ပစ်ခတ်မှုဖြစ်ပြီးနောက် ကျိုက်ထီးရိုးတောင်သို့ ဘုရားဖူးလာရောက်မှု နည်းပါး

0
4138

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ် ကင်မွန်းချောင်းကျေးရွာရှိ ကျိုက်ထီးရိုးတောင်တက်ဂိတ်အနီး ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီးနောက် ဘုရားဖူးလာရောက်မှု နည်းပါးသွားကြောင်း ဒေသခံတို့ထံမှ သိရသည်။

ကျိုက်ထီးရိုးတောင်တက်ကားဂိတ်အနီး အောက်တိုဘာလ ၁၂ ရက်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ဒေသကာကွယ်ရေး တပ်ဖွဲ့က ဝင်ရောက်တိုက်ခိုက်ပြီးနောက် ပစ်ခတ်မှုဖြစ်ပွားရာ ဘုရားဖူးအမျိုးသမီး သုံးဦးသေဆုံးကာ ၁၇ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

ကျိုက်ထီးရိုးတောင် စတင်ဖွင့်လှစ်သည့်ကာလတွင် ဘုရားဖူးများဖြင့် စည်ကားလေ့ရှိသော်လည်း ပစ်ခတ်မှုကြောင့် ဘုရားဖူးလာသူ မရှိသလောက် နည်းပါးသွားကြောင်း ဒေသခံတို့က ဆိုသည်။

“ပစ်ခတ်မှုဖြစ်ပြီးတော့ ဘုရားဖူးတွေ အတော်နည်းသွားတယ်။ ဆိုင်တချို့လည်း ပိတ်ထားကြတယ် ကင်းမွန်းစခန်းမှာ” ဟု ကင်းမွန်းစခန်းဒေသခံတစ်ဦးက ပြောသည်။

ပစ်ခတ်မှုဖြစ်ပွားပြီးနောက် ကျိုက်ထီးရိုးသို့ ဘုရားဖူးလာခွင့် မပိတ်ထားသော်လည်း ကင်းမွန်းစခန်းနှင့် တောင်တက် ကားလမ်း တစ်လျှောက်တွင် စစ်ကောင်စီတပ်က လုံခြုံရေးတင်းကျပ် ထားကြောင်း ဒေသခံတို့က ပြောဆိုသည်။

“အခုက ဘုရားဖူးတွေ မရှိသလောက် ဖြစ်သွားတော့ ဈေးလည်း ရောင်းမကောင်းတော့ဘူး။ ဒီအတိုင်းဆိုရင် ကျွန်မတို့လည်း အခက်အခဲဖြစ်မယ်” ဟု ကျိုက်ထီးရိုးတောင်ပေါ်မှ ဈေးဆိုင်ပိုင်ရှင် တစ်ဦးက ပြောသည်။

ကျိုက်ထီးရိုး ပစ်ခတ်မှုဖြစ်စဉ်နှင့်ပတ်သက်ပြီး စစ်ကောင်စီနှင့် ဒေသကာကွယ်ရေးတပ်တို့အကြား အပြန်အလှန် စွပ်စွဲနေကြသည်။

ကျိုက်ထီးရိုးဘုရားပွဲတော်သည် သီတင်းကျွတ်လပြည့်နေ့မှစကာ ကဆုန်လပြည့်နေ့အထိ ဖြစ်သည်။

ကျိုက်ထီးရိုးပွဲတော်ကာလတွင် နှစ်စဉ် ဘုရားဖူးပြည်သူ သိန်းချီလာရောက်လေ့ရှိပြီး ဒီဇင်ဘာ၊ ဇန်နဝါရီလများတွင် ဘုရာဖူး လာရောက်မှုအများဆုံးဖြစ်ကြောင်း ဒေသခံတို့ထံမှ သိရသည်။

ကိုဗစ်ကပ်ဘေးကြောင့် မကျင်းပဖြစ်သည့် ကျိုက်ထီးရိုးပွဲတော်များကို ၂၀၂၁ ခုနှစ် ပွဲတော်ရာသီတွင် ပြန်လည်ကျင်းပခဲ့ခြင်းဖြစ်သည်။