ သာကူရာ က ပြောကြားသည်။

ထို့ပြင် သတင်းအချက်အလက် ရပိုင်ခွင့် ဥပဒေကို အသုံးပြုလျက် စုံစမ်းကြည့်ရာ အိန္ဒိယအစိုးရပိုင် ဆေးဝါး စစ်ဆေးရေး ဓာတ်ခွဲခန်းများသည် အဓိက ကိရိယာတန်ဆာပလာများ မစုံလင်ကြောင်း မစ္စတာသာကူရာ က တွေ့ရှိရသည်။ ဆေးဝါးနမူနာ ရယူရာတွင်လည်း ၁၈၇၅ ခုနှစ် ကိုလိုနီခေတ် ဥပဒေအတိုင်း ဖြစ်နေကာ စုံစမ်းစစ်ဆေး သူများက စျေးကွက်ထဲမှ အရေအတွက် အနည်းငယ်ကို ကောက်ယူ ကြခြင်း ဖြစ်သည်။

စျေးကွက်ထဲမှ အရည်အသွေး မပြည့်မီသော ဆေးများကို ပြန်လည်သိမ်းဆည်းရန်အတွက် ဥပဒေကို ဆွေးနွေး နေသည်မှာ ရာစုနှစ် တစ်ဝက်နီးပါးမျှ ရှိချေပြီ။ “သူ့မှာ လမ်းညွှန်ချက်တွေပဲ ရှိတယ်။

အစိုးရ ကွပ်ကဲစစ်ဆေး သူတွေက အဲဒါတွေ ရှိတာ သိတောင် မသိဘူး။ အိန္ဒိယမှာ ဆေးတစ်မျိုးမျိုးကို လိုက်ပြန်သိမ်းတယ်ဆိုတာ ခင်ဗျား တို့ ကြားဖူးသလား” ဟု မစ္စတာ သာကူရာ က ပြောကြားသည်။

ပြဿနာ၏ ပမာဏကို နားလည်ရန် ခက်ခဲပေသည်။ ကမ္ဘာ့အဆင့်ရှိသော အိန္ဒိယ ဆေးဝါးစက်ရုံများစွာ ရှိပါသည်။ အိန္ဒိယဆေးများကို ယုံကြည်ကြောင်း သမားတော် များက ပြောကြားကြသည်။

ပြီးခဲ့သည့် နှစ်များက ဆေးတမျိုးကို သံသယဝင်ခဲ့ဖူးကြောင်း မွန်ဘိုင်းအခြေစိုက် ဆီးချိုသမားတော် ဒေါက်တာ ရာဟူးဘာဆီ က ပြောကြားခဲ့ဖူးသည်။ နာမည်ကြီးအမှတ်တံဆိပ်ဆေးကို မသုံးတော့ဘဲ စျေးသက်သာသော ပုံစံတူ ဒြပ်ပေါင်းတူ ဆေးတမျိုးကို ပြောင်းသုံးရာမှာ လူနာ၏ ဆီးချိုများ ဆောင့်တက်လာသည်ကို မြင်ခဲ့ရကြောင်း ၎င်းက ဆိုသည်။

အတုများ သို့မဟုတ် အရည်အသွေးမမီသော ဆေးများ မြို့ငယ်များ၊ ရွာများတွင် ရောင်းနေသည်ဟု သံသယရှိကြောင်း ဆရာဝန်ကြီးက ဆိုသည်။

“ဝေးလံခေါင်ဖျားဒေသက လာတဲ့ ကျွန်တော့်လူနာတွေဟာ ဆေးညွှန်းပေးလိုက်တဲ့ ဆေးတွေကို မြို့ကြီးတွေက ဆေးဆိုင်တွေမှာပဲ ခြောက်လစာလောက် ဝယ်ကြတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ ဒေသက ဆေးတွေကို မယုံလို့ပါပဲ” ဟု ဒေါက်တာ ရာဟူးဘာဆီ က ပြောကြားသည်။

ဂမ်ဘီယာနိုင်ငံတွင် ကလေးများ သေဆုံးပြီးနောက် ပြည်ထောင်စုအဆင့် စစ်ဆေးသည့် လုပ်ငန်းများအား ခိုင်မာ အားကောင်းစွာ လုပ်ဆောင်နေကြောင်း၊ ပြည်ပတင်ပို့ ချောင်းဆိုးပျောက်ဆေးရည်များကြောင့် သေဆုံးမှုများကို WHO ထံမှ အသေးစိတ် ကို စုံစမ်းရှာဖွေနေကြောင်း အိန္ဒိယအစိုးရက ဆိုသည်။

အမေရိကန်ပြည်ထောင်စုတွင် ဆေးဝါးဘက်ဆိုင်ရာ ထုတ်ကုန်များကို စစ်ဆေးသည့် FDA က အမေရိကန်ပြည်တွင်း သို့ သွင်းလာသော ဆေးဝါးများ၏ ကုမ္ပဏီများကို စစ်ဆေးထားပြီး သတိပေးချက် များလည်း ထုတ်ပြန်ထားသည်။

ထုတ်လုပ်သည့် ကုမ္ပဏီများသည် မည်သည့်နိုင်ငံမှ ဖြစ်ပါစေ အမေရိကန်လူနာများ အတွက် ထုတ်လုပ်သော ဆေးဝါးများ ဖြစ်သည့်အတွက် အရည်အသွေး မြင့်မား၊ လုံခြုံ ၊ ထိရောက်စေရန်အတွက် တင်းကျပ်သော စံနူန်းများဖြင့် စစ်ဆေးကြောင်း FDA ပြောခွင့်ရ အရာရှိက ပြောကြားသည်။

အချို့တိုင်းပြည်များတွင် အလွန်တင်းကျပ်သော အရည်အသွေး စံနူန်းများရှိသော်လည်း အိန္ဒိယ ဆေးဝါးများသည် အန္တရာယ်ကင်းကြောင်း အမည်မဖော်လိုသော ဆေးဝါးထုတ်လုပ်ရေး လုပ်ငန်းရှင်ကြီးတစ်ဦးက ဆိုသည်။

 “ကျွန်တော်တို့က ဖြစ်သွားတဲ့ ဖြစ်ရပ်တွေကို ကာကွယ်ပြီး ပြောနေတာ မဟုတ်ပါဘူး။ ဒါပေမဲ့ ဒါက ဖြစ်တောင့်ဖြစ်ခဲပါ” ဟု ၎င်းက ဆိုသည်။

သို့သော် မစ္စတာ သာကူရာ ကတော့ ယခုကဲ့သို့ ပြောသည်။

“ဖြစ်တောင့် ဖြစ်ခဲဆိုရင် တစ်ခါလောက်ပဲ ဖြစ်မှာပေါ့။ လူ့အသက်တွေနဲ့ ကစား လို့ မရပါဘူး” ဟု ဆိုလိုက်ခြင်း ဖြစ်သည်။

(Soutik Biswas က BBC အတွက် ရေးသားသည့် ဆောင်းပါးကို Dawei Watch ကဘာသာပြန်ဆိုဖော်ပြပါသည်)

Soutik Biswas